2021

Covid ကြောင့် 2020 မှာ အဆင်မပြေခဲ့သမျှ 2021 မှာတော့ ပြန်ကောင်းနိုင်ကောင်းရဲ့လို့ မျှော်လင့်ခဲ့ခါမှ "ကျားကြောက်လို့ ရှင်ကြီးခိုး ရှင်ကြီးကျားထက် ဆိုး" ဆိုသလိုပဲ ဒီနှစ်က ပိုတောင် ဆိုးသွားပါသေးတယ်။ Covid ကြောင့် ယိုင်နဲ့နဲ့ဖြစ်နေကြရာကနေ Coup က တစ်ခါတည်း ပွဲသိမ်းပေးလိုက်တယ်။ ကိုယ်က မြန်မာနိုင်ငံထဲမှာ မဟုတ်လို့ Coup ရဲ့ ဒဏ်ကိုတိုက်ရိုက် မခံစားရပေမယ့် သွယ်ဝိုက်ပြီးတော့ အများကြီး ထိခိုက်တာပါပဲ။ ကိုယ်နဲ့ ပတ်သက်တဲ့သူ အတော်များများက မြန်မာနိုင်ငံထဲမှာ ရှိတာကိုး။ အဝေးရောက်နေပေမယ့် ဘယ်တော့များ ဘာထဖြစ်မလဲဆိုပြီး ပူနေရတာလည်း ဒုက္ခတစ်ခုပဲ။ Coup ရဲ့ အစောပိုင်းကာလတွေမှာ live တွေကြည့်ရ မြင်ရတာကိုက အင်မတန် စိတ်ဆင်းရဲစရာ ကောင်းတယ်။ မကြည့်လို့ကလည်း မဖြစ်ဘူး၊ တစ်ခုခုဆို အိမ်ကိုလည်း လှမ်းပြော၊ လှမ်းသတိပေးရသေးတယ်။ Internet တွေကလည်း ပြတ်၊ ငွေလွှဲဖို့ကလည်း အတော်ကို အဆင်မပြေဖြစ်တာ။ ကံကောင်းတာတစ်ခုက အဖေနဲ့ ဖုန်းပြောရင်း လက်ရှိ သတင်းတွေအရ Coup တော့ ဖြစ်တော့မယ်ထင်တယ်ဆိုပြီး နှစ်ရက်အလိုမှာ လိုအပ်တာတွေ ကြိုပြီးလုပ်ထားလိုက်နိုင်တာ အတော်လေး ခံသာသွားတယ်။ Coup ဖြစ်ပြီး တစ်လ၊ နှစ်လလောက်အထိ အလုပ်လုပ်ရတာလည်း စိတ်မပါ၊ မလုပ်လို့ကလည်း မရနဲ့ တော်တော်ဆိုးဝါးပါတယ်။ ဒီကြားထဲ နိုင်ငံခြားမှာ နေပြီး Aircon အောက်မှာထိုင် လေတိုက်နေတဲ့ လူတန်းစားလို့ နေရင်းထိုင်ရင်းနဲ့ အချောင်သမုတ်ခံရသေးတာ။ ဖြတ်သန်းရတာချင်းမတူပေမယ့် ခံစားရတာကတော့ သူ့အတိုင်းအတာနဲ့ သူ ရှိတာပါပဲလေ။

Coup ဖြစ်ပြီး သုံးလလောက်ကြာတဲ့အခါ Covid က တစ်ကျော့ပြန် ခေါင်းထောင်လာတော့ အဖေက Covid ဖြစ်ပါလေရော။ ဒီနှစ်ကျတော့ မနှစ်က အမေဖြစ်တုန်းကလို Covid Center တွေကလည်း မရှိ၊ ဆေးရုံသွားဖို့ဆိုတာကလည်း မလွယ်နဲ့ အတော်ဒုက္ခများတာ။ ဒီလိုနဲ့ ဘယ်မှသွားလို့မရတော့ အိမ်မှာပဲပေါ့။ ဆီးချို၊ သွေးတိုးရောဂါအခံကလည်း ရှိတယ်၊ အသက်ကလည်း ကြီးပြီဆိုတော့ တစ်ခုခုဖြစ်မှာ တော်တော်လေးကြောက်ရတယ်။ Oxygen Concentrator ဝယ်ဖို့၊ မဝယ်ဖို့ကလည်း ခေါင်းခြောက်ရတယ်။ ကိုယ်တွေ ဝယ်ဖို့ကြည့်တဲ့အချိန်မှာ ပစ္စည်းတွေပြတ်ပြီး ဈေးကအတော်တက်နေပြီ။ ဈေးတက်တာ အသာထား၊ တကယ်ဝယ်ဖို့ မှာရင်တောင် စောင့်ရမယ်ပြောတယ်။ ဒီကလှမ်းပို့ရင်လည်း တစ်ပတ်လောက်တော့ စောင့်ရမှာဆိုတော့ ဘာလုပ်ရမှန်းမသိဘူး။ အဖေ့ကြည့်တော့လည်း အရင်လို ဖုန်းတောင်မပြောနိုင်ဘူး၊ မောလို့ဆိုပြီး မှောက်နေရတယ်။ အဆိုးဆုံးကတော့ အစာမဝင်တာပဲ။ အစာမဝင်လေလေ အားပျက်လေလေ ပိုမောလေလေပဲ။ အဲဒါကြောင့် စားချင်တာမှန်သမျှ အကုန် မရရအောင်စီစဥ်ပေးပေမယ့်လည်း လူနာက စားလို့ကို မဝင်ဖြစ်နေတာ။ နောက်ဆုံး ဆရာဝန်ကို အိမ်ပင့်ပြီး အကြောဆေးသွင်းလိုက်တော့မှသာ အစာနည်းနည်းချင်း ပြန်ဝင်သွားတာ။ အဲဒီအချိန်က Covid လူနာကိုကြည့်ပေးဖို့ ဆရာဝန်ကို အိမ်ပင့်ရတာ အတော်ခက်ခက်ခဲခဲပဲ။ သူတို့မှာလည်း PPE တွေဝတ်ရ၊ ပိုးသတ်ရနဲ့ မလွယ်ဘူးလေ။ ကံကောင်းတာရယ်၊ အိမ်ကလူတွေက သေချာဂရုစိုက်ပြီး ပြုစုပေးတာရယ်ကြောင့်သာ အခုလိုသက်သာသွားပြီး အသက်ဘေးကလွတ်သွားတယ် ပြောရမယ်။ ဒါတောင် နောက်တစ်လ၊ နှစ်လလောက်အထိက ပုံမှန် ပြန်မဖြစ်သေးပဲ မောတာကျန်နေသေးတာ။ အဲတုန်းကလည်း ထိုနည်းလည်းကောင်းပဲ။ ကိုယ်ကအနားမှာ မရှိလို့ ဘာမှမလုပ်ပေးနိုင်ပေမယ့် အဝေးကနေ စိတ်ပူနေရတာကလည်း အတော်ကြီးတဲ့ ဒုက္ခတစ်မျိုးပဲ။

နှစ်ကုန်ပိုင်းဖက် ရောက်လာတဲ့အခါကျတော့ ထုံးစံအတိုင်း အလုပ်တွေတအားရှုပ်နေတာနဲ့ လုံးချာလည်လိုက်ပြီး အချိန်ကုန်သွားတယ်။ SFF2021 အတွက် စက်တင်ဘာလ အလယ်လောက်ကတည်းကနေ နိုဝင်ဘာလအလယ်လောက်အထိ မှတ်မှတ်ရရ တစ်ရက်ခွဲပဲ နားလိုက်ရတယ်။ စနေလည်းမရှိ၊ တနင်္ဂနွေလည်းမရှိနဲ့ တောက်လျောက်ကို