ရောက်နေတဲ့ နိုင်ငံထဲမှာ ပိတ်မိနေလိုက်တာဟာ ဘာလိုလိုနဲ့ နှစ်နှစ်ခွဲနီးပါးလောက် ဖြစ်သွားတယ်။ တကယ်တော့ နိုင်ငံထဲက ထွက်ဖို့မပြောနဲ့ အိမ်ကနေတောင် တစ်ပတ်နေလို့မှ တစ်ခါနှစ်ခါလောက် အပြင်ထွက်ဖြစ်တာ။ ပြီးတော့လည်း ခုထိ Work from home ပဲဆိုတော့ မွန်းကျပ်လွန်းလို့ ရုံးကလူတွေနဲ့ ချိန်းပြီး တစ်လနှစ်ခါလောက် ရုံးကို တကူးတက သွားနေရတယ်။ ခရီးသွားချင်ပေမယ့် (ဖြစ်နိုင်ရင်တော့ ရန်ကုန်ပြန်ချင်တာပေါ့) COVID ငြိမ်မယ့်အချိန်ကို စောင့်ရင်းစောင့်ရင်းနဲ့ ဒီလောက်ကြာသွားတယ်။ ဒီလိုနဲ့ မမျှော်လင့်ပဲ ရုံးကတစ်ယောက်က Penang က သူ့အိမ်ကိုပြန်ရင်းနဲ့ သူပြန်မလာခင် လာလည်ကြဖို့ခေါ်တာနဲ့ ဒီမှာလည်း April လကုန်ပိုင်းမှာ ပိတ်ထားတာတွေ အကုန် ပြန်ပြီးဖြေလျှော့ပေးလိုက်တာနဲ့ တိုက်ဆိုင်တာနဲ့ သွားကြမယ်ဆိုပြီး ဖြစ်သွားတယ်။
ဖြစ်ချင်တော့ ပိတ်ရက်တအားနည်းတဲ့ နိုင်ငံမှာ ရှားရှားပါးပါး ဒီနှစ် မေလထဲ ပိတ်ရက်ရှည်တွေ အတော်များတယ်။ Labor Day နဲ့ Hari Raya ပိတ်တာက စနေ၊ တနင်္ဂနွေနဲ့ ဆက်သွားတော့ လေးရက်ပိတ်သွားတယ်။ တကယ်တမ်း သွားဖို့စီစဥ်တာက အဲဒီပိတ်ရက် လေးရက်မှာ။ ဒါပေမယ့် မြန်မာနိုင်ငံသားတွေက Malaysia သွားဖို့ဆိုရင် Visa လိုတဲ့အခါကျတော့ Visa လျှောက်ဖို့ အရင်လုပ်ရသေးတယ်။ Visa လျှောက်တာကလည်း Processing time က 6-7 working days ဆိုတော့ လေးရက်ဆက်ပိတ်ရက်ကို ဘယ်လိုမှမမှီတော့ဘူး။ အဲလိုပိတ်ရက်တွေ ဆက်သွားတာကြောင့်ပဲ Visa ကလည်း ဆယ်ရက်လောက်နေမှ ရတယ်။ အဲလိုကြာနေတော့ အတူသွားမယ့်အထဲက တစ်ယောက်က မစောင့်နိုင်တော့ပဲ နောက်တစ်နေရာကို သူ့အစီအစဥ်နဲ့ သူသွားဖြစ်သွားတယ်။ ကိုယ်နဲ့ ကျန်တဲ့နောက်တစ်ယောက်နဲ့ကတော့ Vesak Day (ကဆုန်လပြည့်နေ့) နဲ့ ကပ်ပြီး သုံးရက်ဆက်ပိတ်တဲ့ အပတ်ကျတော့မှ သွားဖို့စီစဥ်ဖြစ်တယ်။ အဲလိုပိတ်ရက်ဆက်နေတော့ ထုံးစံအတိုင်း သောကြာနဲ့ စနေနေ့တွေမှာ လေယာဥ်လက်မှတ်ဈေးတွေက အတော်များနေလို့ အသက်သာဆုံးဖြစ်တဲ့ တနင်္ဂနွေနေ့ညကို ရွေးဖြစ်သွားတယ်။ ဒါတောင် ပုံမှန်ဈေးထက်တော့ များနေတုန်းပဲ။ အဲ့မှာ တစ်ပတ်လောက်နေမယ်၊ သုံးယောက်လုံးအားတဲ့ ဗုဒ္ဓဟူးနေ့တစ်ရက်လောက်ပဲ ခွင့်ယူမယ်။ ကျန်တဲ့နေ့တွေ ဟိုကပဲ အလုပ်လုပ်မယ်ပေါ့။ လည်ဖို့က နှစ်ရက်လောက်ဆို လုံလောက်ပါတယ်။ အဓိကက အစားအသောက်တွေ စားချင်တာဆိုတော့ ထမင်းစားချိန် သွားစားလိုက်၊ အလုပ်ပြန်လုပ်လိုက်၊ ရုံးဆင်းတော့ ညဘက်တစ်ခေါက် ပြန်ထွက်ပြီး ညစာစားလိုက်ပေါ့။
ဒီခရီးမှာ သဘောကျတာ တစ်ခုက ဘာဆိုဘာမှ စီစဥ်စရာမလိုတာပဲ။ ရန်ကုန်မှာတုန်းက သူငယ်ချင်းတွေနဲ့ ခရီးသွားရင် များသောအားဖြင့် ကိုယ်ပဲ စီစဥ်ဖြစ်တာများတယ်။ ကားလက်မှတ်၊ Hotel booking၊ စားဖို့သောက်ဖို့ စသဖြင့်ပေါ့။ ဒီတစ်ခါတော့ ဘာဆိုဘာမှကို စီစဥ်စရာမလိုဘူး။ လာလည်ဖို့ ဖိတ်တဲ့သူကပဲ အကုန်စီစဥ်သွားတယ်။ နေဖို့ Airbnb ငှားတာ၊ နေတဲ့တစ်လျှောက်လုံး သွားဖို့လာဖို့ ကားစင်းလုံးငှားတာကနေ (မောင်းတော့လည်း သူကိုယ်တိုင်ပဲ တောက်လျှောက်မောင်းပို့တာပဲ) ဘယ်နေ့ ဘယ်အချိန်မှာ ဘယ်သွားပြီး ဘယ်ဆိုင်မှာ ဘာစားမယ်ဆိုတာအထိ Google sheet နဲ့ ပို့ပေးထားပြီးသား။ Project Manager မို့လို့လားတော့မသိဘူး Planning ကတော့ တော်တော်လေးစနစ်ကျတယ်။ ကိုယ်တွေစီစဥ်တယ်ဆိုတာ သူနဲ့ယှဥ်ရင် စီစဥ်တယ်လို့တောင် မခေါ်တော့ဘူးဖြစ်သွားတယ်။
တကယ်တော့ Penang ကို လွန်ခဲ့တဲ့ ခြောက်နှစ်လောက်က တစ်ခေါက်ရောက်ဖူးတယ်။ ဒါပေမယ့် အဲဒီတုန်းက ရုတ်တရက် သွားမယ်ဆိုပြီး ထသွားကြတာရယ်၊ ပြီးတော့ တစ်ခါမှမရောက်ဖူးတဲ့ သူတွေ စုပြီးသွားကြတာရယ်၊ ညနေဘက်ရောက်၊ ညအိပ်ပြီး နောက်နေ့တစ်နေကုန်နေ၊ ညဘက်ပြန်ဆိုတော့ အချိန်ဘာမှ မကြာလိုက်ဘူး။ အဲလိုအချိန်မရှိတာတောင်မှ ဘယ်သွားရမှန်းမသိလို့ George Town မှာ လမ်းပတ်လျှောက်နေခဲ့ကြသေးတယ်။ အဓိက နာမည်ကြီးတဲ့ Street food (Hokkien dishes) တွေလည်း ဘာမှ မစားဖြစ်ခဲ့ဘူး။ အဲဒီတုန်းက Penang ရောက်ပြီး ညစာကို Subway က Sandwish စားခဲ့တာကို