India သို့

India သို့

Delhi လေဆိပ်ကထွက်ထွက်ချင်းမှာပဲ အပူငွေ့က လာဟပ်တယ်။ အမိုးအကာအောက်ထဲမှာပဲ ရှိနေသေးတာတောင် ပူလိုက်တာ။ အခုအချိန်က မုတ်သုံရာသီဆိုတော့ မိုးမရွာရင် တအားပူပြီး၊ မိုးရွာရင်လည်း အိုက်စပ်စပ်ကြီး ဖြစ်နေလိမ့်မယ်လို့ ရုံးကလူတွေက ကြိုပြောပေမယ့် ဒီလောက်အထိ ပူမယ်လို့တော့ မထင်ထားဘူး။ ဘဝမှာ ဒီလောက်ပူတာကို ပထမဆုံး ကြုံဖူးတာပဲ။ ဒီလိုနဲ့ ကားငှားဖို့ကြည့်တော့ ဒီမှာ Uber နဲ့ Ola နှစ်မျိုးပဲ အသုံးများကြတယ်ပြောတယ်။ ဆိုက်ရောက် (Arrival) က ထွက်ထွက်ချင်းမှာမဟုတ်ပဲ သီးသန့်လုပ်ပေးထားတဲ့ Pick up point ကို သပ်သပ်သွားရတယ်။ ကားပေါ်ရောက်တော့ အတူပါလာတဲ့ ရုံးကတစ်ယောက်က Uber နဲ့ Ola နှစ်ခုလုံးသွင်းထားဖို့ ပြောတာနဲ့ လေဆိပ်ကဝယ်လာတဲ့ ဖုန်းနံပါတ်ကိုသုံးပြီး account ဖွင့်လိုက်တယ်။ ပြီးတော့ Payment အတွက် Debit/credit card နဲ့ သုံးဖို့ ချိတ်ကြည့်တာ မရဘူး။ ဘယ် International card မှ လက်မခံတာနဲဲ့ ငွေသားနဲ့ပဲ ပေးစီးရုံပေါ့ဆိုပြီး လက်လျော့လိုက်ရတယ်။ International card လက်မခံတာက Shopping mall က တချို့ ဆိုင်တွေမှာလည်း ကြုံရတယ်။

တကယ်တော့ India သွားဖို့က သူ့ဟာသူ အကျိုးအကြောင်းတိုက်ဆိုင်ပြီး ဖြစ်သွားခဲ့တာ။ သွားခါနီး နှစ်ပတ်၊သုံးပတ်အလိုမှ လေယာဥ်လက်မှတ် ဝယ်ပြီး ရုံးကိုပါ ခွင့်တိုင်လိုက်တာ။ India ရုံးက Delivery Manager က ကိုယ်တွေဆီကို အလုပ်ကိစ္စနဲ့ ရောက်နေတာရယ်၊ ကိုယ်တွေရုံးကတစ်ယောက်ကလည်း သူ့နိုင်ငံကို ပြန်ဖို့ Direct flight ကဈေးကြီးလို့ သက်သာအောင် India ကနေ တစ်ဆင့် သွားမယ်ဆိုတာရယ်ကြောင့် ကိုယ့်ကိုယ်ပါ လိုက်ခဲ့ဖို့ခေါ်တာနဲ့ သွားမယ်ဆိုပြီး သူတို့နှစ်ယောက်သွားမယ့်ရက်နဲ့ တိုက်ပြီး လိုက်သွားဖြစ်တယ်။ ကိုယ်တိုင်ကလည်း Indian အစားအစာတွေကို ကြိုက်တော့ Authentic ဖြစ်တဲ့ အရသာတွေကို စားကြည့်ချင်တာက အဓိကပဲ။ ပြီးတော့ ကိုယ့်ဟာကိုယ်ဆို မရောက်ဖြစ်လောက်တဲ့ နိုင်ငံဆိုတော့ အဖော်ရှိတုန်းလေး လိုက်သွားချင်တာလည်း ပါတာပေါ့။ မြန်မာနိုင်ငံသားတွေကတော့ Visa လျှောက်ဖို့လိုတယ်။ E-visa process က လွယ်လည်းလွယ်တယ်။ မြန်လည်းမြန်တယ်။ နေ့တစ်ဝက်ပဲကြာတယ်။ တစ်ပြားမှလည်း မပေးရဘူး။