အလုပ်များတာ။ ပွဲရက်ရောက်ခါနီးလေ အလုပ်ကများလေနဲ့ တကယ့်ပွဲရက်မှာတောင်မှ မပြီးနိုင်မစီးနိုင် လုပ်နေရတုန်း။ ၇၂ နာရီမှာ အိပ်ချိန်က ၈နာရီတောင် မပြည့်ဘူး။ ဖြစ်နိုင်ရင် ကြမ်းပြင်ပေါ်မှာတောင် လှဲအိပ်လိုက်ချင်တဲ့အထိပဲ။ ဘယ်လောက်ထိ ဆိုးလည်းဆိုရင် ပွဲပြီးသွားတဲ့ညကျတော့ ထုံးစံအတိုင်း နိုင်လင်းအောင်တို့နဲ့ video call ပြောနေရင်း အိပ်ပျော်သွားတဲ့အထိ ရုပ်ပျက်စင်းပျက်ကို ဖြစ်ရော (သူတို့ပြောတာတော့ ဟောက်တောင် ဟောက်နေလိုက်သေးတယ်ဆိုပဲ၊ ဟုတ်မဟုတ်တော့ မသိဘူး) ။ ရုံးမှာ ပြဿနာက India ဘက်အခြမ်းပဲ။ သူတို့ဘက်က ပိတ်ရက်ဆို အုပ်လိုက်ကြီး ပျောက်ရော။ အဲလိုနေ့မှာ Deployment ရှိတယ်ဆိုရင် ဒုက္ခများတာပဲ။ တက်သမျှပြဿနာ ကိုယ်နဲ့ဆိုင်ဆိုင် မဆိုင်ဆိုင် ရှင်းပေတော့ပဲ။ ကိုယ့်ကျတော့ ည ၁၁ နာရီဖြစ်ဖြစ် ၁၂ နာရီဖြစ်ဖြစ် အရေးကြီးလို့ ကူပါကယ်ပါဦးဆိုပြီး အသည်းအသန်ရှာတာ။ slack ကို logout ထွက်ထားလည်းမရ။ whatsapp တွေရော၊ နောက်ဆုံး ဖုန်းနံပါတ်ပါ မရမကရှာပြီး ဆက်သေးတာ။ Work From Home စဖြစ်ကတည်းက ဘဝကြီးက မငြိမ်းချမ်းတော့တာ ပြောပါတယ်။

နိုဝင်ဘာလကုန်လောက်မှာမှ တစ်ပတ်ခွင့်ယူပြီး အေးဆေးနားဖြစ်တယ်။ တကယ်တမ်း နားရပြန်တော့လည်း ပျင်းဖို့တော့ကောင်းသား။ Covid ကလည်း ရှိနေသေးတော့ ဘယ်မှလည်း သွားမရ။ ထုံးစံအတိုင်း အခန်းထဲမှာပဲ ရုပ်ရှင်ကြည့်လိုက်၊ game ဆော့လိုက်၊ စာအုပ်ဖတ်လိုက်နဲ့ ပြီးသွားတယ်။ တစ်နှစ်လုံး ပြန်စဥ်းစားကြည့်တော့လည်း ဘယ်မှကို မရောက်တာ။ တကူးတကထွက်တာဆိုလို့ Punggol ဘက်မှာ စက်ဘီးသွားစီးဖြစ်တဲ့ တစ်ခေါက်ပဲရှိတယ်။ ကျန်တာက နှစ်ပတ်တစ်ခါလောက် မြန်မာထမင်းသွားစားတာရယ်၊ တစ်ခါတစ်လေ ရုံးကလူတွေ အိမ်သွားလည်တာရယ် လောက်ပဲရှိတယ်။ ရုံးကလည်း တစ်လနေလို့မှ တစ်ခါ၊ အလွန်ဆုံး နှစ်ခါလောက်ပဲ သွားဖြစ်တယ်။ များသောအားဖြင့်ကတော့ အခန်းထဲမှာပဲ အချိန်ကုန်တာများတယ်။ အဲဒီအကျိုး ကျေးဇူးတွေကြောင့်ပဲ မျက်စိက မျက်မှန်တောင်းချင်လာတယ်။ အစကတော့ ရန်ကုန်ပြန်တော့မှပဲ အေးဆေးလုပ်မယ်လို့ တွေးထားပေမယ့် ခုဒီပုံဆိုရင်တော့ ပြန်စဥ်းစားရမယ့် သဘောပဲ။ ဒီထက် အခြေအနေ နည်းနည်းဆိုးလာရင်တော့ ဒီမှာပဲ လုပ်ရတော့မှာပဲ။ ရန်ကုန်မပြန်ဖြစ်တာလည်း အခုဆို နှစ်နှစ်ကျော်သွားပြီ။ ပြန်ဖို့လမ်းကလည်း မြင်တော့ မမြင်သေးပါဘူး။ အိမ်ကလည်း စိုးရိမ်တတ်တော့ အန္တရာယ်များတယ် ပြန်မလာနဲ့ဦးပဲ ပြောတယ်။ ကိုယ်တိုင်ကလည်း လွတ်လွတ်လပ်လပ် သွားလို့ လာလို့မရရင် မပြန်ချင်သေးဘူး။ ခွေးရူးဆိုတာ ဘာမှပြောရတာမဟုတ်ဘူး။ မဲမဲမြင်ရာ လျှောက်ဆွဲပစ်တာ။ အဲတော့ လက်ဖက်ရည်ဆိုင်လောက်တောင် အေးအေးဆေးဆေးထိုင်မရရင် ပြန်ပြီး ဘာလုပ်မှာလဲ။ ရန်ကုန်မှာ နေတဲ့သူတွေတောင်မှပဲ အချင်းချင်းမတွေ့ဖြစ်ကြဘူး ဖြစ်နေတာ။ ပြီးတော့ ရောက်တုန်းရောက်ခိုက် ခရီးလေးဘာလေးလည်း သွားချင်သေးတာကိုး။

ဘာလိုလိုနဲ့ အသက်တောင် ထိပ်စည်းပြောင်းသွားပြီ။ ငယ်ငယ်တုန်းကတော့ အသက်သုံးဆယ်ဆိုရင် ဘာဖြစ်ချင်တယ်၊ ညာဖြစ်ချင်တယ်ပေါ့။ ခုနေ စဥ်းစားကြည့်တော့လည်း ဘာမှတော့ ဖြစ်မနေသေးတာ အမှန်ပဲ။ သင့်တင့်တဲ့ ပုံမှန်ဝင်ငွေတစ်ခုရှိနေတာကလွဲရင် ထူးထူးခြားခြား ပြောပလောက်တာ ဘာမှမရှိသေးဘူး။ ကိုယ့်အပေါင်းအသင်းတွေထဲက လုပ်ငန်းရှင်တွေ၊ အရာရှိတွေ၊ ကလေးအဖေတွေ၊ အိမ်ထောင်သည်တွေ၊ မိန်းမယူဖို့ ဆိုင်းပြင်းနေတဲ့သူတွေကို ကြည့်ရင်း ကိုယ့်ဟာကိုယ် ပြန်ကြည့်တော့ Big Bag သီချင်းထဲကလို မဆိုင်သလိုပဲ။ နောက်ပြီး ကိုယ့်ဘော်ဒါအရင်းကြီးတွေရဲ့ မင်္ဂလာဆောင်ကို မသွားနိုင်တာတော့ စိတ်မကောင်းဘူး။ ဒီလိုကောင်တွေတောင် မိန်းမရကုန်ပီလားဟဆိုပြီး သူတို့မင်္ဂလာဆောင်မှာ ပြုံးပြုံးကြီး ထိုင်ပြီး တရားကျခွင့် မရလိုက်တော့ဘူးပေါ့။ အခုထိတော့ အပြောတွေက ရွှန်းရွှန်းဝေနေကြတာပဲ။ တကယ်တမ်း တွေ့ဖို့ခေါ်ရင် မိန်းမက မလွှတ်လို့ နောက်တစ်ခေါက်မှ တွေ့ရအောင်ကွာတော့ မဖြစ်လောက်ဖူးထင်တာပဲ။