ပြန်သတိရပြီး ပြုံးမိသေးတယ်။ ဒီတစ်ခါ မြို့ခံပါတယ်ဆိုတော့ အစားအသောက်ကိစ္စက ပူစရာမလိုဘူး။ ဆိုင်မှာ မှာရတာကအစ တစ်ချို့ အင်္ဂလိပ်စကားကောင်းကောင်း မပြောတတ်တဲ့ဆိုင်ရှင်တွေနဲ့ဆို ကိုယ်တွေနဲ့က အတော်လေးတိုင်ပတ်မှာ။ အခုတော့ သူပဲ တရုတ်ဆိုင်ဆို တရုတ်လိုပြော၊ မလေးဆိုင်ဆို မလေးလိုပြော၊ ပြီးတော့ ကိုယ်တွေကို အင်္ဂလိပ်လိုပြန်ပြောနဲ့ အတော်လေး အဆင်ပြေတယ်။ များသောအားဖြင့် သူ ညွှန်းပေးတာတွေပဲ စားဖြစ်တာများပါတယ်။
ည၁၁နာရီ ကျော်ကျော်လောက် လေယာဥ်ဆိုက်၊ အထုပ်တွေဘာတွေချပြီး George Town ထဲက Love Lane ဘက်ကို တစ်ခေါက်လျှောက်ကြည့်ဖြစ်လိုက်သေးတယ်။ နောက်နေ့မနက် ၈နာရီမှာ Ipoh ဘက်ထွက်လာခဲ့ကြတယ်။ ညက အိပ်ရေးမဝထားတော့ ကားပေါ်မှာ အိပ်ပြီးပါသွားလိုက်တာ မနက်စာစားဖို့ရပ်တော့ တစ်ခါထ၊ ပြီးတော့ ပြန်အိပ်နဲ့ ရောက်ခါနီးမှ နိုးတော့ စိတ်ထဲ သိပ်မဝေးဘူးထင်တာ၊ အချိန်ကိုလည်း သတိထားပြီး မကြည့်မိလိုက်တာ ပါမှာပေါ့။ အပြန်ကျတော့မှ တော်တော်နဲ့ မရောက်နိုင်ဘူး၊ နောက်မှ နှစ်နာရီခွဲလောက် မောင်းရတဲ့ ခရီးမှန်း သိတော့ ကိုယ်တိုင်မောင်းပို့တဲ့သူကို အားတောင်နာတယ်။ Ipoh မှာ အဓိက သွားစရာက သဘာဝအလျောက်ဖြစ်တည်နေတဲ့ လှိုဏ်ဂူကြီးတွေမှာ တည်ထားတဲ့ Temple တွေပဲ။ ဒါပေမယ့် အချိန်ရလောက်ပဲ သွားရတာဆိုတော့ Qing Xin Ling Leisure & Cultural Village နဲ့ Kek Lok Tong Temple နှစ်နေရာလောက်ပဲ ရောက်ဖြစ်တယ်။ ဒါတောင် ဒုတိယနေရာရောက်တော့ မိုးတွေသည်းလာလို့ အောက်ဘက်က ဥယျာဥ်ဘက်ကို မသွားလိုက်ရဘူး။
အဲဒီနှစ်နေရာကနေပြန်ထွက်တော့ နေ့လည်နှစ်ချက်ထိုးနေပြီ။ နေ့လည်စာကို Ipoh မှာ နာမည်ကြီးတဲ့ Beansprout Chicken Rice (ကြက်ဆီထမင်းနဲ့ ပဲပင်ပေါက်) စားဖြစ်တယ်။ ပြီးတော့ Tau Fu Fah လို့ခေါ်တဲ့ (မြန်မာလိုတော့ တိုဖူးလို့ပဲခေါ်ရမယ်ထင်တယ်) အချိုပွဲလိုဟာ သွားစားဖြစ်တယ်။ လူတန်းအရှည်ကြီးနဲ့ တော်တော်စောင့်ရတယ်။ ဒါပေမယ့် စောင့်ရကျိုးနပ်တယ်ပဲ ပြောရမယ်။ ပူပူနွေးနွေး အိအိလေးနဲ့ တော်တော်လေး အရသာရှိတယ်။ ခရီးတစ်လျှောက် အကြိုက်ဆုံးအစားအစာထဲက တစ်ခုပဲ။