Delhi လေဆိပ်ကနေ တည်းမည့်နေရာ Grugram အထိ လမ်းတစ်လျှောက် မြင်ကွင်းတွေကို ငေးရင်း စိတ်ထဲမှာ မြန်မာနိုင်ငံလိုပဲဟလို့ ခဏခဏတွေးမိတယ်။ လမ်းဘေးမှာ ရောင်စုံမုန့်ထုပ်တွေချိတ်ထားတဲ့ ကွမ်းယာဆိုင်လိုလို ဆိုင်ပိစိလေးတွေကို နေရာအနှံ့မှာတွေ့ရတယ်။ အဲလိုဆိုင်မျိုးတွေပဲရှိပြီး 7/11 လို Convenience store တွေကို မတွေ့ခဲ့ရတာ ထူးခြားမှုတစ်ခုပဲ။ ဆိုင်ကယ်တွေ၊ သုံးဘီးတွေကလည်း အတည့်တွေရော၊ ပြောင်းပြန်တွေရော မောင်းနေကြတာ လမ်းပေါ်မှာ ရှုပ်ယှက်ခတ်။  ကိုယ့်ရှေ့ကို အရပ်ရှစ်မျက်နှာကနေ အချိန်မရွေး ဝင်လာနိုင်တယ်။ လမ်းဖြတ်ကူးတဲ့ လူတွေကလည်း ဟွန်းဘယ်လောက်တီးတီး အရေးမလုပ်။ တစ်ချက်တောင် လှည့်မကြည့်ဘူး။ နောက်တစ်ခုက လမ်းပေါ်မှာ ဘာပဲလုပ်ချင်ချင် ကားအချင်းချင်း ဟွန်းတီးပြီးတော့ အချက်ပြတယ်။ ကျော်တက်တာပဲဖြစ်ဖြစ်၊ လမ်းတောင်းတာပဲဖြစ်ဖြစ်၊ မီးတောက်တာတို့၊ လက်ပြတာတို့၊ အချက်ပြမီး ပြတာတို့မလုပ်ဘူး။ ဘယ်လိုတွေ ခွဲခြားနားလည်ကြလည်းတော့ လိုက်မမှီဘူး။ သူ့အရပ်နဲ့ သူ့ဇာတ်ပဲ။ ဒီ Video ထဲမှာ Fluffy ပြောတဲ့အတိုင်းပဲ။ အရင်က Bangkok ကို ကားအတော်ရှုပ်တယ် ထင်ထားတာ။ အခုတော့ India က ရှုပ်တယ်ဆိုတဲ့ အဆင့်တောင် မဟုတ်ဘူး။ Public transport က မကောင်းတော့ လူတိုင်းနီးပါးက ကားတွေ၊ ဆိုင်ကယ်တွေ ဝယ်စီးရရာကနေ ဖြစ်ကုန်တာပဲ။ ဝယ်မစီးနိုင်တဲ့သူကလည်း သုံးဘီးကို အားကိုးရတာပေါ့။ ဒါပေမယ့် ထူးခြားတာက ဘယ်လောက်ပဲ စည်းမဲ့ကမ်းမဲ့ မောင်းမောင်း၊ အရှိန်နဲ့လာနေတဲ့ ကားရှေ့မှာ လမ်းဖြတ်ပဲ ကူးကူး၊ သုံးလမ်းသွားလမ်းမှာ အောက်ကြောကနေ မောင်းနေရာကနေ ရုတ်တရက်ကြီး အပေါ်ကြောကို တက်ပြီး ဂငယ်ကွေ့ပဲ ထကွေ့ကွေ့ ဟွန်းတီးတာကလွဲလို့ ကားထဲက ခေါင်းထွက်လာပြီး ဒေါသတကြီးနဲ့ ဆဲတာဆိုတာတော့ တစ်ခါမှ မတွေ့ခဲ့ရဘူး။ အားလုံးက အေးဆေးပဲ။ အဲဒါတစ်ခုတော့ အံ့သြစရာပဲ။ နေ့တိုင်းကြုံနေရလို့ အသားကျနေတာလား၊ ခန္တီပါရမီတွေပဲ ပြည့်စုံနေကြတာလားတော့ မပြောတတ်ဘူး။  

