2018

2018

2018 ကိုပြန်ကြည့်ရင် ဘာမှထွေထွေထူးထူး အပြောင်းအလဲ သိပ်မရှိခဲ့ဘူး။ အလုပ်နဲ့ပတ်သတ်ပြီး အပြောင်းအလဲဖြစ်ဖို့ အထပ်ထပ်အခါခါ အတော်လေးနီးစပ်မှုရှိခဲ့ပေမယ့် အကြောင်းကြောင်းတွေကြောင့် အထမမြောက်ခဲ့ဘူး။ ပုံမှန်လည်ပတ်နေတဲ့ အခြေအနေတွေထဲမှာပဲ ကောင်းမယ်ထင်လို့ ပြုပြင်လိုက်တာတွေရှိသလို မကောင်းမှန်းသိရက်နဲ့ လုပ်ချင်လို့ဆက်လုပ်နေတာတွေနဲ့ ကုန်ဆုံးခဲ့တယ်။ ပြီးခဲ့တဲ့နှစ်ရဲ့ သုံးပုံနှစ်ပုံလောက်က အလုပ်တွေနဲ့ အသည်းအသန်လုံးပန်းရင်း ဖြတ်သန်းခဲ့တယ်။ ကျန်တဲ့ တစ်ပုံလောက်မှာ အပြင်အလုပ်တွေ လုံးဝရပ်ပစ်လိုက်လို့ ကိုယ်ပိုင်အချိန်တွေ ပိုထွက်လာခဲ့တယ်။ အဲ့တော့မှ ကိုယ်လုပ်ချင်တာတွေ လုပ်ဖို့အချိန်ရလာပြီး စိတ်တော့အတော်ချမ်းသာသွားတာ အမှန်ပဲ။ တစ်ခါတစ်လေ ကိုယ်လုပ်ရမယ့်အရာတွေရှိလို့ လုပ်ချင်တာတွေ ဘေးချိတ်ထားရတယ်ဆိုရင် ပထမဆုံး မကျေမနပ်ဖြစ်မိတာက ကိုယ့်ကိုယ်ကိုပဲကိုး။

ပြီးခဲ့တဲ့နှစ်မှာ ခရီးကို လေးငါးနေရာလောက်သွားဖို့ စိတ်ကူးထားပေမယ့် တကယ်တမ်းကျတော့ နှစ်ဆန်းပိုင်းမှာ ရုံးနဲ့ ငွေဆောင်သွားတာရယ်၊ ကျောင်းကသူငယ်ချင်းတွေနဲ့ ပုဂံကို သွားတာရယ်နဲ့ နှစ်ကုန်ခါနီး သူတို့နဲ့ပဲ ပြည်ကိုသွားတာရယ်.. စုစုပေါင်း ၃နေရာပဲ သွားဖြစ်တယ်။ ခရီးသွားတယ်ဆိုတာကလည်း ကိုယ့်ဘာသာတစ်ယောက်ထဲ မြို့ထဲသွားသလို ကောက်ခါငင်ခါထသွားလို့ ရတာမျိုးမဟုတ်တော့ လူစုရတာနဲ့၊ အချိန်ညှိရတာနဲ့ နေရာရွေးရတာနဲ့ .. စီစဉ်ရတာနဲ့တင် မသွားခင်ပဲ အတော်ပင်ပန်းတဲ့အလုပ်ပါ။  သို့သော်ငြားလည်း ငယ်တုန်းရွယ်တုန်း အချိန်ရတုန်း သွားနိုင်လာနိုင်တုန်း သွားနိုင်သလောက် သွားထားတာ အကောင်းဆုံးပါပဲ။  နောက်မှဆိုတာမျိုးက ဘာမှရေရာသေချာတာ မဟုတ်ဘူးလေ။ အဲတော့ ဒီနှစ်လည်း သုံးလေးနေရာလောက်တော့ သွားဖို့မှန်းထားတာပဲ။