နောက်တော့ Ipoh ရဲ့ နာမည်ကြီး Concubine Lane ထဲ လျှောက်ကြည့်ဖြစ်တယ်။ တစ်မြို့လုံးမှာ လူအစည်ဆုံးနေရာလို့တောင် ပြောရမယ်။ ပြီးတော့ အဲ့နားတစ်ဝိုက်က Mural Art တွေပတ်ကြည့်ရင်း Tatto ဆိုင်တွေ့တော့ အတူသွားတဲ့တစ်ယောက်က ဝင်ကြည့်ရအောင်ဆိုတာနဲ့ ဝင်ကြည့်ဖြစ်တယ်။ ဘယ်လိုလုပ်လည်း စပ်စုချင်တာရယ်၊ လက်ပေါ်မှာဆို ဘယ်လိုနေမလဲသိချင်တာရယ်ကြောင့် Temporary tatto တစ်ခုထိုးဖြစ်လိုက်တယ်။ ဘာရယ်မဟုတ်ဘူး။ အတွေ့အကြုံတစ်ခုပေါ့။ ထိုးတယ်ဆိုတာထက် လက်ပေါ်မှာ Outline ပါတဲ့ Sticker ကပ်ပြီး အဲဒီ Outline အတိုင်း မှင်ဖြည့်ပေးလိုက်တာပါပဲ။ ဈေးကလည်း 15 MYR ဆိုတော့ မြန်မာကျပ်နဲ့ဆို 6000 ကျော်ကျော်လောက်ပဲ ကျတယ်။ ဒီဈေးနဲ့ ဒီလောက်ပဲရမှာပေါ့လေ။ သုံးရက်လောက်ကြာတော့ မှိန်သွားတာပါပဲ။
ဒီလိုနဲ့ Ipoh ကပြန်ရောက်တော့ ညနေအတော်လေး စောင်းနေပြီ။ ညစာကို တကူးတကထွက်မစားတော့ပဲနဲ့ အိမ်နားမှာပဲ အဆင်ပြေတာစားမယ်ဆိုပြီး လျှောက်ကြည့်တော့ မမျှော်လင့်ပဲ Shesha ဆိုင်သွားတွေ့တယ်။ အဲ့ဆိုင်မှာပဲ ရတာစားပြီး Shesha သောက်ဖြစ်သွားတယ်။ ရန်ကုန်မှာတော့ Shesha တစ်အိုး ဘယ်လောက်ပေးရတယ် မသိတော့ပေမယ့် ဒီမှာတော့ 16 MYR၊ မြန်မာကျပ်နဲ့ဆို 7000 နီးပါးလောက်ပဲပေးရတယ်။ အစားအသောက်ကတော့ အတော်လေးညံ့ပေမယ့် အာရုံက Shesha ကိုရောက်နေတာနဲ့ ဘယ်လိုစားလိုက်မှန်းတောင် မသိပါဘူး။
နောက်ရက်ကျတော့ အလုပ်ပြန်ဖွင့်ပြီဆိုတော့ နေတဲ့နေရာကနေပဲ အလုပ်လုပ်၊ စားတဲ့အချိန်ကျတော့ အပြင်ထွက်စားပေါ့။ အထူးသဖြင့်တော့ Hokkien အစားအစာ တွေပဲလိုက်စားဖြစ်တာများပါတယ်။ ဒါပေမယ့် အကြိုက်ဆုံးကို ပြောပါဆိုရင်တော့ Char Kway Teow ပဲ။ ရန်ကုန်မှာဆိုရင်တော့ မလေးရှားခေါက်ဆွဲကြော်ဆိုပြီး ရောင်းတယ်။ မြန်မာအစားအစာထဲမှာ Char Kway Teow နဲ့ အနီးစပ်ဆုံးတူတာကတော့ မြိတ်ကပ်ကြီးကိုက်ပဲ။ ဒါပေမယ့် မြိတ်ကပ်ကြီးကိုက်လို ပဲပြုတ်တို့ဘာတို့တော့ မပါဘူးပေါ့လေ။ အရင်ကတည်းက ညှပ်ခေါက်ဆွဲကြိုက်တဲ့သူမို့လို့လည်း ဖြစ်မယ်ထင်တယ်။ Char Kway Teow ကို Ipoh မှာရော Penang မှာပါ နှစ်ခါစားဖြစ်တယ်၊ နှစ်ခါစလုံးကြိုက်တယ်။
