2016

2016

နှစ်ကုန်တော့မယ်ဆိုတော့ ကိုယ့်ဟာကိုယ် ဒီနှစ်အတွက် review လေးတစ်ခုလောက် ပြန်ရေးထားတဲ့ သဘောပါပဲ။ နောက်ပိုင်း ပြန်ဖတ်လို့ရအောင် ဒိုင်ယာရီသဘောမျိုးပေါ့။ အရင် ကျောင်းတက်နေတုန်းကတော့ ဒိုင်ယာရီရေးဖြစ်တယ်။ နေ့ရက်နဲ့ အတိအကျရေးထားတော့ နောက်လိုအပ်ရင် ပြန်ပြန်ရှာဖတ်လို့ ရတာပေါ့။ ဒါပေမယ့် နောက်ပိုင်း ငပျင်းဖြစ်လာတော့ မရေးဖြစ်တော့ဘူး။ မှတ်ဉာဏ်ကလည်း မကောင်းတော့ တစ်ခုခုလိုရင် ပြန်စဉ်းစားရတာ တော်တော်လေး ခေါင်းနောက်တယ်။ The Big Bang Theory ထဲက Sheldon Cooper လိုမျိုး Eidetic Memory ရှိရင်လည်း ကောင်းသားပေါ့။

သေချာပြန်စဉ်းစားကြည့်ရင် ဒီနှစ်ထဲမှာ ရန်ကုန်အပြင်ဘက်လို လုံးဝကို မရောက်ဖြစ်လိုက်ဘူး။ ခရီးသွားဖို့ စီစဉ်ထားတာတွေ အကုန်ပျက်တယ်။ ဒီဇင်ဘာမှာသွားဖို့ အားခဲထားတဲ့ ခရီးတစ်ခု မသွားဖြစ်တော့တာ တော်တော်လေးဆိုးတယ်။ ခရီးသွားတယ်ဆိုတာက တစ်ယောက်ထဲ သွားလည်း ပျင်းဖို့ကောင်းတယ်။ သွားလည်း သွားဖြစ်မှာကို မဟုတ်ဘူး။ ဒီတော့ သူငယ်ချင်းတွေနဲ့ သွားဖို့ကြတော့လည်း ကိုယ်ကဖျက်လိုက် .. သူတို့က ဖျက်လိုက်နဲ့ .. ပျက်တာပါပဲ။ သွားကြမယ်ဟေ့ ဆိုပြီး အစီအစဉ် မရှိပဲ ထသွားလိုက်တာက တကယ် ခရီးရောက်တယ်။  ပြောမယ့်သာပြောပါတယ် .. ပြည်တွင်းမှာတောင် ကိုယ်သွားဖူးတယ်ဆိုတဲ့နေရာက လက်ငါးချောင်းမပြည့်ချင်ဘူး။ ငယ်ငယ်တုန်းကတည်းက အိမ်ကလူကြီးတွေက စိတ်မချလို့ ဘယ်မှသိပ်မလွှတ်ဘူး။ ခုကြီးလာတော့လည်း အဝေးပြေးလမ်းက ကား accident က ခဏခဏဖြစ်နေတော့ ခရီးသွားမယ်ဆို မနည်းကိုပြောယူရတာ။ မဟုတ်ရင်လည်း ဘယ်မှကို ရောက်တော့မှာ မဟုတ်ဘူးလေ။

အလုပ်နဲ့ ပတ်သတ်ပြီးတော့လည်း ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ နည်းပညာအသစ်တွေ သိပ်မလေ့လာဖြစ်ဘူး။ တကယ်တမ်းက ဘယ်လောက်ပဲ ဟောင်းဟောင်း ကိုယ်မသိသေးရင် ကိုယ့်အတွက်ကတော့ အသစ်ပါပဲ။ နောက်ဆုံးပေါ်ဖြစ်ဖြစ်၊ အဟောင်းပဲဖြစ်ဖြစ် .. ကိုယ်ကိုယ်တိုင်က excited ဖြစ်ပြီး လေ့လာရတာက ပိုပျော်ဖို့ကောင်းတယ်။ များသောအားဖြင့်လည်း လက်ရှိ technology trend ထဲကဆိုရင် ပိုပြီး excited ဖြစ်ကြတာပါပဲလေ။ (Trend တွေက အရမ်းမြန်လွန်းတော့လည်း လိုက်ကိုမမှီတော့ဘူး။ JS in 2016 ကို ဖတ်ကြည့်တာ တော်တော်ကျန်ခဲ့ပြီဆိုတာ သိသာတယ်။ တစ်ခုရှိတာက ကိုယ်က JS မရေးတော့တာလည်းပါမှာပေါ့လေ။ ) အရင် .. Codeigniter နဲ့သုံးနေတုန်း .. Laravel ပေါ်လာကာစ တုန်းကလိုမျိုး .. JQuery တွေခေတ် ဖြစ်နေတုန်းမှာ Backbone လို JS Framework ပြောင်းသုံးကြည့်တာမျိုး ..  API တွေရေးနေတုန်း Android ဘက်ကို ခြေစုံပစ်ဝင်လိုက်သလိုမျိုးပေါ့။။ အလုပ်မှာ လိုအပ်လို့ ကိုယ်မသိသေးတာတွေ လိုက်လေ့လာရတာတော့ ရှိတယ်။ ဒါပေမယ့် အပေါ်မှာပြောခဲ့သလို အခိုက်အတန့်မျိုးကတော့ ဒီနှစ်မှာ မရှိလိုက်တာ အမှန်ပဲ။

