တစ်ခါတစ်ခါကျတော့လည်း ရှင်သန်ရတာ ပင်ပန်းတယ်။ ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ လောကကြီးမှာ "နေတတ်ရင် ကျေနပ်စရာပါ" လို့ ပြောကြပေမယ့် အဲလို"နေ"တတ်ဖို့ဆိုတာကလည်း အခက်သားကိုး။ အထူးသဖြင့် လူတွေနဲ့ နေတတ်ဖို့ဆိုတာ ပိုခက်တယ်။ အသက်အရွယ်ကြီးလာလေလေ တွေ့ရကြုံရ စုံလာလေလေ လူတွေအပေါ် နားလည်ရ ခက်လာလေလေပဲ။ တရားကျတယ်ဆိုတဲ့ စကားလုံးကို အသုံးများကြပေမယ့် ကိုယ်တွေအတွက်ကတော့ စိတ်ပျက်တယ်လို့သုံးတာ ပိုမှန်လိမ့်မယ်။ သူငယ်ချင်းတွေပြောနေကျ "မင်းက ခေတ်မှားပြီးမွေးလာတာကိုး" ဆိုတာကို အရင်ကတော့ ဟုတ်သလိုလို ဘာလိုလိုထင်မိပေမယ့် သေချာစဥ်းစားကြည့်ရင် ဘယ်ခေတ်နေနေ လူဆိုတာ ဒီစရိုက် ဒီအချိုးပဲနေမှာဆိုတော့ သီချင်းအဟောင်းကို ပြန်ဆိုသလိုမျိုး အဆိုတော်မတူလို့ ကီးပြောင်းချင် ပြောင်းမယ် သံစဥ်နဲ့ စာသားကတော့ ဒုံရင်းက ဒုံရင်းပဲ။
"မင်းက ခေတ်မှားပြီးမွေးလာတာကိုး" ဆိုတာကို အရင်ကတော့ ဟုတ်သလိုလို ဘာလိုလိုထင်မိပေမယ့် သေချာစဥ်းစားကြည့်ရင် ဘယ်ခေတ်နေနေ လူဆိုတာ ဒီစရိုက် ဒီအချိုးပဲနေမှာ ..
ဒီလိုဆို လူတွေက မင်းကိုဘာလုပ်နေလို့လဲလို့ မေးစရာရှိလာတယ်။ အခုတော့ ဘာမှမလုပ်ပေမယ့် ဘယ်အချိန်မှာ ဘာလုပ်မလဲဆိုတာကို မသိတော့ အမြဲတမ်း သတိထားနေရတာကို မကြိုက်တာ။ ပွင့်ပွင့်လင်းလင်းပြောရရင် လူတွေကို သံသယမျက်လုံးနဲ့ လိုက်ကြည့်မနေချင်ဘူး။ ပင်ပန်းတယ်။ အဲဒါကြောင့်မို့လည်း အခုမှ စတွေ့တဲ့သူတို့၊ သိပ်မရင်းနှီးတဲ့သူတို့ဆိုရင် အရောတဝင်နဲ့ တရင်းတနှီး စကားပြောလေ့မရှိဘူး။ တချို့ကတော့ ဒီကောင်က ဘဝင်ကောင်၊ ကြီးကျယ်လိုက်တာလို့ ထင်မှာပဲ။ ဒါပေမယ့် ကိုယ့်အကျင့်ကိုက လူတစ်ယောက်နဲ့ ရင်းနှီးဖို့ အချိန်ကိုလိုတာ။ အဲလိုအချိန်အတိုင်းအတာ တစ်ခုရောက်ပြီ၊ ကိုယ့်ဘက်က ဒီလူတစ်ယောက်ကို ယုံကြည်လို့ရနိုင်ပြီလို့ ယူဆလိုက်ရင် ခုနကပြောတဲ့ တစ်ဖက်လူအပေါ်ထားတဲ့ သံသယက တဖြည်းဖြည်းနည်းလာတယ်။ နောက်ဆုံး သံသယ မရှိသလောက် အနေအထားဖြစ်သွားတယ်။ အဖေ့စကားငှားသုံးရရင် အဲဒီလူကို ပစ်ယုံလိုက်တယ်ပေါ့။ နည်းပညာစကားနဲ့ ပြောရရင် access control အတွက် whitelisting နဲ့ blacklisting လိုမျိုးပဲ။ whitelisting ဆိုရင် whitelist လုပ်ထားတဲ့ လူတစ်ချို့ကိုပဲ လက်ခံတယ်။ ကျန်တဲ့သူအားလုံးကို လက်မခံဘူး။ blacklisting ဆိုရင် ခုနကဟာရဲ့ ဆန့်ကျင်ဖက် blacklist လုပ်ထားတဲ့ လူတစ်ချို့ကို လက်မခံဘူး။ ကျန်တဲ့သူ အားလုံးကို လက်ခံတယ်ပေါ့။