Gurugram မြို့ တစ်နေရာ

ရောက်ရောက်ချင်းနေ့က ညနေစောင်းခါနီးလည်း ဖြစ်နေပြီဆိုတော့ ဘယ်မှ အထွေအထူးမသွားတော့ပဲ တည်းတဲ့နေရာနဲ့ နီးတဲ့ Mall တစ်ခုမှာ ညစာစားပြီး ဟိုကြည့်ဒီကြည့်လုပ်ရင်းနဲ့ တစ်ရက်ကုန်သွားတယ်။ ဘယ်ဟာပဲဖြစ်ဖြစ် ဈေးနှုန်းချင်းယှဥ်ကြည့်ရင် တစ်ခြားနိုင်ငံတွေထက် အတော်လေးသက်သာတာ တွေ့ရတယ်။ နောက်ပြီး သဘောကျစရာတစ်ခုက Customer service။ ဈေးဝယ်မယ့်သူကို တော်တော်လေး ဂရုတစိုက်ရှိတယ်။ အကြိုက်ဆုံးကတော့ ဆိုင်တိုင်းမှာ Alteration service (ဘောင်းဘီအရှည်ကို ကိုယ့်ခြေထောက်အရှည်နဲ့ တိုင်းပြီး ဖြတ်ပေးတာ) ရှိတာပဲ။ ပိုက်ဆံမရှင်းရသေးဘူး ပေကြိုးနဲ့ အတိုင်းယူမယ့်သူက အသင့်စောင့်နေပြီ။ ပြီးတော့ တစ်နာရီအတွင်းရတယ်။ အဆင်မပြေတာ တစ်ခုကတော့ ဘောင်းဘီတွေက မဂဏန်းဆိုဒ်နဲ့ မရှိတာပဲ။ ကိုယ့်ဆိုဒ်က မဂဏန်းဆိုတော့ တစ်ဆိုဒ်တိုးပြီး ဝယ်လိုက်ရတယ်။ တစ်ခြားနိုင်ငံတွေမှာလည်း ဒီလိုပါပဲလို့ သူတို့က ပြောပေမယ့် ကိုယ်ကတော့ အခုထိ ဒီတစ်နိုင်ငံထဲမှာပဲ ဒါမျိုးကြုံဖူးပါသေးတယ်။ နောက်ပြီး ဘယ်ဆိုင်မှာပဲ ဝယ်ဝယ် ဖုန်းနံပါတ်တောင်းတာကလည်း စိတ်ရှုပ်စရာကောင်းတယ်။ မပေးလည်းရပေမယ့် ပိုက်ဆံရှင်းခါနီးတိုင်း ဖြေနေရတာကလည်း အာရုံနောက်စရာပဲ။

