နှစ်အလယ်လောက်မှာ Penang က ပြန်လာတော့ Bangkok ကိုသွားချင်တယ်လို့ ပြောခဲ့တာ ဒီတစ်ခါတော့ တကယ်သွားဖြစ်သွားတယ်။ လွန်ခဲ့တဲ့ လေးငါးနှစ်လောက်ကတည်းက Bangkok သွားဖို့ တိုင်ပင်ခဲ့ကြဖူးပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အကောင်အထည်မဖော်ဖြစ်ခဲ့ကြဘူး။ အခုတော့ နိုင်ငံရေးအခြေအနေကြောင့် မြန်မာနိုင်ငံက IT industry ကြီးတစ်ခုလုံးနီးပါး Bangkok ကိုရောက်သွားပြီးတဲ့နောက်မှာ ကိုယ့်အသိတော်တော်များက နယ်ခံတွေဖြစ်ကုန်ကြတယ်။ သူတို့တွေနဲ့ တွေ့ချင်တာက တစ်ကြောင်း၊ ကိုယ်တိုင်ကလည်း တစ်ခေါက်မှ မရောက်ဖူးသေးတာက တစ်ကြောင်း၊ အလုပ်လုံးဝမလုပ်ပဲ တစ်ပတ်လောက်နားအေးပါးအေး နားချင်တာကတစ်ကြောင်း၊ စတဲ့ အကြောင်းကြောင်းတွေကြောင့် သွားမယ်လို့စိတ်ပိုင်းဖြတ်ပြီး နှစ်လလောက်အလိုထဲက ခွင့်ကြိုတင်၊ လေယာဥ်လက်မှတ် ဖြတ်ထားလိုက်တယ်။ ဒါတောင် ရုံးက တစ်ခုခု အရေးအကြောင်းရှိရင် ကူလို့ရအောင် laptop လေးတော့ လိုရမယ်ရ သယ်သွားလိုက်ပါဆိုလို့ သယ်သွားရပါသေးတယ်။
ရောက်ရောက်ချင်း ပထမဆုံးအတွေ့အကြုံကတော့ ကားပိတ်တာပဲ။ ပိတ်တာမှ တစ်ခါရွေ့ရင် ဘီးတစ်လှိမ့်စာလောက်ပဲ ရွေ့တယ်။ ဖြစ်ချင်တော့ ကိုယ်ရောက်တဲ့အချိန်ကလည်း ရုံးဆင်းချိန် ငါးနာရီခွဲ ခြောက်နာရီဆိုတော့ ဘာပြောကောင်းမလဲ။ လေဆိပ်ကနေ ဟိုတယ်ရောက်ဖို့ Grab အပေါ်မှာ တစ်နာရီခွဲလောက် အချိန်ဖြုန်းလိုက်ရတယ်။ ဆရာနဲ့တွေ့ဖို့တောင် ဆရာက အခုလာရင် မှီသေးတယ်ပြောပေမယ့် ကားပိတ်နေတော့ ကြာမှာစိုးလို့ မလာတော့ပါဘူး ပြောလိုက်တာ တော်သေးတယ်။ ပိတ်တာသိပေမယ့် အဲလောက်ဆိုးမယ် မထင်ထားဘူး။ ဟိုတယ်မှာ အထုပ်ဝင်ချပြီး အသိတွေနဲ့တွေ့ဖို့ နောက်တစ်ခေါက်ပြန်ထွက်တော့လည်း ထိုနည်းလည်းကောင်းပါပဲ။ သတိထားမိတာက Grab ငှားရင် ကိုယ့်ဆီကိုရောက်ဖို့တောင် အနည်းဆုံးတော့ ဆယ်မိနစ်လောက်စောင့်ရတယ်။ ဒီပုံအတိုင်းသာဆိုရင် သွားရလာရတာ အတော်တော့ ကသီမှာပဲဆိုပြီး တွေးမိသေးတယ်။ Grab ကို debit card နဲ့ ချိတ်ထားတော့ card ထဲကနေ သူ့ဟာသူ ဖြတ်သွားမှာပဲဆိုပြီး ငွေလဲတုန်းက transportation အတွက်ထည့်မလဲလာဘူး။ ရန်ကုန်ပြန်လည်း ဒီအတိုင်းပဲဆိုတော့ အဆင်ပြေမယ်ထင်ပြီး ဒီအတိုင်းလာခဲ့တာ မှန်းချက်နဲ့ နှမ်းတွက်လွဲသွားတယ်။ တစ်ချို့တွေကျတော့ ပိုမြန်ပြီး ပိုသက်သာတဲ့ Grab bike စီးကြတယ်။ ဒါပေမယ့် ကားတွေ တအားရှုပ်ယှက်ခက်နေတဲ့ လမ်းပေါ်မှာ ဆိုင်ကယ်နဲ့ ကားကြိုကားကြားထဲ ဝင်လိုက်ထွက်လိုက်နဲ့ တလကြမ်း မောင်းနေတာမြင်တော့ ကိုယ်တွေတော့ မစီးရဲဘူး။ ပြီးတော့ ဆိုင်ကယ်ဦးထုပ်လည်း မပေးဘူး။ နောက်ပိုင်းတော့ BTS ပဲစီးဖြစ်တော့တယ်။ တည်းတာရော၊ သွားတဲ့နေရာအများစုကရော Sukhumvit တစ်ကြောမှာပဲဆိုတော့ စီးရတာတော့ အဆင်ပြေပါတယ်။ BTS ကျတော့လည်း တစ်ယောက်ထဲဆိုမသိသာပေမယ့် သုံးယောက်လောက်ဆို Grab ဈေးနီးပါး ဖြစ်သွားပြန်ရော။ လမ်းပိတ်တဲ့ ဒုက္ခတော့မရှိတော့ဘူးပေါ့။ နောက်တစ်ခု သတိထားမိတာက ဘတ်စ်ကားတွေ။ ရန်ကုန်မှာတောင် မရှိတော့တဲ့ Hino ကားလိုမျိုး ဘတ်စ်တွေ ပြေးနေသေးတာ တွေ့ခဲ့ရတယ်။ တစ်ချို့ကားတွေဆို Aircon Bus တောင်မဟုတ်ပဲ တော်တော်လေး ဟောင်းနေတာတွေတောင်တွေ့လို့ အံ့သြမိသေးတယ်။
ဒီတစ်ခေါက်ခရီးရဲ့ ခရီးစဥ်တွေထဲကတစ်ခုက 808 Festival ကိုသွားဖို့ပဲ။ တစ်ခါမှ EDM ပွဲတွေ မရောက်ဖူးသေးတော့ ရောက်ဖူးတယ်ရှိအောင် သွားကြည့်ချင်တာ။ တကယ်တမ်းကတော့ ကိုယ်ပုံမှန် နားထောင်လေ့ရှိတဲ့ သီချင်းအမျိုးအစားတွေတော့ မဟုတ်ဘူး။ ဒီလိုနဲ့ သွားဖို့မသွားဖို့ ချီတုံချတုံဖြစ်နေတုန်း နိုင်လင်းအောင်ရဲ့ လက်မှတ်စပွန်ဆာပေးမှုနဲ့ သွားဖြစ်လိုက်တယ်။ သူ့ကျေးဇူးကြောင့် ရောက်ဖူးသွားတယ်ပြောရမယ်။ ကိုယ့်ဟာကိုယ်ဆို ကပ်စေးနဲပြီး ရောက်ဖို့ မသေချာလောက်ဘူး။ သူ့ဟာနဲ့သူတော့ အတိုင်းအတာတစ်ခုထိ ပျော်ဖို့ကောင်းပါတယ်။ စိတ်လွတ်လက်လွတ်ခုန်ပေါက်လိုက်တော့ စိတ်ပေါ့ပါးသွားတာပေါ့။ ဒါပေမယ့် သုံးလေးနာရီလောက် မတ်တပ်ရပ်နေရတာတော့ အတော်ညောင်းတယ်။ ပြီးတော့ Toilet တစ်ခါတစ်ခါသွားဖို့ လူအုပ်ကြီးကို ဖြတ်ပြီးထွက် ပြီးရင်တိုးပြီးပြန်ဝင်ရတာ မစားသာဘူး။ အောက်မှာကလည်း ဝယ်ထားတဲ့ ရေသန့်ဗူးတို့၊ ဘီယာဗူးတို့၊ cocktail bucketတို့ ချထားကြတော့ အဲဒါတွေမနင်းမိအောင် ရှောင်ရသေးတယ်။ အစကတော့ ပွဲသုံးရက်ကို ပထမရက်နဲ့ နောက်ဆုံးရက်ကို သွားမယ် လုပ်ထားပေမယ့် ဒုတိယရက်မှာက ရှားရှားပါးပါး ကိုယ်သိတဲ့ Dj Snake ရော၊ ပြီးတော့ Hardwell ရော ပါတာ နောက်မှသိတော့ ပထမရက်နဲ့ ဒုတိယရက်ကိုသွားပြီး နောက်ဆုံးရက်ကျမှ နားလိုက်တော့တယ်။ ရွေးချယ်မှု မှန်ကန်သွားတယ်ပဲ ပြောရမယ်။ ဒုတိယနေ့က တော်တော်လေးမိုက်တယ်။ အဲဒီလိုပွဲသွားတော့မှ ကိုယ့်ဟာကိုယ် သတိထားမိတာတစ်ခုက ကိုယ်တွေ အတော်အသက်ကြီးသွားပြီဆိုတာပဲ။ လာကြတဲ့သူ အများစုက နှစ်ဆယ်ပတ်လည် ဆယ်ကျော်သက်အရွယ်တွေ များတယ်။ သူတို့ကိုကြည့်ပြီး ငါတို့တောင် ဘီးကြဲကြီးတွေလို့ အခေါ်ခံရယ့် အရွယ်ရောက်ကုန်ပြီပဲလို့ တွေးမိတယ်။
အစားအစာတွေကတော့ အတော်စားဖြစ်တယ်။ အစထဲကလည်း စားဖို့သွားတာပဲ။ ဒါပေမယ့် ထိုင်းစာတွေ အကုန်စားဖြစ်လားဆိုတော့လည်း မဟုတ်ပြန်ဘူး။ မဖြစ်မနေစားမယ်လို့ လုပ်ထားတဲ့ Tom yum soup နဲ့ Kway Teow မစားလိုက်ရဘူး။ ဈေးသက်သာတယ် တန်တယ်ဆိုပြီး တခြားအစားအစာတွေတော့ လျှောက်စားဖြစ်တယ်။ Japanese yakiniku တို့၊ Korean BBQ တို့။ ဒါပေမယ့် တကူးတကသွားစားတဲ့ ထိုင်းစာတွေထဲမှာတော့ ကျော်ကျော်စိုး ညွှန်းတဲ့ Northeast Restaurant က Softshell Crab ကို တော်တော်လေးကြိုက်တယ်။ တခြားဟင်းတွေလည်း ကောင်းပေမယ့် Softshell Crab က ပိုကောင်းတယ်။ စားဖူးသမျှထဲမှာတော့ အကောင်းဆုံးလို့ ပြောရမယ်။ သူကနောက်ဆုံးမှ ရောက်လာတော့ ကျန်တဲ့သူတွေက စားလို့ပြီးနေပြီးဆိုတော့ သိပ်မစားနိုင်ကျတော့ဘူး။ ကိုယ်တစ်ယောက်ထဲပဲ စားကောင်းကောင်းနဲ့ သုံးပုံနှစ်ပုံလောက်စားလိုက်တယ်။ နောက်တစ်ခုကတော့ နာမည်ကြီး Phed Mark ၊ သူက Pad kaprao တစ်မျိုးထဲကို အသားမျိုးစုံနဲ့ရောင်းတာ။ မြန်မာလိုဆိုရင်တော့ ကြက်ပင်စိမ်း၊ ဝက်ပင်စိမ်းလို့ခေါ်မလား မသိဘူး။ အရသာကတော့ တော်တော်လေးကောင်းတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး medium spicy နဲ့မှာလိုက်တာ ရေသောက်ပြီးစားယူရတယ်။ သူ့ medium spicy က တော်တော်ကြီးကို စပ်တာ။ အစပ်စားနိုင်တဲ့ ကိုယ်တောင် တရှူးရှူးတရှဲရှဲဖြစ်ကုန်တယ်။ ကိုယ်စားနိုင်တာထက် တစ်ဆင့်နှိမ့်ပြီးမှာမှ အဆင်ပြမယ်။ နောက်တစ်ခေါက်သွားစားဖြစ်ရင်တော့ less spicy နဲ့ပဲ စားတော့မယ်။
