2020

ထူးထူးခြားခြား ဒီနှစ်အတွက်က 2020 1/2 ဆိုပြီး နှစ်ဝက်စာရေးပြီးသွားပြီဆိုတော့ အခုက ကျန်တဲ့နှစ်ဝက်စာကို ထပ်ရေးဖို့ပဲ ကျန်တော့တယ်။ ပထမနှစ်ဝက်မှာ covid ရဲ့ သက်ရောက်မှုကြောင့် အလုပ်မှာရော၊ personal ဘက်မှာပါ အဆင်မပြေမှု သောင်းခြောက်ထောင်နဲ့ depression ဝင်သလိုလိုအထိ ဖြစ်ခဲ့ပြီးနောက်ပိုင်း တဖြည်းဖြည်းနဲ့ ပြန်အဆင်ပြေလာတယ်။ ဒါတောင် မထင်မှတ်ထားတာတွေဖြစ်ပြီး သောကတော့ နည်းနည်း ရောက်လိုက်ရသေးတယ်။ ဒါပေမယ့် အားလုံးကို ခြုံကြည့်မယ်ဆိုရင်တော့ ပထမနှစ်ဝက်ထက် သိသိသာသာ အခြေအနေကောင်းသွားတယ်ပဲ ဆိုရမှာပေါ့။

အလုပ်အနေနဲ့ ပြောရမယ်ဆိုရင် covid ကာလကြီးမှာ ဘာ phyiscal event မှ လုပ်ခွင့်မရှိတော့တဲ့အတွက် event software provider တစ်ခုဖြစ်တဲ့ ကိုယ်လုပ်နေတဲ့ company မှာ လအတန်ကြာ ဝင်ငွေတစ်ပြားမှ မရှိအောင် အကြပ်အတည်းဖြစ်သွားတယ်။ Event industry က ဘယ်အချိန်မှ ပုံမှန်ပြန်လည်ပတ်နိုင်မလဲဆိုတာ မှန်းရခက်တဲ့ အနေအထားမှာ company အနေနဲ့ အပြောင်းအလဲတစ်ခုကို မြန်မြန်ဆန်ဆန်လုပ်နိုင်လိုက်တာ တော်တော်လေးမှန်တဲ့ ဆုံးဖြတ်ချက်လို့ ပြောရမှာပဲ။ Physical event တွေအလုပ်မဖြစ်တော့တဲ့အချိန်မှာ Digital event တွေဘက်ကို ကူးဖို့ platform တစ်ခုကို မြန်မြန်တည်ဆောက်လိုက်နိုင်ပြီး အသက်ဆက်လိုက် နိုင်ခဲ့တယ်။ ဝင်ငွေလုံးဝ မရှိလို့ လစာလျော့ထားရတဲ့ အခြေအနေကနေ လုံးဝပုံမှန် အနေအထားကို ခြောက်လအတွင်း ပြန်သွားနိုင်ခဲ့တယ်။ ဒီအတောအတွင်းမှာ တော်တော်လေးပင်ပန်းခဲ့ပေမယ့် ရလာဒ်ကိုပြန်ကြည့်ရင်တော့ စိတ်ကျေနပ်မိတာ အမှန်ပဲ။ အထူးသဖြင့် sffxswitch2020 လို ၅ရက်ဆက်တိုက် ၂၄ နာရီလုံးလုပ်တဲ့ global event မှာ microsoft နဲ့ တစ်ဖက်စီ platform provider လုပ်ခဲ့ပြီး ကိုယ်တွေဘက်အခြမ်းက ပိုပြီး အဆင်ပြေပြေနဲ့ ချောချောမွေ့မွေ့ဖြစ်ခဲ့တာ မြင်ရတော့ စိတ်ချမ်းသာစရာပဲ။ ဒီပွဲအတွက် တစ်လခွဲလောက် စိတ်ပင်ပန်း လူပင်ပန်းနဲ့ တစ်ရက်မှ မနားခဲ့ရကျိုးနပ်ခဲ့တယ်ပဲ ဆိုရမယ်။ တကယ်တော့ ပွဲမတိုင်ခင်ထိက တော်တော်လေးလည်း stress များခဲ့ရတာ။ Frontend ဘက်က ၅ ယောက်အတွက် လိုတဲ့ APIs တွေကို တစ်ယောက်ထဲ ဒိုင်ခံရေးရတာလည်း လက်မလည်အောင်ပဲ။ ကိုယ့်ဘက်ကမပြီးလို့ သူတို့ထိုင်စောင့်နေရတယ်ဆိုတာမျိုး မဖြစ်ရအောင် တတ်နိုင်သမျှ မြန်မြန်လုပ်ရသေးတာ။ Bug report တက်တိုင်း ကိုယ်နဲ့ဆိုင်ဆိုင် မဆိုင်ဆိုင် frontend ပဲဖြစ်ဖြစ် API ပဲဖြစ်ဖြစ် ကိုယ့်ပဲဆွဲထည့်ပြီး စစ်ခိုင်းတဲ့ product manager နဲ့လည်း ခဏခဏသတ်ရသေးတယ်။ နေ့လည်ဘက်ဆို live event တွေရှိလို့ ညသန်းခေါင်မှထပြီး load testing လုပ်ရတာတွေကလည်း တစ်မျိုး။ နောက်ပြီး User တွေအပျင်းထူတာရော၊ Event organiser တွေ provide လုပ်တဲ့ data တွေက မပြည်စုံတာရော၊ ကိုယ့်တွေ application က bug ရှိတာရော တစ်မျိုးစီကနေဖြစ်တဲ့ data ပြဿနာတွေကိုလည်း script ပေါင်းသောင်းခြောက်ထောင်ရေးပြီး ပြန်ပြင်ရတာကရှိသေးတယ်။ အားလုံး ပြီးသွားတဲ့အချိန်မှာ ဘယ်လိုမှ မဟန်နိုင်တော့တဲ့နောက် ခွင့်တစ်ပတ်ယူပြီး နားလိုက်ရတဲ့အဆင့်ပါ ရောက်သွားတယ်။