တစ်နှစ်လုံးမှာ စိတ်ချမ်းသာစရာဆိုလို့ Piano စသင်ဖြစ်တာပဲရှိတယ်။ မနှစ်ထဲက ဝယ်ထားပေမယ့် သင်ဖို့က အဆင်မပြေတာနဲ့၊ မအားတာနဲ့ Youtube ကပဲကြည့်ပြီး တောင်တီးမြောက်တီး လျှောက်လုပ်နေတာ။ ဒီနှစ်ကျမှ ကိုလူပျိုကောင်းမှု အကြောင်းပြုပြီး ဆရာမနဲ့ သေချာစသင်ဖြစ်တယ်။ ဒါတောင်မှ ကြားထဲမှာ အလုပ်မအားလို့ သင်တန်းပျက်၊ သေချာ practice မလုပ်နိုင်လို့ ရောက်သင့်သလောက် မရောက်ဘူး ဖြစ်သွားတယ်။ ဘာပဲဖြစ်ဖြစ် ငယ်ငယ်ထဲက သင်ချင်တာတစ်ခုကို စသင်ဖြစ်လိုက်တာတော့ တော်တော်ပျော်တယ်။ ခုထိတော့ ရုန်းကန်နေရဆဲပဲ။ မကြားဖူးတဲ့ သီချင်းအသစ်ကို notes ဖတ်ပြီးတီးဆိုရင် စာကျက်မထားတဲ့ ကလေးကို စာဆိုခိုင်းသလိုပဲ အထစ်အထစ်နဲ့။ ဆရာမက စိတ်ရှည်လို့ တော်သေးတယ်။

အသက်အရွယ်တစ်ခု ရောက်လာတဲ့အခါ အတွေးအခေါ်တွေက ပြောင်းလာတယ်။ ဖြတ်သန်းရတဲ့ အတွေ့အကြုံအပေါ် မူတည်သလို ရှင်သန်ရတဲ့ ပတ်ဝန်းကျင်အနေအထား အလိုက်ပေါ့။ မှန်တယ် မှားတယ် ဆိုတာကတော့ အချိန်က ဆုံးဖြတ်သွားတာပါပဲ။ အရင်ကဖြစ်ချင်တာတွေ အခုမဖြစ်ချင်တော့သလို အခုဖြစ်ချင်တာတွေကလည်း တကယ်ဖြစ်ချင်မှ ဖြစ်လာမှာကိုး။ ဖြစ်လာရင်လည်း နောင်တရချင်ရနေဦးမှာ။ Covid လို၊ Coup လို မမျှော်လင့်ထားတာတွေကြောင့် စိတ်ဆင်းရဲရတာတွေ၊ ဆုံးရှုံးရတာတွေ၊ နာကျင်ရတာတွေကိုကြည့်ပြီး ဘဝဆိုတာ နေတတ်ရင် ပျော်စရာကောင်းတယ်ဆိုပြီး အမြဲတမ်းအကောင်းမြင်ခဲ့တဲ့ ကိုယ့်ကိုယ်ကို အခုချိန်မှာ အံ့သြမိတယ်။ အခုတော့ ပျော်တယ်၊ မပျော်ဘူးဆိုတာ ဘာမှန်းတောင် မသိဘူးရယ်။ နောက်ဆယ်နှစ်နေရင်တော့ လောကကြီးကို အဆိုးမြင်နေတဲ့ လက်ရှိမိမိကိုယ်ကို ဘယ်လိုမြင်မိမလဲတော့ မပြောတတ်ဘူး။ အရာရာက မတည်မြဲဘူးမဟုတ်လား။

Show Comments