2020 1⁄2

ဘာလိုလိုနဲ့ အခု ဇွန်လကို ရောက်လာခဲ့ပြီဆိုတော့ 2020 တောင် တစ်ဝက်ကျိုးလုနီးပြီ။ ပုံမှန်ဆိုရင် တစ်နှစ်စာကို နှစ်ကုန်မှပဲ ရေးနေကျဖြစ်ပေမယ့် ဒီနှစ်မှာကတော့ နှစ်ဝက်နဲ့ ရေးစရာတွေရှိနေတာကြောင့် ခေါင်းထဲရှိတုန်းမှာ ရေးထားလိုက်တယ်။ တကယ်တော့ 2020 က အဆင်မပြေတာတွေချည်းပဲ ဆက်တိုက်ဖြစ်နေတဲ့ နှစ်ဆိုတော့ တသက်စာမှာ မှတ်မှတ်ရရ ရှိနေလိမ့်မယ်တော့ ထင်ပါတယ်။ ကိုယ်တစ်ယောက်ထဲတင်မကပဲ COVID ကြောင့် တစ်ကမ္ဘာလုံးနီးပါး ဒုက္ခသုတ်ခတွေ များခဲ့ကြတာဆိုတော့ အားလုံးလည်း ထိုနည်းလည်းကောင်းပဲ ဖြစ်မယ်ထင်ပါတယ်။ လူတစ်ယောက်ရဲ့ ပျှမ်းမျှအသက်က 60 ဆိုရင် အခုဆို အဲဒီပျှမ်းမျှအသက်ရဲ့ တစ်ဝက်နီးပါးကို ဝင်လာခဲ့ပြီ။ ဒါပေမယ့် အခုလို စိတ်အလိုမကျမှုမျိုး အရင်က မကြုံဖူးခဲ့တာတော့ အမှန်ပဲ။

နှစ်အစ ဇန်နဝါရီလမှာတော့ ဘာမှထူးထူးခြားခြား သိပ်မှမရှိခဲ့ဘူး။ ပွဲတွေ ပတ်ပြီး တက်ဖြစ်တယ်။ ရုံးကလုပ်တဲ့ Event တစ်ခုရှိတယ်။ ပြီးတော့ ရုံးကလူတွေရဲ့ မင်္ဂလာဆောင်တွေ သွားတယ်။ မှတ်မှတ်ရရ တစ်ယောက်ထဲတောင် ရုပ်ရှင်သွားကြည့်ဖြစ်လိုက်သေးတယ်။ အိမ်မှာထိုင်နေမယ်အစား စိတ်ပြေလက်ပျောက်ဆိုပြီးတော့။ Now & Ever ဒီမှာ လာပြတုန်းက။ တစ်သက်လုံးတစ်ခါမှ တစ်ယောက်ထဲ ရုပ်ရှင်ရုံကိုသွားပြီး မကြည့်ခဲ့ဖူးဘူးလေ။

ဖေဖဝါရီလက စပြီးတော့ ပြဿနာက စတာပဲ။ ဒီမှာ COVID စဖြစ်တယ်။ အစကတော့ ဒီလောက်ထိ ဆိုးဆိုးဝါးဝါးဖြစ်လိမ့်မယ် မထင်တော့ အားလုံးက ပေါ့ပေ့ါပဲ။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ ဆိုးလာတဲ့အခါကျတော့ ရုံးက BCP ဆိုပြီးတော့ နှစ်ဖွဲ့ခွဲလိုက်ပြီး တစ်ပတ်ကို တစ်ဖွဲ့ကရုံးလာ၊ တစ်ဖွဲ့က အိမ်မှာ လုပ်ဆိုပြီး အလှည့်ကျနဲ့ ဖြစ်လာတယ်။ နောက်မမျှော်လင့်တာတစ်ခုက COVID ကြောင့် လူစုလူဝေးလုပ်မရတော့ event industry တစ်ခုလုံးရပ်သွားတယ်။ အဲဒီရဲ့အကျိုးဆက်က Event Solution Provider ဖြစ်တဲ့ ကိုယ်လုပ်နေတဲ့ company ကိုပါ တိုက်ရိုက်လာထိတယ်။ အဲတော့ လစာလျော့တာ တွေဖြစ်လာတယ်။ အဲဒါကနေ အခြေအနေတွေက ပိုဆိုးလာတာကြောင့် Lock down ချလိုက်တော့ အိမ်ထဲမှာပဲ လနဲ့ချီ ပိတ်မိပြီး သောင်တင်ပါလေရော။