Tomb of Humayun

Delhi မှာလည်ဖို့က တစ်ရက်ပဲ အချိန်ရတယ်။ အဲဒီတစ်ရက်မှာ သုံးနေရာလောက်သွားဖို့ စီစဥ်ခဲ့ပေမယ့် တကယ်တမ်းက Humayun's Tomb တစ်နေရာပဲ ရောက်တယ်။ နေကအရမ်းပူတော့ အပြင်မှာလျှောက်သွားရတာ တော်တော်လေး ပင်ပန်းတယ်။ Humayun's Tomb က Taj Mahal နဲ့ ခင်ဆင်ဆင်ပဲ။ Taj Mahal က Humayun's Tomb ရဲ့ အငွေ့အသက်တွေ အနည်းနဲ့အများပါတယ်လို့ ပြောကြတယ်။ ဒါပေမယ့် Humayun's Tomb က Taj Mahal လောက် နာမည်မကြီးသလို့ ပြုပြင်ထိန်းသိမ်းမှုလည်း သိပ်မရှိဘူး။  India အစိုးရက Humayun's Tomb ကို ဖြိုချပြီး ဘုရားကျောင်းအသစ်လိုမျိုး ဆောက်ဖို့ စီစဥ်ဖူးတယ်လို့ ပြောတယ်။ UNESCO ရဲ့ ကမ္ဘာ့အမွေအနှစ်နေရာစာရင်းမဝင်ခင် အချိန်တုန်းကဖြစ်မယ်ထင်ပါတယ်။ အကြောင်းကတော့ India ကို ကျူးကျော်နယ်ချဲ့ခဲ့တဲ့ မဂို (Mughal) ဘုရင်ရဲ့ ဂူသင်္ချိုင်းမို့လို့ နိုင်ငံရေးအရ တန်ဖိုးမထားတာလို့ ဆိုတယ်။ Humayun's Tomb ရဲ့ အနီးအနားမှာ အခြားသော ဂူသင်္ချိုင်းတွေလည်း ရှိပါသေးတယ်။ Isa Khan's Tomb တို့၊ Afsarwala's Tomb တို့။ မစီစဥ်ထားပဲ ရောက်သွားတဲ့ တစ်နေရာကတော့ Raj Ghat လို့ခေါ်တဲ့ အထိမ်းအမှတ်ပန်းခြံ။ India နိုင်ငံရဲ့ ဖခင်ကြီး Mahatma Gandhi ရဲ့ အရိုးပြာကို မြုပ်နှံထားတဲ့ နေရာပေါ့။ အဲဒီပန်းခြံစဖွင့်ကတည်းက မငြိမ်းအောင် ထွန်းညှိထားတဲ့ မီးတောက်(Eternal flame) ကိုလည်း မြင်ခဲ့ရတယ်။ သူတို့နိုင်ငံရဲ့ အခြားသော အထင်ကရပုဂ္ဂိုလ်တွေရဲ့ အခုလို အထိမ်းအမှတ်ပန်းခြံတွေလည်း ရှိသေးတယ်လို ပြောပါတယ်။ သွားမယ်လို့ စီစဥ်ထားတဲ့ India Gate ကိုတော့ ကားပေါ်ကပဲ ကြည့်ခဲ့ရတယ်။ ကားရပ်ရမယ့်နေရာက တအားဝေးတော့ နေပူထဲလမ်းမလျှောက်နိုင်တော့တာလည်း ပါတယ်။ နောက်ပြီး Red Fort နဲ့ Lotus Temple ကတော့ ရောက်ကိုမရောက်ဖြစ်ခဲ့တာပါ။

