2023

2023 က အကုန်မြန်တဲ့ နှစ်တစ်နှစ်လို့ပဲ ပြောရမယ်။ ဟိုလုပ်ဒီလုပ်နဲ့ပဲ နှစ်ကုန်ပိုင်းရောက်သွားတယ်။ တစ်လလောက် ရန်ကုန်ကို ပြန်ဖြစ်ခဲ့တာရယ်၊ အိမ်ကို သူငယ်ချင်းဧည့်သည်တွေ တစ်သုတ်ပြီးတစ်သုတ် လနဲ့ချီပြီး လာနေခဲ့တာရယ်ကြောင့် အချိန်က ကုန်မှန်းမသိ ကုန်သွားတာဖြစ်မယ်ထင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် နှစ်ကုန်ပြီဆိုတော့လည်း အစဥ်အလာကို ထိန်းသိမ်းတဲ့အနေနဲ့ ရေးတဲ့သဘောပါပဲ။ ဘာလိုလိုနဲ့ ဒီလိုမျိုး နှစ်တိုင်းရေးလာတာ 2016 ကတည်းကဆိုတော့ ရှစ်နှစ်တောင်ရှိခဲ့ပြီ။

ကိုယ့်အလုပ်နဲ့ ပတ်သတ်ရင် 2023 ရဲ့ main trend ကတော့ AI ပဲ။ ဘယ်နေရာကြည့်ကြည့် AI ပဲ။ ရုံးကလည်း နည်းပညာအသစ်ဆိုရင် တအား hype ဖြစ်တဲ့အထဲမှာပါတော့ AI နဲ့ ပတ်သတ်တဲ့ product ထုတ်မယ်ဆိုပြီး ဇာတ်လမ်းစရော။ အသစ်တွေလုပ်လွန်းလို့ ဟိုတန်းလန်း ဒီတန်းလန်းနဲ့ နောက်ကလိုက်ရှင်းရတာတွေများပြီး မနိုင်မနင်းတွေ ဖြစ်လွန်းတော့ အသစ်ဆိုတဲ့ အသံကြားတာနဲ့ ငြင်းဖို့အသင့်က ဖြစ်နေပြီးသားပဲ။  လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကလည်း Meta ရဲ့ကျေးဇူးနဲ့ Metaverse ကို ကြိုးပမ်းလိုက်သေးတယ်။ နည်းပညာအရကော ဈေးကွက်အရပါ မဖြစ်နိုင်ဘူး၊ စောသေးတယ်ပဲ ပြောခဲ့တာ။ အဲဒီတုန်းကတော့  အဲ့ဒီ project မှာ ကိုယ်မပါလိုက်သလို ဘာမှလည်း ဆက်မဖြစ်လိုက်ဘူး။ ဒီတစ်ခေါက်တော့ ကိုယ့်ဆီကို တည့်တည့်လာတာဆိုတော့ ငြင်းလည်း ငြင်းတာပဲ အဖတ်တင်တယ်။ လုပ်တာကတော့ လုပ်ရတာပါပဲ။ ဒီတစ်ခါတော့ တခြားမှာ free သုံးလို့ရနေတာကို လူတွေက ဘာလို့ ပိုက်ဆံပေးပြီး ဒီ product ကို သုံးရမှာလည်းဆိုပြီး ငြင်းခဲ့တာ။ ဒါပေမယ့် အခု product ကတော့ ထင်ထားတာထက် ပိုပြီးအဆင်ပြေသွားခဲ့တယ်။ Paid product တစ်ခု အတွက် လိုအပ်တဲ့ value added feature တစ်ချို့ကို အချိန်မီထည့်လိုက်နိုင်တာလည်း ပါမယ်ထင်တယ်။ ဒီတစ်ခါတော့ ကိုယ့်ခန့်မှန်းချက်က မှားခဲ့ပေမယ့် အမှားကောင်းလို့ပဲ မှတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီနှစ်အတွက် milestone တစ်ခုတော့ ဖြစ်သွားတာပေါ့။