အစက မတ်လဆန်းမှာ နိုင်လင်းအောင်တို့နဲ့ ဘန်ကောက်က Green Day ပွဲသွားဖို့ စီစဥ်ထားခဲ့တာ ပျက်သွားတယ်။ လေယာဥ်လက်မှတ်တော့ ဆုံးသွားပေမယ့် ပွဲကတော့ နောက်နှစ်ကိုရွေ့လိုက်လို့ ပွဲလက်မှတ်မဆုံးလိုက်တာ တော်သေးတယ်။ ပြီးတော့ ဧပြီလဆန်းလောက်ကို Annual retreat အနေနဲ့ ပုဂံကိုသွားဖို့ ရုံးကစီစဥ်နေတာလည်း ပျက်သွားတယ်။ သွားဖြစ်ရင် ခွင့်ယူပြီး ရန်ကုန်မှာ ခဏဝင်နေခဲ့မယ် စဥ်းစားထားတာလည်း မဖြစ်တော့ဘူးပေါ့။ ဒါနဲ့ မေလထဲက မွေးနေ့ရှိတဲ့အပတ်မှာ ပိတ်ရက်ဆက်တာ ရှိတာရယ်၊ ရုံးကလည်း မွေးနေ့ကို ခွင့်အနေနဲ့ပေးတော့ နှစ်ရက်လောက် ထပ်ပြီး ခွင့်ယူလိုက်ရင် တစ်ပတ်လောက် အေးဆေးပြန်လို့ရတာလည်း ပျက်တာပါပဲ။ အဲလို ဟိုဟိုဒီဒီသွားဖို့ နေနေသာသာ Lock down ချခါစကဆို အပြင်တောင် နှစ်ပတ်သုံးပတ်လောက် မထွက်ဖြစ်ဘူး။ အိမ်ကလည်း စိတ်ပူတော့ မှာပဲစားခိုင်းတာနဲ့ပဲ စားစရာတောင် ထွက်မဝယ်ဖြစ်ဘူး။ ကိုယ်တိုင်ကလည်း ဘာမှန်းမသိတော့ သိပ်လည်း မထွက်ရဲတာပါတယ်။ အဲတော့ ပုံမှန်ကုန်တာထက် နှစ်ဆပိုကုန်တာပေါ့။