Tomb of Isa Khan

တတိယမြောက်ရက်မှာတော့ Delhi နဲ့ 276 ကီလိုမီတာလောက်ဝေးတဲ့ Rajasthan ပြည်နယ်ထဲက Jaipur မြို့ကိုသွားခဲ့တယ်။ ကားနဲ့အနည်းဆုံး လေးနာရီကျော်ကျော်လောက် မောင်းရတယ်။ ကန္တာရနဲ့ နီးလို့ ပိုပူမယ်ပြောတယ်။ ရောက်ရောက်ချင်း Amber Palace ဖက်ကို သွားတယ်။ တောင်ပေါ်မှာ ဆောက်ထားတဲ့ နန်းတော်တစ်ခုပါပဲ။ နန်းတော်ရဲ့ ပတ်လည်မှာတော့ မြို့ရိုးလိုတံတိုင်းကို တောင်ကြောတစ်လျှောက်မှာ ဆောက်ထားတယ်။ တောင်ပေါ်ကို ကိုယ့်ကားနဲ့ကိုယ်တက်လို့မရပဲ သူတို့ဆီက ဂျစ်ကားကို ငှားပြီးတက်ရတယ်။ လမ်းကလည်း ကားတစ်စီးစာပဲ ဖောက်ထားတယ်။ တောင်ကို ကွေ့ပတ်ပြီးတက်ရတာဆိုတော့ ကျိုက်ထီးရိုးဘုရား တက်ရတာကိုတောင် သွားသတိရမိသေးတယ်။ အပေါ်ရောက်တော့လည်း ဆောက်ထားတဲ့ နန်းတော်က အရမ်းကြီးကျယ် ခမ်းနားနေတာမျိုး မဟုတ်ပေမယ့် သူ့ခေတ်သူ့အခါ သူ့အနေအထားနဲ့ သူကတော့ တော်တော်ကောင်းအောင် ဆောက်ထားမှန်း သိသာတယ်။ အထူးသဖြင့် မိုးရေကို ဘယ်လိုခံထားပြီ၊ ရေပူရေအေးရအောင် ဘယ်လိုလုပ်ထားတယ်ဆိုတာမျိုး။ ရာသီဥတုအလိုက် အိပ်ဆောင်တွေကို ဘယ်လိုဆောက်ထားခဲ့တယ် ဆိုတာမျိုးပေါ့။ Guide က တစ်ခုချင်း လိုက်ရှင်းပြပေးလို့လည်း ပိုသိရတာ။ အတူသွားတဲ့ သူတွေထဲမှာ ကိုယ်တစ်ယောက်ပဲ နိုင်ငံခြားသားရုပ်ပေါက်နေတော့ ကိုယ့်ကိုယ်ပဲ ဦးတည်ပြီး ရှင်းပြနေတာလည်း တစ်ခုကောင်းတာပဲ။ သူတို့ ဘုရင်တွေ၊ မိဖုရားတွေ ဝတ်ခဲ့တဲ့ Pashmina အကြောင်းကိုလည်း ခဏခဏ ထည့်ပြောတာ သတိထားမိတယ်။ ဘယ်လောက်ပေါ့ကြောင်း၊ နွေမှာဆို အေးပြီး၊ ဆောင်းမှာဆို နွေးကြောင်း။ မှန်ဘောင်နဲ့ ပြထားတာတွေပဲ မြင်ခဲ့ရပြီ ကိုင်တော့ မကိုင်ကြည့်ခဲ့ရဘူး။ တကယ်တော့ Pashmina ဆိုတာကို FRIENDS ရဲ့ ဒီအပိုင်း မှာ စကြားဖူးတာ။ အပြင်မှာတော့ မြင်ဖူးပြီပေါ့။ အခုတော့ တော်တော်ဈေးကြီးတယ်လို့ ပြောတယ်။ Pashmina ကို မီးရှို့လိုက်လို့ ဆံပင်မီးလောင်တဲ့ အနံ့ရမှ အစစ်လို့လည်း ရှင်းပြလိုက်သေးတယ်။

အပြန်လမ်းမှာတော့ Jal Mahal (Water Palace) လို့ခေါ်တဲ့ ရေပေါ်နန်းတော်ကို အဝေးကပဲ ဓါတ်ပုံရိုက်ခဲ့ရတယ်။ အထဲကိုလည်း ပေးမဝင်တော့ ဘာမှန်းတော့ သေချာမသိခဲ့ဘူး။ အရင်ကတော့ စက်လှေလိုဟာမျိုးနဲ့ ပတ်ပြီး အပြင်ပိုင်းကို နည်းနည်း အနီးကပ်မြင်ရအောင် မောင်းပေးတယ်လို့ ပြောပါတယ်။ အခုတော့ အဲလိုလည်း ပေးမသွားတော့ပါဘူး။