ဒီတစ်ခေါက်မှာတော့ Bangkok အပြင်ဘက်ဆိုလို့ အယုဒ္ဓယဘက်ပဲ ရောက်ဖြစ်လိုက်တယ်။ ဒါတောင် အကိုလိုခင်နေတဲ့ senior အကိုနဲ့အစ်မတို့က တကူးတက လိုက်ပို့ပေးလို့ရောက်တာ။ ကိုယ့်ဟာကိုယ်ဆို မရောက်ဖြစ်လောက်တဲ့ နေရာထဲမှာပါတယ်။ Bangkok ကနေ တစ်နာရီကျော်ကျော်လောက်တော့ မောင်းရတယ်။ ကိုယ့်ကားနဲ့ကိုယ်သွားလို့သာ သွားရတာ အဆင်ပြေတာ။ တစ်နေရာနဲ့ တစ်နေရာက နည်းနည်းတော့ လှမ်းတယ်။ ပုဂံလိုမျိုး ဘုရားတွေက နေရာအနှံ့မှာ ခပ်စိပ်စိပ်ရှိနေတာမျိုး မဟုတ်ဘူး။ ပုဂံဆိုလို့ အယုဒ္ဓယကလည်း ပုဂံနဲ့ အတော်လေးနီးစပ်တဲ့ သဘောမှာရှိတယ်။ ရှေးခေတ်ကမြို့ဟောင်းတွေမို့လို့ အုတ်ကိုအသားပေးပြီး တည်ထားတဲ့ စေတီတွေကြောင့် တူတယ်လို့ ပြောလို့ရပေမယ့် ဇီးပင်တို့ မန်ကျည်းပင်တို့ အများကြီးပေါက်နေတာလည်း တူတယ်။ တမင်စိုက်ထားတာလည်း ဖြစ်ချင်ဖြစ်နိုင်ပါတယ်။ စေတီတစ်ခုဆိုရင် မွန်/မြန်မာ ပုံစံကို အတုယူပြီး တည်ထားတယ်လို့တောင် ရေးထားသေးတယ်။ ကွာခြားတာကတော့ မြို့ပျက်မို့လို့ စေတီတွေနဲ့ ဆင်းတုတော်တော်တော်များများကတော့ ပျက်စီးနေတာတွေ့ရတယ်။ မရောက်ခင်ကတော့ မြန်မာတွေက ဘယ်လိုဘယ်ပုံ ဖျက်စီးခဲ့တယ်ဆိုပြီး ရေးထားလိမ့်မယ်လို့ ထင်ထားပေမယ့် တကယ်တမ်းတော့ အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး ဘာဆိုဘာမှ ရေးထားတာတော့ မတွေ့ခဲ့ရဘူး။ သူတို့ဟာသူတို့ ကျောင်းမှာ သင်ရိုးထဲထည့်သင်ရင်တော့ သင်မှာပေါ့လေ။ ကိုယ်တွေတုန်းကလည်း သင်ခဲ့ရတာပဲကိုး။ နောက်တစ်ခု ထူးခြားတာက ဖိနပ်ချွတ်စရာမလိုပဲ စေတီတွေပေါ်ပေးတတ်တာပဲ။ စေတီအပျက်တွေမို့လို့ ဖိနပ်မချွတ်ခိုင်းတာလားတော့ မပြောတတ်ဘူး။ နေရာတော်တော်များများကိုတော့ အခမဲ့ ဝင်လို့ရပေမယ့် တစ်ချို့လူအလာများတဲ့ နေရာမျိုးတွေမှာတော့ foreigner တစ်ယောက်ကို ဝင်ကြေး ဘတ်ငါးဆယ်ပေးရတယ်။ ဘာပဲဖြစ်ဖြစ် ဒီတစ်ခေါက် အယုဒ္ဓယကို သွားဖြစ်လိုက်တာ တော်တော်ကျေနပ်တယ်။ လိုက်ပို့ပေးတဲ့ အကိုနဲ့အစ်မကို ကျေးဇူးတင်ရပါတယ်။ ပုဂံကို ပြန်သွားချင်တာကြာနေပေမယ့် သွားဖို့ကအဆင်မပြေဖြစ်နေတုန်း အခုလို နေရာမျိုးရောက်ဖြစ်လိုက်တာ နည်းနည်းတော့ စိတ်အဆာပြေသွားတယ်။