အဲတော့ များသောအားဖြင့်က ကိုယ်နဲ့အရမ်း မရင်းနှီးတဲ့သူဆိုရင် ယုံကိုမယုံတာဆိုတော့ သိပ်ပြဿနာမရှိလှပေမယ့် ကိုယ် whitelist လုပ်ထားတဲ့ သူတွေထဲက ထဖောက်တော့မှ ငါးပါးကိုမှောက်တာပဲ။ ယုံကြည်မှု အလွဲသုံးစားအလုပ်ခံရတာက အပြောလွယ်သလောက် ခံရတာက အတော်ခက်တာ။ ရင်းနှီးမှုအတိုင်းအတာပေါ်မှုတည်ပြီး သက်ရောက်မှုကလည်း ကွာသေးတယ်။ အဲလိုယုံကြည်မှု အလွဲသုံးစားလုပ်တဲ့နေရာမှာလည်း အမျိုးမျိုးကရှိသေးတယ်။ တစ်ခါတည်းနဲ့ အပြီးပွဲသိမ်းလုပ်သွားတယ်ဆိုရင်က တစ်မျိုး။ ဒါက သူနဲ့ ကိုယ်နဲ့ စာရင်းပြတ်။ ဒီဘဝတော့ ဒီမျှပဲကွာဆိုပြီး တစ်ခန်းရပ်လိုက်လို့ရတယ်။ ရှင်းရှင်းလင်းလင်းပဲ။ အဲလိုမဟုတ်ပဲနဲ့ နောက်ကွယ်ကနေ မသိမသာ ညှောင့်တာမျိုးက ပိုဆိုးတာ။ အဲ့လို မသိသာတော့ အဲ့လူရဲ့ရည်ရွယ်ချက်က ဘာလဲဆိုတာ မှန်းရခက်တယ်။ တမင်တကာလား၊ မရည်ရွယ်ပဲလား၊ အဲတော့ သူကဒီလိုမျိုး ဆက်လုပ်နေဦးမှာလား၊ကိုယ်က မသိချင်ယောင်ဆောင်ပေးလိုက်ရမှာလား၊ စသည်ဖြင့်ပေါ့။ အကောင်းဘက်ကနေတွေးပေးပြီး မရည်ရွယ်ပဲဖြစ်သွားတာပါလေ ဆိုပြီးထားလိုက်ဦးတော့။ လူတစ်ယောက်အပေါ်မှာ ယုံကြည်မှု တည်ဆောက်ဖို့ အချိန်အများကြီးလိုပေမယ့် အဲဒီယုံကြည်မှု ပျက်သွားဖို့က စကားလေးတစ်ခွန်းလောက်ပဲ လိုတာမျိုး။ ဆိုတော့ကာ အဲ့လူနဲ့ ရှေ့ဆက်ပြီး ပေါင်းသင်းဆက်ဆံဖို့က စိတ်မပါလက်မပါတွေ ဖြစ်ကုန်ပါလေရော။ မဖြစ်မနေ ပြောဆိုဆက်ဆံရရင်တောင်မှ ဘယ်တော့ ဘာထဖောက်မလဲဆိုတဲ့ သံသယမျက်လုံးနဲ့ပဲ ကြည့်နေတော့မှာပဲ။ မကောင်းဘူးပေ့ါဗျာ။ စိတ်ထဲမပါပဲ ဟန်ဆောင်ရတာလည်း ပင်ပန်းတာပဲဗျ။