Jal Mahal

ညနေဘက်မှာတော့ Chokhi Dhani လို့ခေါ်တဲ့ ဆိုင်မှာ Rajasthan ရိုးရာ သတ်သတ်လွတ်ထမင်း သွားစားဖြစ်တယ်။ သူက ထမင်းဆိုင် သက်သက်မဟုတ်ပဲ India ရိုးရာအားလုံးကို တစ်နေရာတည်း မြင်ရအောင် လုပ်ပေးထားတဲ့ နေရာတစ်ခုလို့ ပြောလို့လည်းရတယ်။ တိုင်းရင်းသားကျေးရွာပုံစံမျိုးပေါ့။ စားရတာတော့ အဆင်ပြေတယ်။ ဗန်းထဲမှာ ဟင်းခုနှစ်မျိုးလောက်ပါတယ်။ အဲဒီဟင်းတွေနဲ့ တွဲစားဖို့ နံပြားတို့၊ ပူရီတို့၊ ပါပလာတို့ (နာမည်မမှတ်မိတော့တာတွေလည်းပါတယ်) က ကြိုက်သလောက်တောင်းလို့ရတယ်။ အချိုပွဲအတွက် ဂျလေဘီနဲ့ ကူဖီလ်ကလည်း Free flow ပဲ။ ဈေးကတော့ India အနေနဲ့ဆိုရင် $14 လောက်ဆိုတာ ဈေးကြီးတဲ့အထဲမှာပါတယ်။ ဒါပေမယ့် Royal Fine Dining ကို အတွေ့အကြုံတစ်ခုအနေနဲ့ စူးစမ်းကြည့်ချင်တာနဲ့ စားဖြစ်ခဲ့တယ်။

Royal Fine Dining

နောက်ဆုံးရက်မှာတော့ စောစောထပြီး နေထွက်တာသွားကြည့်ဖို့ စီစဥ်ထားပေမယ့် အားလုံးပင်ပန်းနေကြတာဆိုတော့ ဘယ်သူမှ မထနိုင်ကြဘူး။ အဲဒါနဲ့ ညနေမှ နေဝင်တာကြည့်ကြမယ်လို့ လုပ်ပြန်တော့လည်း ညနေဘက် မိုးရွာလာတာနဲ့ နေဝင်တာရော၊ နေထွက်တာရော မမြင်လိုက်ရဘူး။ နေ့ဘက်မှာတော့ City PalaceJantar Mantar တို့ကို ရောက်ဖြစ်ခဲ့တယ်။

India ခရီးက ကျန်တာထက် authentic ဖြစ်တဲ့ အစားအသောက်တွေ စားချင်လို့ သွားဖြစ်ခဲ့တာဆိုတဲ့အတိုင်း တော်တော်များများလည်း စားဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် လမ်းဘေးစာ (Street food) တော့ လုံးဝမစားဘူးပေါ့။ အဲဒါကတော့ တအားနာမည်ကြီးကိုး။ နယ်ခံတွေကိုယ်တိုင်ကတောင် မစားဖို့ပြောတယ်။ စားမိသမျှထဲမှာ စားဖူးတာတွေလည်း ရှိသလို၊ မစားဖူးတာတွေလည်း ရှိတယ်။ ကြိုက်တာတွေရော၊ မကြိုက်တာတွေရောပေါ့။ မကြိုက်တာကတော့ နည်းပါတယ်။ မှတ်မှတ်ရရ Royal Fine Dinning ထဲမှာပါတဲ့ Butter milk ဆိုတာကို မကြိုက်ဘူး။ သူ့နာမည်အတိုင်း ချိုအီဆိမ့်ဖြစ်မယ်လို့ စိတ်ထဲမှာ ထင်ပြီး သောက်ကြည့်လိုက်ပေမယ့် သူ့အရသာက အချဥ်။ နောက်ပြီး အဲလိုပဲ ချဥ်ချဥ်ငံငံအရသာနဲ့ သောက်စရာတစ်ခုရှိသေးတယ်။ နာမည်တော့ မမှတ်မိတော့ဘူး။ အဲဒါကိုလည်း မကြိုက်ဘူး။ သောက်ရတာ တော်တော်ဆိုးတယ်။ နောက်ဆုံး တစ်ခုကတော့ စမူဆာ။ သူတို့ စမူဆာက bake လုပ်ထားတဲ့ ပုံစံမျိုး။ ဆီမပါပျားမပါနဲ့၊ ကြွပ်ကြွပ်ရွရွလည်း မရှိဘူး။ ကျန်တာတွေကတော့ အကုန်ကြိုက်ပါတယ်။ ဒါကလည်း နဂိုတည်းက Indian အစားအစာကြိုက်လို့လည်း ပါမှာပေါ့။

