24. September 2016

စကား

မြန်မာစကားတော့ မြန်မာတိုင်းနားလည်ကြတာပါပဲ။ ဒါပေမယ့် ပြောချင်သလိုပြော နားလည်ချင်သလို နားလည်ကြတာ။ ပြောတဲ့သူကလည်း တစ်ဖက်သူ နားလည်အောင် စီကာပတ်ကုံးပြောတတ်ဦးမှ။ နားထောင်တဲ့သူကလည်း ပြောတဲ့သူ ဘာကိုဆိုလိုချင်နေတာလဲ ဆိုတာကို အဓိပ္ပာယ်ကောက်တတ်ဦးမှ။ အဲလို နှစ်ဦးနှစ်ဖက် အဆင်ပြေမှ ခရီးရောက်တာ။ မဟုတ်လို့ကတော့ အလကားပဲ။ လေကုန် နားညည်းတာပဲ အဖတ်တင်တာ။ အဲလို လေကုန် နားညည်းရုံတင်ဆို တော်သေးတယ်။ အခန့်မသင့်ရင် ရန်ပါထဖြစ်နိုင်တဲ့ အခြေအနေအထိရှိတယ်။

[...]

10. April 2016

A Chronicle Of A Death Foretold

Gabriel Garcia Marquez ကို ဆရာသင့်လူ ဘာသာပြန်တဲ့ “ဝေးလွင့်ကင်းကွာ နှစ်တစ်ရာ” (One Hundred Year Of Solitude) နဲ့ စရင်းနှီးခဲ့တာပါ။ ဘူဝမ်းဒီယားမိသားစုရဲ့ အဘိုးကနေ မြစ်အထိ မျိုးဆက်သုံးလေးဆက်ကို ဇာတ်အိမ်ဖွဲ့ပြီး ရေးသားထားတာပါ။ အဲဒီစာအုပ်ကနေပဲ Marquez ရဲ့ ပရိတ်သတ် လုံးလုံးလျားလျားကို ဖြစ်သွားခဲ့တယ်။ သူ့စာရေးဟန်က ထူးခြားတယ်။ ထေ့လုံး သော့လုံး တွေပါတယ်။ ပဉ္စလက် သရုပ်မှန် (Magic Realism) လို့ခေါ်တဲ့ ဆန်းကြယ်သော စိတ်ကူးနှင့် အစစ်အမှန်တို့ကို တမင်အားထုတ်ခြင်း မရှိဘဲ သဘာဝကျကျ ပေါင်းစပ်ထားတဲ့ဟန် ကို အထူးပြုတယ်။ ဒီလိုနဲ့ပဲ သူ့စာအုပ်တွေ ဝယ်စုဖြစ်တယ်ပေါ့ ။ ဆရာသင့်လူ ဘာသာပြန်ထားတာတွေ များပါတယ်။

[...]

08. March 2016

အစ

ဘယ်အရာမဆို “အစ” က အရေးကြီးသည်။ “အစကောင်းမှ အနှောင်းသေချာ” တဲ့။ “အစကတည်း ယဉ်သကို” ဖြစ်နေလို့ကတော့ အဆုံးက လှမည်မထင်။ ထို့ကြောင့် မစခင်တည်းက သေချာပြင်ဆင်ဖို့ လိုပေလိမ့်မည်။ ဖြစ်သလိုနဲ့ပဲ စခဲ့ပြီး တကယ်တမ်း မဖြစ်တော့မှ တို့လို့တန်းလန်းတွေနဲ့ မဆုံးခဲ့တာတွေလည်း ဒုနဲ့ဒေး။ ဖြစ်သလိုပဲ အဆုံးသတ် ခဲ့ရတာတွေကလည်း မနည်းမနော။ အဆုံးသတ်ဖို့အရေး အစကို ပြန်ရှာမရ တော့တာတွေကလည်း တပုံတပင်။ သေချာတာကတော့ အဲဒါ အစမကောင်းခဲ့လို့ .. ။

[...]

29. February 2016

အလွဲများ - ၁

တကယ်တော့ ဒီတစ်ပတ် Monday က အေးဆေးရယ်။ ပြီးခဲ့တဲ့ အပတ်က ပြီးထားတဲ့ project ကို testing လုပ်ဖို့အတွက် user guide ရေးပေးရုံကလွဲရင် ဘာ task မှ လုပ်စရာကို မရှိတာ။ ဆိုတော့ကာ အရင်ဆုံး .exe ကို export ထုတ်ပြီး upload မလုပ်ခင် တစ်ခေါက်လောက်တော့ စမ်းကြည့်လိုက် ပါဦးမယ်လေဆိုတော့မှ error နဲ့စတိုးတော့တာပဲ။ IDE နဲ့ run တာကော Jar နဲ့ run တာကော နှစ်မျိုးလုံး အဆင်ပြေတယ်.. .exe ထုတ်ပြီး မစမ်းတော့ပါဘူးဆိုပြီး ပေါ့လိုက်တာ တကယ်လည်း စမ်းကြည့်ရော web interface အတွက် css တို့ js တို့ စတဲ့ static files တွေက အလုပ်မလုပ်ဘူး။ နည်းနည်းတော့ ပူထူသွားပေမယ့် ၂ နာရီခွဲကို နောက်ဆုံးထားပြီး ပေးရမှာဆိုတော့ မှီပါတယ်လေပေါ့။

[...]

07. February 2016

BLE

ဒီတစ်ပတ် အလုပ်နဲ့ပတ်သက်ပြီးတော့ BLE (Bluetooth Low Energy) ကိုသုံးပြီး Android Chat Application သေးသေးလေးတစ်ခု ရေးဖြစ်တယ်။ BLE နဲ့ တစ်ခါမှ မလုပ်ဖူးသေးပေမယ့် scope ကလည်းသေးတယ်၊ အချိန်ကလည်း ၃ ရက်လောက် ရတယ်ဆိုတော့ အေးဆေးပေါ့။ နောက်ပြီး BLE ဆိုတာကိုလည်း အရင်က iBaecon နဲ့တွဲပြီး ကြားဖူးထားတော့ Reference တွေ Sample Project တွေ လုံလုံလောက်လောက်ရှိမှာပဲလို့ ထင်ထားမိလိုက်တာ ငါးပါးကို မှောက်တာပဲ :3 ။

[...]