တစ်ရက်တစ်ရက် အိမ်ထဲမှာနေရတာ လနဲ့ချီကြာလာတဲ့အခါမှာ နေရထိုင်ရတာ တော်တော်လေး အဆင်မပြေ ဖြစ်တယ်။ အစတည်းက စိတ်က တည်ငြိမ်နေတာမဟုတ်တော့ တစ်ပူပေါ်နှစ်ပူဆင့်တယ်ပဲ ပြောရမယ်ထင်တယ်။ ပုံမှန်အချိန်တွေတုန်းကတော့ သူ့ဟာနဲ့သူ လည်ပတ်နေတာဆိုတော့ တစ်နေကုန်ရုံးသွား၊ ရုံးကပြန်ရင်ပဲ ညရှစ်နာရီခွဲ၊ ကိုးနာရီဆိုတော့ ကိုယ်လုပ်ချင်တာလေးတွေတောင် မနည်းအချိန်လုပြီး လုပ်ရတာမျိုးလေ။ မနက်ထဖို့လည်းရှိတော့ သိပ်နောက်ကျတဲ့အထိလည်း နေလို့မရဘူး။ တစ်နေကုန်လည်း ရုံးမှာ ပြောဆို၊ စနောက်နေကြတာလည်း ရှိတာပေါ့။ အခုကျတော့ တစ်နေကုန် ကိုယ့်အခန်းထဲမှာပဲ တေမိလိုမျိုး အချိန်ကုန်ရတာများတယ်။ Meeting အတွက် Video call ဆိုတာကလည်း အလုပ်အတွက် လိုအပ်တာလောက်ပဲ ပြောကြတာများတာပေါ့။ ကျန်တဲ့အချိန်တွေကတော့ တစ်ယောက်ထဲ ငေါင်းစင်းစင်း ဖြစ်နေတာများတယ်။ ကြာလာတော့ တစ်ယောက်ထဲ တောင်တောင်အီအီတွေ စဥ်းစားမိပြီး အဆင်မပြေတွေ ဖြစ်ကုန်တော့တာပဲ။ အဲဒီအကျိုးဆက်က နေ့နဲ့ညနဲ့ တဖြည်းဖြည်း မှားလာပြီးတော့ ညဆို ဟိုတွေးဒီတွေးနဲ့ အိပ်မရတွေဖြစ်လာတယ်။ အိပ်တဲ့အချိန်က မနက်သုံးနာရီ လေးနာရီတွေဖြစ်လာတယ်။ မနေ့က စိတ်ထဲ ကြည်ကြည်လင်လင်ရှိနေပေမယ့် ဒီနေ့လည်းကျရော နေရင်းထိုင်ရင်းကို ဘာကိုအလိုမကျမှန်းမသိ ဒေါသထွက်ချင်ထွက်၊ စိတ်ဓါတ်ကျချင်ကျနေပြန်ရော။ နေ့စဥ် ပြောဆိုဆက်ဆံမှုတွေဟာ လူတွေအတွက် ဘယ်လောက်အထိ စိတ်ထွက်ပေါက်ရစေလည်းဆိုတာ ခုမှ နားလည်မိတယ်။ ပြီးတော့ ဒီနေရာမှာ ဘာကိုသွား ကိုယ်ချင်းစာမိလည်းဆိုတော့ အသက်ကြီးတဲ့သူတွေ သူတို့ကို အဖက်လုပ်ပြီး စကားပြောမယ့်သူကို မျှော်တတ်တာလေးကို သတိထားမိတယ်။ လူဆိုတာမျိုးက အသက်ကြီးတယ်၊ ငယ်တယ် မရှိပဲ ဘာရယ်မဟုတ် ပြောနေဆိုနေရတာကိုက စိတ်သက်သာစရာတစ်ခုလို ဖြစ်နေပုံပါပဲ။

အစက Facebook ကို မသုံးပဲ နှစ်နဲ့ချီပြီး Logout ထွက်ထားရာကနေ ခုပြန်သုံးဖြစ်တယ်။ အကြောင်းကတော့ စိတ်ပြေလက်ပျောက်များ ဖြစ်မလားဆိုပြီးပေါ့။ ဒါပေမယ့် စိတ်ပြေလက်ပျောက်ဖြစ်ရတာထက် တစ်ခါတစ်လေ Peer pressure တွေဝင်ပြီး စိတ်မသက်မသာဖြစ်ရတာက ပိုခံရခက်တော့ သိပ်တော့လည်း မတန်လှပါဘူး။ အဲတော့ များသောအားဖြင့် Instagram ကိုပဲ သုံးဖြစ်တာများတယ်။ ရုံးကလူတွေနဲ့လည်း အဲ့မှာပဲ ပြောဖြစ်တာကတစ်ကြောင်း၊ ပြီးတော့ တခြားကိုယ့် Friends ထဲက ကိုယ်နဲ့ close ဖြစ်တဲ့ Circle လေးတစ်ခုလို ရှိနေတာကြောင့်လည်းပါတယ်။ အိပ်မရလို့ ဘာလုပ်သင့်လည်း မေးတုန်းက ဒီလူတွေပဲ အကြံဝိုင်းပေးကြတာ၊ ကျေးဇူးတင်ဖို့ကောင်းတယ်။ သူတို့အကြံပေးသလို တခြားဟာတွေတော့ စမ်းလုပ်ကြည့်ဖြစ်ပေမယ့် တရားတော့ ဖြောင့်ဖြောင့်မမှတ်နိုင်သေးဘူးရယ်။