တကယ်တော့ India ကို ဒီထက်ပိုပြီး တိုးတက်နေတဲ့ နိုင်ငံလို့ ထင်ခဲ့တာ။ ဆင်းရဲချမ်းသာ အရမ်းကွာဟတယ်လို့ သိထားပေမယ့် စိတ်ထဲမှာ ထင်ခဲ့တာကတော့ ဒီလိုပုံစံမဟုတ်ဘူး။ လူများလွန်းတော့ ပွဲမစည်ဘူးပေါ့။ မနိုင်မနင်းတွေဖြစ်ကုန်တာ။ China ကျတော့လည်း အဲလိုမဟုတ်ပြန်ဘူး။ ထားပါတော့၊ India က မြန်မာနဲ့ အိမ်နီးချင်းဖြစ်တာရော၊ British နဲ့ အတူ မြန်မာနိုင်ငံကို ပါလာခဲ့တာရောကြောင့် အချို့သော အရာတွေမှာ သွားပြီးတော့တူနေတာလေးတွေ တွေ့ရတယ်။ အသုံအနှုန်းအချို့က စလို့ပေါ့။ ဥပမာ၊ အာလူးတို့၊ ချလန်တို့။ လမ်းဘေးကဆိုင် ပိစိပေါက်စတွေ (နိုင်ငံတိုင်းမှာတော့ လမ်းဘေးဆိုင်ဆိုတာရှိပေမယ့် ဆိုင်ပုံစံ အပြင်အဆင်အနေအထားကိုက ခပ်ဆင်ဆင်ဖြစ််နေတာ)။ ဘုရားပွဲလှည့်ရင် ကားပေါ်မှာ အသံချဲ့စက်ကြီးတင်ပြီး လူတွေက အနောက်ကနေလိုက်ရင်း ကကြခုန်ကြတာတွေ။ မိုးလေးတစ်ညလောက်ရွာလိုက်တာနဲ့ လမ်းမပေါ်ရေတွေ လျှံကုန်တာတွေ။ နောက်ဆုံး လေဆိပ်ထဲကို လိုက်ပို့မယ့်သူတွေ ပေးမဝင်တာက လက်ရှိ ရန်ကုန်လေဆိပ်လိုပဲ။  ဘာပဲဖြစ်ဖြစ် အတွေ့အကြုံတော့ တော်တော်ရတယ်။ ကိုယ့်နိုင်ငံကလွဲလို့ သွားခဲ့ဖူးသမျှ အရှေ့တောင်အာရှနိုင်ငံ တွေနဲ့တော့ ဘာမှကို မဆိုင်တာ။ ကိုယ့်ဟာကိုယ် တစ်ယောက်ထဲလာရင်လည်း တော်တော်လေး ရွာလည်မယ့် သဘောတော့ ရှိတယ်။ အခွင့်သာတုန်းလေး ရောက်ဖူးလိုက်တာကိုတော့ ကျေနပ်တယ်။ ဒီနှစ်မကုန်ခင်တော့ နောက်တစ်နေရာ ထပ်သွားချင်ပါသေးတယ်။

Show Comments