ပထမနှစ်ဝက်မှာ အိမ်ထဲမှာ ပိတ်မိပြီး depression ဝင်သလိုဖြစ်နေရာကနေ ဒုတိယနှစ်ဝက်မှာ တဖြည်းဖြည်းနဲ့ ပုံမှန်ပြန်ဖြစ်လာတယ်။ အချိန်ကြာလာလို့ အသားကျလာတာလား၊ ဒါမှမဟုတ် အလုပ်တွေ တအားများလာလို့ depression မဝင်အားတာလားတော့ မပြောတတ်ဘူး။ ပြီးတော့ ဒီဖက်မှာ အပြင်ထွက်ချင်တဲ့ အချိန်ထွက်လို့ရသွားတာလည်း ပါမှာပေ့ါလေ။ ဒီနိုင်ငံမှာ အစိုးရရဲ့ ကိုင်တွယ်ပုံ တင်းကျပ်တာရော၊ လူတွေက လိုက်နာမှုရှိတာရောကြောင့် covid ကို နိုင်နိုင်နင်းနင်းထိန်းချုပ်နိုင်တယ်။ နိုင်ငံကသေးတာလည်း ပါမယ်ထင်တယ်။ ပြီးတော့ contact tracing လုပ်ဖို့ အတွက် နိုင်ငံတော်အဆင့် digitize လုပ်ထားတဲ့ data တွေအသင့်ရှိနေတာလည်း အားကျဖို့ကောင်းတယ်။ data ရှိပြီးသားဖြစ်တဲ့အတွက် အခြေအနေပေါ်မူတည်ပြီး tracetogether လိုမျိုး လိုအပ်တဲ့ app တွေကို အချိန်တိုအတွင်း build လုပ်လိုက်ရုံပဲ။ ကိုယ်တွေဆီမှာကျတော့ digitize လုပ်ဖို့နေနေသာသာ စာရွက်ပေါ်က သန်းခေါင်စာရင်းတောင် သေချာမှန်မှန်ကန်ကန် မရှိဘူး။ ဥပမာ၊ နေတာက တာမွေမှာ၊ သန်ခေါင်စာရင်းကျတော့ အရင်နေခဲ့တဲ့ ရန်ကင်းကနေ မထွက်ရသေးဘူးတို့ ဘာတို့ပေါ့။ ဆိုလိုချင်တာက နည်းပညာတွေ ဘယ်လိုပဲကောင်းနေပါစေ၊ data မရှိရင် ဘာမှကိုလုပ်လို့မရဘူး။ ဒီတော့ ကိုယ်တွေနိုင်ငံမှာလည်း နိုင်ငံတော်အဆင့် data platform တစ်ခုမြန်မြန်တည်ဆောက်နိုင်ဖို့ မျှော်လင့်မိတယ်။