ခက်တာက လူဆိုတဲ့အမျိုးကလည်း ပြောင်းလဲတတ်တာကိုး။ လက်ရှိ ရောက်နေတဲ့ ပတ်ဝန်းကျင်အနေအထား၊ အကြောင်းအရာအခြေအနေကို လိုက်ပြီး ပြောင်းလဲတတ်တာမျိုးဆိုတော့ ပုံသေသတ်မှတ်ဖို့ ဆိုတာလည်း ခက်သား။ တစ်ခုခုကို လိုချင်လောဘတက်လာတဲ့အခါ၊ သြဇာအာဏာကြီးလာတဲ့အခါ၊ ငတ်လာတဲ့အခါ၊ ကျရှုံးသွားတဲ့အခါ အဲလိုအခါပေါင်းများစွာမှာ ငါဆိုဖြစ်လာပြီး တစ်ပါးသူဆိုတာကို အလိုလို ရန်သူအဖြစ်မြင်ပြီး ထင်ရာတွေစိုင်းတော့တာပဲ။ ကိုယ်နဲ့ သိလာတဲ့တောက်လျှောက် ဘာမှမဖြစ်ပေမယ့် တစ်ချိန်ချိန်မှာ အကြောင်းအရာတစ်ခုခုနဲ့ တိုက်ဆိုင်ပြီး နောက်ကျောကို ဓါးနဲ့ ထိုးချင် ထိုးချလိုက်တာမျိုး ဆိုတော့ကာ ပြောရတော့ခက်သား။ အဲတော့ အစကပြောခဲ့သလိုပဲ ဘယ်တော့ ဘာဖြစ်မှန်းမယ် မသိတဲ့ဟာကို အမြဲတမ်းအသင့်အနေအထားနဲ့ စောင့်နေရတာက ပင်ပန်းတာ။ နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ စစ်မြေပြင်မှာ တာဝန်ကျတဲ့ကင်းသမားလိုပဲ အမြဲတမ်း သတိကပ်ထားရတယ်။
ဒါဖြင့်ရင်လည်း ဘယ်သူနဲ့မှ အပေါင်းအသင်းမလုပ်ပဲ ကိုယ့်ဟာကိုယ်နေပါတော့လားလို့ ကပ်သီးကပ်သပ် ငြင်းပါဦးမယ်။ လူပဲဗျာ ဘယ်သူနဲ့မှ အပေါင်းအသင်းမလုပ်လို့တော့ ဘယ်ရပါ့မလဲ။ မဟုတ်ရင် တောထဲသွားနေမှပဲရမယ်။ အဲတော့ လူ့အဖွဲ့အစည်းထဲမှာ နေထိုင်နေသရွေ့ကတော့ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ လူတွေနဲ့တော့ ထိတွေ့ ဆက်ဆံနေရမှာပဲ။ ဟုတ်ပီ၊ ဒါဆို ဘယ်လိုလုပ်မလဲ။ ဘယ်လိုမှလုပ်လို့မရဘူး။ ဒီပြဿနာက Schrödinger's cat problem လိုမျိုးပဲ radioactive ဖြစ်တဲ့ ပစ္စည်းတစ်ခုနဲ့ အတူ ကြောင်တစ်ကောင်နဲ့ အဆိပ်တစ်ပုလင်းကို သေတ္တာတစ်ခုထဲ ထည့်ပိတ်ထားမယ်။ radioactive ဖြစ်တဲ့ ပစ္စည်းရဲ့ atom တစ်ခု decay ဖြစ်တာနဲ့ အဆိပ်ပုလင်းကွဲသွားအောင် လုပ်ထားတယ်။ atom တစ်ခုမှ decay မဖြစ်တာလည်း ဖြစ်နိုင်တယ်။ ဘာမှမဖြစ်ရင်တော့လည်း ဘာမှမဖြစ်ဘူးပေါ့။ တစ်နာရီအကြာမှာ သေတ္တာထဲက ကြောင် အသက်ရှင်လျက်ရှိသေးလားဆိုတာကို ငြင်းသလိုမျိုးပဲ။ သေချင်လည်း သေနေနိုင်သလို ဘာမှမဖြစ်ပဲ အသက်ရှင်လျက်လည်း ရှိနေနိုင်သေးတယ်။ သို့သော် နှစ်ခုလုံးကတော့ ယူဆချက်တွေချည်းပဲ။ အဲ့ဒါက သေတ္တာကိုဖွင့်ကြည့်လိုက်မှ အတည်ပြုလို့ရသလိုပဲ လူဆိုတာလည်း ပေါင်းကြည့်မှ ဘယ်လိုလူမျိုးလဲဆိုတာ သိရတာမျိုးဆိုတော့ မခက်ဘူးလား။ တကယ်တမ်း Schrödinger's cat ကမှ ဖြစ်နိုင်ချေနှစ်ခုပဲရှိတယ်။ အဲဒီ "လူ" ဆိုတာက အခုတစ်မျိုး၊ တော်ကြာတစ်မျိုး၊ အမျိုးမျိုးနဲ့ မရိုးစေရဘူး မဟုတ်လား။