Bangkok က နိုင်ငံခြားသားတွေ သွားလေ့သွားထရှိတဲ့ နေရာတွေ နည်းနည်းပါးပါးလည်း ရောက်ဖြစ်ပါသေးတယ်။ Sea Life ၊ Madame Tussauds ၊ Jodd Fair Night Market အစရှိသဖြင့်ပေါ့။ များသောအားဖြင့် ပိုရောက်ဖြစ်တာကတော့ shopping mall တွေပဲ။ ကိုယ်ကဘာမှ မဝယ်ပေမယ့် သူများဝယ်တဲ့နောက် လျှောက်လိုက်ရင်း ရောက်ဖြစ်သွားတယ်။ Bangkok night life မှာ နာမည်ကြီးတဲ့ Khaosan ကိုလည်း နောက်ထပ် အစ်ကိုတစ်ယောက်လိုက်ပို့လို့ ပြန်ခါနီးမှရောက်လိုက်သေးတယ်။ ဒါပေမယ့် နားတွေတအားညည်းလို့ Khaosan နဲ့ကပ်ရပ် နောက်တစ်လမ်းကိုသွားပြီး လူရှင်းတဲ့ဆိုင်တစ်ဆိုင်ရှာ ထိုင်လိုက်ရတယ်။ အေးအေးဆေးဆေးထိုင်ပြီး စကားပြောချင်တဲ့ကိုယ်တွေနဲ့တော့ မကိုက်ဘူး။ ဘာပဲဖြစ်ဖြစ်ရောက်တော့ ရောက်ဖူးသွားတာပေါ့လေ။ Khaosan ထက်စာရင် Phra Khanong က W district ဆိုတဲ့ နေရာလေးကို တော်တော်သဘောကျတယ်။ အိန္ဒိယအစားအစာရောင်းတဲ့ မြန်မာဆိုင် တစ်ဆိုင်လည်းရှိတယ်။ ကျယ်ကျယ်ဝန်းဝန်းနဲ့ အေးအေးဆေးဆေးစကားပြောလို့ရတယ်။ အစားအသောက်လည်း မဆိုးဘူးလို့ ပြောရမယ်။
ပြန်ခါနီးတစ်ရက်မှာတော့ ညနေဘက် တစ်ယောက်ထဲ ICONSIAM ကို သွားဖြစ်လိုက်သေးတယ်။ အစကတော့ တစ်ယောက်ထဲဆိုတော့ ပျင်းပြီး မသွားတော့ပါဘူးဆိုပြီး နေနေသေးတယ်။ နောက်တော့ ခရီးသွားမှတော့လည်း ဟိုတယ်အခန်းထဲ အောင်းနေလို့ အကျိုးမရှိပါဘူးဆိုပြီး သွားဖြစ်လိုက်တယ်။ ICONSIAM က Chao Phraya မြစ်ရဲ့ တစ်ဖက်ကမ်းမှာဆိုတော့ ferry boat တွေနဲ့ ဆယ့်ငါးမိနစ်တစ်ခါ အခမဲ့ အပို့အကြိုလုပ်ပေးတယ်။ ferry boat နဲ့ လိုက်သွားလိုက်ရုံပဲ၊ ညနေဘက်သွားရင် ပိုလှတယ်ဆိုလို့ ညနေစောင်းမှ တစ်ယောက်ထဲ Google Map ကြည့်ပြီးသွားလိုက်တယ်။ ဖြစ်ချင်တော့ gate မှာ ICONSIAM ကိုသွားတဲ့ ferry boat တစ်မျိုးပဲ ရှိတယ်ထင်ပြီး ရုပ်တည်နဲ့ တွေ့တဲ့ ferry boat ပေါ်တက်လိုက်သွားလိုက်တာ Asiatique ရောက်သွားတယ်။ ဟိုရောက်နေတုန်း အယုဒ္ဓယကို