နောက်ထပ် covid နဲ့ပတ်သတ်လို့ကတော့ အိမ်ထဲကအိမ်ပြင်ကို သုံးလေးလလောက် မထွက်ပဲနေတဲ့ မေမေ့ကို မထင်မှတ်ပဲ ကူးသွားတာပါပဲ။ ရုံးတက် ဈေးသွားလုပ်နေရတဲ့ အမက စဖျားရာကနေ အနံ့စပျောက်လာတယ်။ အဲဒီအချိန်မှာ ကိုယ့်မြို့နယ်မှာရှိတဲ့ fever clinic နေရာကလည်း ရွေးကောက်ပွဲအတွက် မဲရုံဖြစ်သွားလို့ ပိတ်ထားတယ်။ နှစ်ရက်နေလို့ သူအနံ့ပြန်ရတဲ့ အချိန်မှာ မေမေက အနံ့မရတော့ဘူး ဖြစ်သွားတယ်။ ဒီဘက်မှာ အလုပ်တွေ များနေတဲ့အချိန်မှာ ဒီသတင်းကိုကြားရတော့ တော်တော်လေး စိတ်ဒုက္ခရောက်သွားတာတော့ အမှန်ပဲ။ မိဘနှစ်ပါးလုံးက အသက် ၆၀ ကျော်တွေဆိုတော့ မလွယ်ဘူး။ တစ်ခုခုဆို ကိုယ်က ဘယ်လိုမှ ပြန်လာလို့မရတဲ့ အနေအထားမှာ အတိမ်းအစောင်းဖြစ်သွားမှာတော့ စိုးရိမ်မိတယ်။ တကယ်တမ်း AYA center မှာ သွားစစ်ကြတော့ မေမေတစ်ယောက်ပဲ positive ဖြစ်တယ်။ ကံကောင်းတာတစ်ခုက မေမေ့ကို ဖောင်ကြီးလိုနေရာမျိုးမပို့ပဲ သာကေတက Fortune center ကို ပို့လိုက်တာပါ။ ကိုယ့်ဘက်က ပိုက်ဆံပေးပြီး ရွေးချယ်လို့မရတဲ့ အနေအထားမှာ အဆင်ပြေဆုံးနေရာကို အပို့ခံရတော့ တော်တော်လေး စိတ်အေးလိုက်ရတယ်။ center မဟုတ်တဲ့ အခြားနေရာတွေရဲ့ အဆင်မပြေမှုတွေကို ကြားနေရတော့ အဲလိုနေရာတွေကိုရောက်သွားမှာ ကြောက်ရတယ်။ ရောဂါအပြင်မှာ နေရထိုင်ရ အဆင်မပြေလို့ စိတ်ဆင်းရဲပြီး ပိုဆိုးသွားရင် ပြဿနာပဲလေ။ အိမ်က ကျန်တဲ့သူတွေကတော့ hotel quarantine ဝင်ရပြီးတော့ အိမ်လည်း lockdown ဖြစ်သွားတယ်။ ဒီလိုနဲ့ ၁၁ ရက် အကြာမှာ အားလုံးအဆင်ပြေပြေနဲ့ အိမ်ပြန်ရောက်ကျတော့မှပဲ သက်ပြင်းကောင်းကောင်းချနိုင်တော့တယ်။ ဒီကြားထဲမှာ တကူးတက ဝိုင်းဝန်းပူပန်ပေးကြ သတင်းမေးကြ အကူအညီလိုရင်တောင်းဖို့ ပြောကြတဲ့ သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ စိတ်ထဲ အားရှိတာပေါ့လေ။