စာအုပ်တွေကတော့ ကြုံရင်ကြုံသလို မကြာခဏတော့ ဝယ်ဖြစ်ပါတယ်။ ဖတ်တာကလည်း ဒီနှစ်တော့ Goodreads က Reading challenge ကို English စာအုပ်တွေနဲ့ပဲ  သေချာလေးဂရုစိုက်ပြီး လုပ်ဖြစ်တယ်။ ကိုယ်က English ဘက် အားနည်းတော့ တမင်အားစိုက်ပြီး တွန်းဖတ်တဲ့ သဘောပါပဲ။ မြန်မာစာအုပ်တွေကတော့ ဖတ်လည်းဖတ်နိုင် ဖတ်လည်းဖတ်ဖြစ်နေတော့ အထူးတလည် လုပ်မနေတော့ပါဘူး။ ဖတ်ဖြစ်တာတွေကတော့ ကိုယ့်ဘာသာ တစ်နေရာရာမှာ review တွေ့လို့ စိတ်ဝင်စားပြီး ရှာဖတ်တာမျိုးကော၊ သူငယ်ချင်းတွေ ညွှန်းလို့ ဖတ်တဲ့ စာအုပ်တွေများပါတယ်။ English စာအုပ်ဆိုရင် အထူးသဖြင့် နိုင်လင်းအောင် ညွှန်းလို့ ဖတ်တာတွေရှိတယ်။ သူက ကိုယ့်ထက် ဖတ်နှုန်းလည်း မြန်သလို ဖတ်အားလည်း များတော့ တစ်ခါတစ်လေ ဘာတွေဖတ်နေလည်း ပြောကြရင်းနဲ့ စာအုပ်တွေ ညွှန်းပေးတတ်တယ်။ ၈အုပ်ကို တစ်နှစ်တည်းပြီးအောင် ဖတ်ဖို့ဆိုတော့ ကိုယ့်အတွက်တော့ အတော်အားစိုက်ပြီး အချိန်ပေးရတယ်။ ပြီးအောင်တော့ ဖတ်နိုင်ခဲ့တယ်။  ဒီနှစ်ကိုတော့ တစ်အုပ်တိုးပြီး ၉အုပ်လောက်များပြီးမလားလို့ ကြိုးစားဖို့မှန်းထားတယ်။

အခု အလုပ်မှာတော့ ရုံးရဲ့လိုအပ်ချက်အရ API တည်ဆောက်တဲ့ဘက်ကို လုပ်နေရတယ်။ အရင်ကိုယ်က API ကို အသုံးပြုရတဲ့ဘက်မှာလုပ်ရတာဆိုတော့ နှစ်ဖက်လုံးရဲ့ ဒုက္ခတွေကို သိထားတော့ အခု API တည်ဆောက်ရတဲ့အချိန်မှာ အတော်အဆင်ပြေသွားတယ် ပြောရပါမယ်။ တစ်ဖက်နဲ့ တစ်ဖက် ပြောရဆိုရ ဆွေးနွေးရတာ အရင်ကထက် ပိုပြီးချောမွေ့လာတယ်။ အလုပ်နဲ့ပတ်သတ်တဲ့ ပွဲတွေမတက်ဖြစ်တော့ဘူး။ စိတ်ထဲ အရင်တုန်းကလောက် သွားချင်စိတ်မရှိတော့ဘူး။ ကိုယ်သိတဲ့လူတွေလည်း သိပ်မလာကျတော့တာလည်း ဖြစ်ပါလိမ့်မယ်။ ခုတလော ခေတ်စားလာတဲ့ နည်းပညာအသစ်တွေထဲမှာတော့ Flutter ကို စိတ်ဝင်စားမိတယ်။ Animation လှလှပပနဲ့ ပေါ့ပေါ့ပါးပါး Application တွေအတွက် အတိုင်းအတာတစ်ခုအထိ နေရာရလာလိမ့်မယ်လို့ ထင်မိတယ်။

2018 နှစ်ဝက်လောက်ကစပြီး Facebook သုံးတာကို ရပ်လိုက်တယ်။ Account ကို လုံးဝဖျက်ချလိုက်တာတော့ မဟုတ်သေးပေမယ့် Login ကို ပြန်မဝင်ဖြစ်တော့ဘူး။ ဆိုးတာတစ်ခုကတော့ ကိုယ်စိတ်ဝင်စားပြီး ကိုယ့်အတွက်လိုအပ်တဲ့ သတင်း Update တွေမသိရတော့ဘူး။ ဟိုနေ့က Book Plaza မှာ စာအုပ်ပွဲတော်ရှိတာ ပြီးမှသိရသလိုမျိုးပေါ့။ ကောင်းတာတစ်ခုကတော့  မလိုတာတွေ မသိရတော့ဘူး။ ကိုယ်မကြည့်ရင်ပြီးတာပဲဆိုပေမယ့် ဟိုလူ share ဒီလူ share နဲ့ မြင်မြင်နေရတော့ စိတ်ဆင်းရဲပြီး ရန်တွေဖြစ်ကျ ဆဲကျဆိုကျတွေ တွေ့ရတော့လည်း အကုသိုလ်များတယ်ဆိုပြီး မသုံးဖြစ်တော့တာပါ။ ပြီးတော့ ဘာတွေများ ဖြစ်နေမလဲ၊ ဘာသတင်းအသစ်တွေ တက်နေမလဲ၊ ငါမသိရင် ငါတော့ ကျန်ခဲ့ (missing out ဖြစ်) တော့မှာပဲဆိုပြီး အားအားနေ ဖုန်းကို သွားသွားကိုင်မိနေတဲ့ ဒုက္ခကလည်း အတော်လေးသက်သာသွားတယ်။ မလိုတာတွေကို မသိကျေးကျွန်ပြုလိုက်ရတော့ နေရထိုင်ရတာ သိသိသာသာကို အေးချမ်းသွားတယ် ဆိုရမယ်။

Show Comments