လိုက်ပို့တဲ့ အကိုက ICONSIAM ကိုမသွားဘူးလား လှမ်းမေးတော့မှ သွားတော့သွားတယ် မတူသလိုပဲလို့ပြောပြီး ဓါတ်ပုံရိုက်ပြမှ ferry boat မှားစီးသွားမှန်းသိတယ်။ အဲဒါနဲ့ gate ကို ပြန်စီးသွားပြီး နောက် ferry boat ကို ပြောင်းစီးလိုက်ရတယ်။ တစ်ယောက်ထဲ ICONSIAM ထဲက Sook Siam မှာ တွေ့ရာလျှောက်ဝယ်စားပြီး ခရီးစဥ်ကို အဆုံးသတ်လိုက်တယ်။
Bangkok က တော်တော်ကြီးတိုးတက်နေပြီ။ Bangkok ကလို ခေတ်မှီအဆောက်အုံတွေ၊ BTS တို့ MRT တို့လို သယ်ယူပို့ဆောင်ရေးစနစ်တွေကို မှီဖို့ အဝေးကြီးလိုသေးတယ်။ ဒါပေမယ့် သူများတွေတော့မသိဘူး ကိုယ်တွေကတော့ Yangon ရဲ့ vibe လိုမျိုး Bangkok မှာ တစ်ခါတစ်ခါတော့ ရမိတယ်။ အိမ်နီးချင်းနိုင်ငံ ဖြစ်နေလို့လားတော့မသိဘူး တစ်ချို့အရာတွေက ကိုယ်တွေနဲ့ တော်တော်လေး တရင်းတနှီးရှိသလို ခံစားရတယ်။ နောက်တစ်ခုကတော့ မြန်မာတွေရောက်နေတာ အတော်များတာပဲ။ သွားခဲ့တဲ့ စားသောက်ဆိုင်တွေ တော်တော်များများမှာ မြန်မာတွေရှိတယ်။ နောက်ဆုံး ကိုယ့်အခန်းကို house keeping လာလုပ်တာတောင် မြန်မာပဲ။ ကိုယ့်နိုင်ငံက လုပ်စားကိုင်စားလို့မရတော့လည်း အကုန်ထွက်ကုန်ကြတာပေါ့။ အရင်ထဲကလည်း ရှိပါလိမ့်မယ်။ ဒါပေမယ့် အခုကတော့ ပိုဆိုးတာပေါ့။ ပြည်ပအလုပ်အကိုင်တွေရလို့ပဲ ဝမ်းသာရမလား၊ လူ့စွမ်းအားအရင်းအမြစ်တွေ ယိုစမ့်မှုအတွက် ဝမ်းနည်းရမလား မပြောတတ်တော့ဘူး။
ဘယ်လိုပဲဖြစ်ဖြစ် ဒီတစ်ခါလည်း ခရီးသွားရတာ နယ်ခံတွေရဲ့ ကျေးဇူးနဲ့ အရမ်းအဆင်ပြေတယ်။ မအားကြတဲ့ကြားကနေ တကူးတက လိုက်ပို့ပေး၊ မသိတာတွေဖြေပေး၊ မုန့်တွေလိုက်ကျွေးကြတဲ့ Bro တွေကို ကျေးဇူးတင်ပါတယ်။ နောက်တစ်ခေါက်လည်း ထပ်သွားဖြစ်ဦးမယ်ထင်ပါတယ်။ Krabi ဘက်ရယ်၊ Chiang mai ဘက်ရယ် သွားချင်သေးတယ်။ ဒါပေမယ့် နောက်နှစ်တော့ မရောက်ဖူးသေးတဲ့ Vietnam နဲ့ Japan ကို အရင်သွားချင်တယ်။ Japan ကတော့ သွားဖို့အဖော်ရှိမှပဲ ဖြစ်မယ်ထင်တယ်။ ဘယ်သူမှလည်း ခေါ်လို့မရဘူးဖြစ်နေတယ်။ ဝေးလည်းဝေး၊ ဈေးကလည်းကြီးဆိုတော့။ Vietnam ကတော့ သွားဖို့ပြောထားတာတွေရှိတယ်ဆိုတော့ အဲဒီပဲ အရင်သွားဖြစ်မယ်ထင်ပါတယ်။