ဘာလိုလိုနဲ့ Work from home လုပ်နေတာလည်း အခုဆို ၈လ ကျော်ကျော်လောက်ရှိလာပြီဆိုတော့ တော်တော်လေးလည်း အသားကျနေပါပြီ။ နောက်ပိုင်း ရုံးပြန်တက်ရမယ် ဆိုရင်တောင် မနည်းပြန် အားယူရမလိုဖြစ်နေပြီ။ အိမ်မပြန်ရတာလည်း အခုဆို တစ်နှစ်ကျော်သွားပြီ။ ဒီနှစ်ထဲ ပြန်ဖို့ အကြိမ်ကြိမ် စီစဥ်ခဲ့သေးပေးမယ့် covid ကြောင့် ပျက်တာချည်းပါပဲ။ နောက်ထပ်လည်း အနည်းဆုံး သုံးလေးလလောက်တော့ စောင့်ရဦးမယ်ထင်တယ်။ အခု ကာကွယ်ဆေးတွေ မှတ်ပုံတင်ခွင့်ရလာပြီဆိုတော့ အရင်ကထက်စာရင်တော့ နည်းနည်း နီးစပ်လာပြီလို့ မျှော်လင့်ရတာပါပဲ။ ရန်ကုန်ပြန်မယ်ဆိုလည်း အားလုံးပုံမှန်ပြန်ဖြစ်တော့မှပဲ ပြန်ချင်တယ်။ နှစ်ပတ်သုံးပတ်လောက်ပြန်ရတာကို ဟိုမသွားရ ဒီမသွားရနဲ့ဆိုရင် သိပ်တော့ဟန်မကျလှဘူး။ ရောက်တုန်းရောက်ခိုက် စားချင်တာတွေလည်း လျှောက်စားချင်တယ်။ ဖြစ်နိုင်ရင် ဘော်ဒါတွေနဲ့ ခရီးပါသွားချင်သေးတယ်။ တွေ့ချင်တဲ့သူနဲ့လည်း အေးအေးဆေးဆေး တွေ့ချင်သေးတာကိုး။ အဲတော့ ရန်ကုန်ပြန်ဖို့ကို စောင့်လက်စနဲ့ စိတ်ရှည်လက်ရှည် ဆက်စောင့်ရုံပေါ့။

2020 မှာ ပြန်လှည့်ကြည့်လိုက်ရင် အရင်နှစ်တွေကလို မက်မက်မောမောပြောစရာ ဘာမှသိပ်မရှိလှဘူး။ စိတ်ဒုက္ခတွေ၊ သောကတွေ၊ depression တွေပဲ ပိုများခဲ့တယ်လို့ ပြောလို့ရတယ်။ ဘာပဲဖြစ်ဖြစ် ဒါတွေကို အတတ်နိုင်ဆုံး အဆင်အပြေဆုံးဖြစ်အောင် ကျော်လွှားခဲ့တယ်လို့ပဲ ယူဆပါတယ်။ အရာအားလုံးဟာ အမြဲတမ်း ပျော်စရာကြီးပဲ ဖြစ်နေပါမယ်လို့မှ မရှိတာကိုး။ အကောင်းပဲဖြစ်ဖြစ် အဆိုးပဲဖြစ်ဖြစ်၊ ကြုံရမှာက ကြုံရမှာပဲ။ ဘာပဲဖြစ်နေဖြစ်နေ ဘယ်တော့မှ ကိုယ့်တစ်ယောက်ထဲ ကွက်ပြီးဖြစ်တာ မဟုတ်ဘူးဆိုတဲ့ အသိရယ်၊ တစ်ခုခုဆို ကိုယ်နဲ့ ထပ်တူမဟုတ်တောင် အတိုင်းအတာတစ်ခုအထိ ကိုယ့်အတွက် ဂရုတစိုက်ရှိပေးကြတဲ့ လူတွေရယ် နဲ့တင် ဘဝကြီးက နေပျော်နေပါပြီ။ တတ်နိုင်သမျှတော့ အရာရာကို အကောင်းဘက်ကတွေးဖို့ ကြိုးစားနေတုန်းပေါ့။ အလုံးစုံကို လိုက်ခံစားနေလို့လည်း မဖြစ်တော့ဘူးလေ။ အသက်တွေလည်း မငယ်တော့ဘူး မဟုတ်လား။ နောက်နှစ်ဆို ထိပ်စည်းတောင် ပြောင်းပြီဆိုတော့ကာ။

Show Comments