စားဖူးတဲ့ သူတွေက တအားကောင်းလို့ စားဖြစ်အောင်စားခဲ့ဖို့ ညွှန်းကြတဲ့ Penang Laksa ကတော့ မကြိုက်တဲ့ စာရင်းထဲထည့်ရမယ်။ Singapore Laksa တအားကြိုက်တော့ Penang Laksa ကိုလည်း ကြိုက်မယ်မျှော်လင့်ထားပေမယ့် တကယ်စားကြည့်တော့ လုံးဝမကြိုက်ဘူး။ နှစ်ဆိုင်ပြောင်းစားကြည့်ဖြစ်ပေမယ့် နှစ်ခုလုံးမကြိုက်ဘူး။ ပထမဆိုင်က အရည်ခပ်ကျဲကျဲ အရသာခပ်ချဥ်ချဥ်နဲ့ နောက်တစ်ဆိုင်ကျတော့ ငါးနံ့က တအားပြင်းတယ်။ မေးကြည့်တော့မှ ကိုယ်မကြိုက်တဲ့ Sardine ငါးနဲ့ ချက်ထားတာဖြစ်နေတယ်။ ဒါနဲ့ မြို့ခံက Laksa ဆိုတဲ့ နာမည်ချင်းတူပေမယ့် ချက်တဲ့ပုံစံချင်း၊ အရသာချင်း လုံးဝမတူတဲ့အကြောင်း၊ Singapore Laska ကြိုက်ရင် သူနဲ့ ဆင်တဲ့ Curry Mee ကို စားကြည့်သင့်ကြောင်း ရှင်းပြတယ်။ တကယ်စားကြည့်တော့လည်း Curry Mee က စားကောင်းတယ်။ White Curry Mee ရော၊ ရိုးရိုး Curry Mee ရော ကြိုက်တယ်။ Singapore Laska လောက်မကြိုက်ပေမယ့် Curry Mee လည်း ကြိုက်တဲ့အထဲမှာပါတယ်။
ခွင့်ယူထားတဲ့ ဗုဒ္ဓဟူးနေ့မှာ Penang Hill ကိုသွားဖို့လုပ်ထားပေမယ့် ဟိုရောက်တော့ ပြုပြင်နေလို့ နှစ်ပတ်ပိတ်ထားတယ်။ အဲဒါနဲ့ပဲ အဲ့နားက Kek Lok Si Temple ကိုဝင်ဖြစ်တယ်။ အပေါ်ကို အဆင့်ဆင့်တက်ရပြီးတော့ အပေါ်ဆုံးမှာ ကွမ်ရင်မယ်တော်ရုပ်ထု အကြီးကြီးရှိတယ်။ ကမ္ဘာပေါ်မှာ အကြီးဆုံး ကွမ်ရင်မယ်တော်ရုပ်ထုလို့လည်း ဆိုတယ်။ မြန်မာတွေလည်း အတော်လာပုံရတယ် ထင်တယ်။ အချို့ဆိုင်းဘုတ်တွေမှာ မြန်မာလိုပါရေးထားတာတွေ့တယ်။ အပေါ်ဆုံးကို တက်ဖို့ဆိုရင် Inclined elevator စီးပြီးတက်ရတယ်။ ဒီ Temple က အရင်တုန်းက ဒီလောက်မကြီးပဲနဲ့ နောက်မှ တဖြည်းဖြည်းချဲ့ရင်းချဲ့ရင်းနဲ့ ဒီလောက်ကြီးလာတာလို့ သိရတယ်။ ပြီးတော့ တရုတ်နှစ်ကူးဆိုရင် Temple တစ်ခုလုံးမီးထွန်းထားပြီး လူတွေလည်း အပြည့်လာကြတယ်။ တစ်ချို့ဆိုရင် တရုတ်နှစ်ကူးမှာ ဒီ Temple ကိုလာဖို့ Penang ကို တကူးတကလာကြတယ်တောင် ပြောတယ်။ Google မှာ တွေ့တဲ့ပုံတွေအရကော၊ တွေ့ခဲ့သမျှ မျက်လုံးထဲမြင်ကြည့်ရင် Temple တစ်ခုလုံး ရောင်စုံမီးအပြည့်နဲ့ တော်တော်လှမှာတော့ သေချာတယ်။ နောက်ပြီး ပန်းတွေလည်း တော်တော်လေးစုံအောင် စိုက်ထားတာတွေ့ခဲ့တယ်။
ညနေဘက်ရောက်တော့ Mural Art တွေရှိတဲ့ George Town တစ်ဝိုက်လျှောက်ကြည့်ဖြစ်တယ်။ အဓိကကတော့ ဓါတ်ပုံရိုက်တာပါပဲ။ ပြီးတော့ Chew Jetty ဘက်ရောက်တယ်။ ဟိုးအရင်က ငါးဖမ်းတဲ့ တံငါသည် Chew မျိုးရိုးမိသားစုတွေနေရာ ရပ်ကွက်လိုမျိုးပေါ့။ ကမ်းနားရေပေါ်မှာ ပျဥ်ထောင်အိမ်တွေဆောက်ပြီး နေကြတယ်။ အခုတော့ မရှိသလောက်ဖြစ်သွားပါပြီ။ လက်ရှိနေနေကြတဲ့ သူတွေက ပြန်ဝယ်ပြီး နိုင်ငံခြားသားတွေကို ပြန်ငှားစားတဲ့ နေရာဖြစ်နေပြီ။ Chew Jetty လိုမျိုးပဲ မျိုးရိုးနာမည်အလိုက် အခြား Jetty တွေပါဆိုရင် အားလုံးပေါင်း Jetty ကိုးခု ရှိတယ်။ Ong Jetty, Lim Jetty, Yeoh Jetty အစရှိသဖြင့်ပေါ့။ အိမ်ပုံစံတွေကတော့ အင်းလေးက အိမ်တွေလိုမျိုးပဲ။ ဒါပေမယ့် ရေစပ်မှာဆိုတော့ အင်းလေးက အိမ်တွေလောက်တော့ ခြေတံမရှည်ဘူး။ ပြီးတော့ အောက်က ဆားငံရည်မို့လို့လားတော့ မသိဘူး အောက်ခြေမှာ ကွန်ကရစ်တိုင်တွေထောက်ထားတယ်။ Chew Jetty နဲ့ ကပ်ရက် Tan Jetty ဘက်ကိုသွားပေမယ့် ပင်လယ်ဘက်ကို ထိုးထားတဲ့ သစ်သားတံတားတဝက်မှာ ပိတ်ထားလို့ ဆက်မသွားလိုက်ရဘူး။
ထူးထူးခြားခြား ကြိုက်တဲ့ နောက်အစားအစာ တစ်ခုကတော့ Rojak။ စစကြားချင်း အသီးကို Shrimp paste နဲ့သုပ်ထားတာဆိုတော့ စိတ်ထဲမှာ Shrimp paste ကို ပုစွန်ငါးပိလို့ထင်ပြီး မကြိုက်လောက်ဘူးပေါ့။ ဆိုင်ရောက်လို့ သုပ်နေတာမြင်တော့မှ ပုစွန်ကနေလုပ်ထားတဲ့ Sauce တစ်မျိုးဖြစ်နေတယ်။ တကယ်စားကြည့်တော့လည်း တော်တော်လေးစားကောင်းတယ်။ အထဲမှာ အသီးမျိုးစုံနဲ့ ကင်းမွန်ပြုတ်ထားတာရယ်၊ ပဲပြားအခွံလိုဟာမျိုးကို ကြော်ထားတာရယ်ပါတယ်။ ကြိုက်လို့ နောက်တစ်ရက်မှာ တကူးတကကို ထပ်ပြီးသွားစားဖြစ်သေးတယ်။ ဒုတိယအခေါက်မှာကျတော့ ကင်းမွန်ကို မီးဖုတ်ပြီး ပြားထားတာပါ ထည့်စားဖြစ်တယ်။ စားဖြစ်သမျှထဲမှာ အကြိုက်ဆုံးတစ်ခုပဲ။
ဒီခရီးရဲ့ အဓိက mission က စားဖို့ဆိုတော့ ခြောက်ညနဲ့ ခုနှစ်ရက်မှာ တော်တော်တော့ စားဖြစ်ပါတယ်။ Wanton Noodle တို့၊ Malaysia's Bak Kut Teh တို့၊ Hokkien mee တို့၊ နာမည် မမှတ်မိတာတွေရောပေါ့။ ဈေးနှုန်းအရလည်း တော်တော်သက်သာတယ်။ အစားအသောက်တင် မဟုတ်ဘူး နေဖို့ထိုင်ဖို့ကလည်း သက်သာတယ်။ Airbnb ကနေငှားတဲ့ 3 Bedrooms Condo ကို ခြောက်ရက်စာ S$340 ပဲကျတယ်။ အရာရာဈေးကြီးတဲ့နိုင်ငံနဲ့ ယှဥ်ကြည့်နေမိလို့လားတော့ မသိဘူး။ ဘာပဲဖြစ်ဖြစ် သဘောကျတာတော့ အမှန်ပဲ။ ကြုံရင်တော့ ထပ်သွားဖြစ်မယ်ထင်တယ်။ Visa ကလည်း တစ်နှစ်စာ multiple entries ရလိုက်တယ်ဆိုတော့ အကြောင်းရှာတာပေါ့။
အခန်းထဲမှာပဲ နေရတာများတော့ အခုလို ခရီးသွားလိုက်ရတာ တော်တော်တော့ ပေါ့ပေါ့ပါးပါးရှိသွားတယ်။ စိတ်အပြောင်းအလဲပေါ့။ ကံကောင်းချင်တော့ ကိုယ့်အလုပ်ကလည်း Laptop နဲ့ Internet ရှိရင်အဆင်ပြေပြီဆိုတော့ ခွင့်မယူပဲလည်း သွားလို့ရတယ်။ ဒါပေမယ့် ဖြစ်နိုင်ရင်တော့ ခရီးသွားနေတုန်း အလုပ်ကို မစဥ်းစားချင်ဘူး။ အဲတော့ အလုပ်ပါးလောက်မယ့် နှစ်ကုန်ပိုင်းမှာ တစ်နေရာရာ ထပ်သွားမယ်တော့ စိတ်ကူးတာပဲ။ ရန်ကုန်ကို အေးအေးဆေးဆေးပြန်လို့ရပြီ ဆိုရင်တော့လည်း ရန်ကုန်ပေါ့။ မဟုတ်ရင်တော့လည်း တစ်နေရာရာတော့ သွားဖို့စီစဥ်ဖြစ်မှာပါ။ သွားချင်တာတွေကတော့ အများကြီးပဲ။ လောလောဆယ်တော့ အသိတွေအများကြီးရောက်နေတဲ့ BKK ကို စိတ်ရောက်နေတယ်။ နောက်နှစ်ထဲမှာတော့ ပိုဝေးတဲ့နေရာကို သွားဖို့ကြိုးစားနေတယ်။ ပြောထားတာတွေတော့ရှိတယ်၊ ဖြစ်မဖြစ်တော့ စောင့်ကြည့်ရမှာပေါ့။