ဒီနှစ်မှာ ကျေနပ်စရာတစ်ခုကတော့ စာအုပ်တွေ တော်တော်လေးဝယ်ဖြစ်တာပဲ။ စာအုပ်ပွဲတော် တော်တော်များများကိုလည်း ရောက်ဖြစ်တယ်။ အရင်နှစ်တွေကထက်လည်း စာအုပ်တွေပိုဖတ်ဖြစ်တယ်။ ဝယ်သမျှ အကုန်ဖတ်နိုင်လို့လား ဆိုတော့ မဖတ်နိုင်သေးပါဘူး။ ဒါပေမယ့် တစ်ချို့စာအုပ်တွေကျတော့လည်း သိမ်းချင်လို့ဝယ်တာ။ တစ်ချို့စာအုပ်တွေကျတော့လည်း နှမျောလို့ မဖတ်သေးတာ။ ဒီလိုနဲ့ မဖတ်ရသေးတာတွေတော့ များတယ်။ စာဖတ်တယ်ဆိုတာမျိုးကလည်း စာအုပ်ဘယ်နှစ်အုပ် ဖတ်ပြီးပြီဆိုတာထက် .. ကိုယ်ဖတ်ပြီးတဲ့ စာအုပ်ကနေ ကိုယ်ဘာရလိုက်လဲဆိုတာက ပိုအရေးကြီးတာကိုး။ စာအုပ်ဘယ်နှစ်အုပ် ဖတ်ပြီးပြီ ကြွားချင်လို့ တစ်အုပ်ပြီး တစ်အုပ် ဆက်တိုက်ဖတ်တယ်ဆိုတာ လုံဝအကျိုးမရှိဘူး ပြောလို့မရပေမယ့် အာနိသင်ခြင်းတော့ မတူဘူး။ ကိုယ့်အယူအဆနဲ့ ကိုယ်ပဲပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် စာဖတ်တယ်ဆိုတာကတော့ စာမဖတ်ဘူးဆိုတာထက်တော့ ကောင်းတာပါပဲ။

နောက်ဆုံးတစ်ခုကတော့ ဖုန်းလဲဖို့ ကြံစည်နေတာကြာပြီ။ လဲကိုမလဲဖြစ်သေးဘူး။ Pixel by Google ကို စောင့်နေခဲ့တာ .. တကယ်လည်း ထွက်ကော ဈေးက iPhone နဲ့ တန်းညှိလိုက်တော့ အရမ်းကြိုက်ပေမယ့် မဝယ်နိုင်တော့ပြန်ဘူး။ ဒီတော့ ကိုယ်ကြိုက်တဲ့ဖုန်းက OnePlus3 ရယ် .. Huawei P9 ရယ် .. Nexus 6P ရယ် ပဲကျန်တယ်။ အဲဒီမှာ P9 ရဲ့ camera ကို အရမ်းသဘောကျပေမယ့်လည်း Emotion UI ကြီးကို သဘောမကျတဲ့အတွက် ထပ်ဖယ်လိုက်တော့ .. OnePlus3 ရယ် Nexus 6P ရယ်ပေါ့။ OP3 က Nexus 6P ထက် Specs တွေ သာတယ်။ ဒါပေမယ့် .. Nexus 6P က Google က official OTA ရတယ်။ အဲနှစ်ခုကို ချိန်ရင်း ချိန်ရင်းနဲ့ ဘာဝယ်ရမှန်းမသိတာနဲ့ မဝယ်တော့ဘူးကွာ.. ဖုန်းအဟောင်းလေးပဲ ဆက်ကိုင်မယ်ဆိုပြီး နေရာကနေ မနေ့ညကမှ ဖုန်းက Taxi ပေါ်ကျန်ခဲ့တော့ မဝယ်မဖြစ်ကို ဝယ်မှရတော့မယ့် ကိန်းဆိုက်သွားပြီ။ လတ်တလော ဝယ်ဖို့ကျတော့ Nexus 6P က ဈေးထပ်မကျသေးဖူးဆိုတော့ OP3 ကိုပဲ ဝယ်ဖြစ်ဖို့များပါတယ်။

Show Comments