အခု ဇွန်လကို ရောက်ပြီဆိုတော့ အိမ်ကနေထွက်လာခဲ့တာလည်း တစ်နှစ်တိတိပြည့်ပြီပေါ့။ အစကတော့ ဒီနှစ်ကုန်ရင် အပြီးပြန်ဖို့ စီစဥ်ထားခဲ့ပေမယ့် ခုတော့ ပြန်ဖြစ်တော့မယ် မထင်တော့ဘူး။ ဒါပေမယ့် ပျော်နေလို့ မပြန်တော့တာလား ဆိုတော့လည်း မဟုတ်။ ဘာလုပ်ရမှန်း၊ ဘာလုပ်ချင်မှန်း ကိုယ့်ဘာသာ သေချာမသိတာကြောင့်မို့လို့သာ ဒီတိုင်းဆက်နေလိုက်တဲ့ သဘောဖြစ်မယ်ထင်တယ်။  အရင်က "လက်ရှိလုပ်နေတဲ့ အလုပ်ကိုပဲ တသက်လုံးလုပ်သွားမှာလား" ဆိုတဲ့ မေးခွန်းကို ဘယ်သူမေးမေး စဥ်းစားစရာမလိုပဲ "ဒါပေါ့" လို့ ချက်ခြင်းဖြေလေ့ရှိပေမယ့် အခုတော့ ကိုယ့်ဘာသာ ဒီမေးခွန်းကိုပြန်မေးပြီး အဖြေမရှိသလိုခံစားရတယ်။ ငါအခုလုပ်နေတာက ငါ့ဘဝမှာ ငါလုပ်ချင်တာတွေကော ဟုတ်ရဲ့လားဆိုတာမျိုး ပထမဆုံးအကြိမ် သံသယဝင်မိတယ်။ အဲလိုဖြစ်တာကိုလည်း ကိုယ့်ဘာသာကိုယ် အံ့သြမဆုံးဘူး။ အရင်ကနေ့မအိပ်၊ ညမအိပ်ရူးခဲ့တာကိုး။ အဲတော့ လက်ရှိအလုပ်မလုပ်ချင်တော့ရင် ဘာလုပ်ချင်တာလည်းဆိုပြန်တော့လည်း မသိဘူး။ အရင်က ကိုယ့်ဘေးကလူတွေက သူတို့ဘာဖြစ်ချင်လို့ ဖြစ်ချင်မှန်းမသိဘူးလို့ပြောရင် အရမ်းအသည်းယားတာ။ ကိုယ့်ဘာသာတောင် ဘာဖြစ်ချင်မှန်းမသိမှတော့ ဘေးလူက ဘာလုပ်ပေးလို့ ရမှာတုန်းဟလို့ ပြောနေကျ။ အခုတော့ ကိုယ်တိုင် အဲ့နေရာရောက်တော့မှ အူလည်လည်နဲ့။ ဘာပဲဖြစ်ဖြစ်  လက်ရှိအလုပ်ကို တကယ်ပဲ စိတ်ကုန်လာတာလား၊ အိမ်ထဲပိတ်မိနေလို့ စိတ်ကစဥ့်ကလျားဖြစ်ပြီး ကယောင်ခြောက်ခြားနဲ့ အတွေးချော်တာလား ဆိုတာတော့ အားလုံးပုံမှန်ပြန်ဖြစ်သွားရင် ရှင်းသွားမယ်လို့ မျှော်လင့်ရတာပါပဲ။ ဒါပေမယ့် အဲဒီအားလုံးပုံမှန် ပြန်ဖြစ်မယ့် အချိန်ဆိုတာကလည်း ဘယ်ဆီနေမှန်းတော့ မသိသေးပါဘူးလေ။

Show Comments