တစ်ချို့အရာတွေက တွေးတောင်တွေးမထားမိပေမယ့် ဖြစ်ချင်ရင် သူ့အလိုလိုဖြစ်ကုန်တာပဲ။ အရင်က piano ကို ရန်ကုန်က ဆရာမနဲ့ zoom ကနေသင်နေတာ တစ်နှစ်ခွဲကျော်ကျော်လောက်ရှိမယ်။ ကိုယ်က တစ်ခါတစ်လေ အလုပ်များတာကလည်း ရှိတတ်သလို အပျင်းကလည်းထူတာဆိုတော့ ခွင့်တွေယူလိုက်၊ practise ပုံမှန်မလုပ်လိုက်နဲ့ ခရီးရောက်သင့်သလောက် မရောက်ဘူးဖြစ်နေတယ်။ ဒီလိုနဲ့ ဆရာမက ဒီနိုင်ငံက music school တစ်ခုမှာ piano လာသင်ဖို့ဖြစ်လာတော့ ကိုယ်လည်း အဲဒီမှာပဲ လိုက်တက်ဖြစ်လိုက်တော့တယ်။ အစကတော့ တက်ဖို့ ချီတုံချတုံပဲ။ ထုံးစံအတိုင်း ဒီကကျောင်းဆိုတော့ ဈေးကလည်း မနည်းဘူးကိုး။ ဒါပေမယ့် တကယ်တမ်း acoustic piano နဲ့ သင်ကြည့်ပြီးတော့မှ electronic piano နဲ့ အတော်ကွာမှန်း သဘောပေါက်တယ်။ ဒါတောင် ရိုးရိုး keyboard မဟုတ်တဲ့ fully-weighted။ ကွာတာကတော့ Pedal နင်းတာကအစ၊ touch အဆုံးပဲ။ အိမ်မှာက electronic piano နဲ့ တီးတဲ့အပြင် အသံကိုပါတိုးပြီး တီးတာဆိုတော့ တကယ်တမ်း acoustic piano နဲ့ကျတော့ ပြဿနာတက်တာပဲ။ အခုထိ အသားကျအောင် ကြိုးစားနေရတုန်းပဲ။ Expression မပါပဲ notes တွေပဲမှန်အောင် တီးနေတဲ့ ပြဿနာလည်း မရှင်းနိုင်သေးဘူး။ ဆရာမကတော့ စိတ်ရှည်ရှာပါတယ်။ အထူးသဖြင့် music theory အချိန်ဆို အာပေါက်ချက်ပဲ။ အခုတော့ တက်ဖြစ်လိုက်တာ မှန်သွားတယ်လို့ပဲ ပြောရမယ်။ မဟုတ်ရင် ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ ဘာမှမထူးပဲ ဖြစ်နေတော့မှာ။

အိမ်ပိုင်ရာပိုင်နဲ့ အခြေတကျမဟုတ်တော့ အိမ်က ခဏခဏပြောင်းရတယ်။ အိမ်တစ်ခါတစ်ခါ ပြောင်းရတာလည်း လွယ်တာမဟုတ်ဘူး။ ဒီကို ရောက်လာခါစတုန်းကတော့ ခရီးဆောင်အိတ်တစ်လုံးနဲ့ လက်ဆွဲအိတ်တစ်အိတ်ပဲပါခဲ့တာ။ အချိန်ကြာလာတော့ ဟိုပစ္စည်းလိုအပ်လို့ ဝယ်လိုက်၊ ဒီပစ္စည်းလိုချင်လို့ ဝယ်လိုက်နဲ့ တဖြည်းဖြည်းများလာတယ်။ WFH ဆိုတော့ အလုပ်နဲ့ ပတ်သတ်တဲ့ စားပွဲ၊ ထိုင်ခုံတွေက အစပေါ့။ ဒါတောင် အခုလို အိမ်ပြောင်းရင် ဒုက္ခများမှာသိလို့ ကိုယ့်ကိုယ်ကိုအတော်လေး ပြန်သတိထားနေရသေးတာ။  ဒီတစ်ခါတော့ အရင်ကလို သူများငှားထားတဲ့အိမ်မှာ အိပ်ခန်းလေးပဲ ပြန်ငှားတာမဟုတ်ပဲ သုံးယောက်ထဲ စုပြီး တစ်အိမ်လုံးငှားလိုက်တာဆိုတော့ အေးအေးဆေးဆေးဖြစ်သွားတာတော့ အမှန်ပဲ။ ပိုက်ဆံနည်းနည်း ပိုပေးလိုက်ရပေမယ့် သီးသန့်လိုဖြစ်သွားတော့ တန်တယ်ပဲပြောရမှာပဲ။ အရင်ကဆို တခြားသူတွေနဲ့ဆိုတော့ ထမင်းစားပွဲမှာ ထမင်းစားဖို့တောင် သူများစားတာပြီးတဲ့အထိ စောင့်နေရတယ်။ တစ်ခါတစ်လေ မစောင့်နိုင်တော့ရင် ကိုယ့်အိပ်ခန်းထဲကို ယူစားလိုက်ရတော့တာပဲ။ အခုတော့ မီးဖိုချောင်ကအစ ကိုယ်တွေပဲဆိုတော့ လက်တည့်စမ်းပြီး ဟင်းလေးဘာလေးစချက်ကြည့်လို့ ရသွားပြီ။ လောလောဆယ်တော့ ကိုယ့်ဟာကိုယ်ချက်၊ ကိုယ့်ဟာကိုယ်စားပြီး ကောင်းတယ်လုပ်နေတဲ့ အခြေအနေပေါ့။ နှစ်နည်းနည်းကြာကြာလေး စာချုပ်ချုပ်လိုက်တာဆိုတော့ အပြောင်းအရွှေ့ကိစ္စကို အချိန်တစ်ခုအထိတော့ ခေါင်းထဲက ထုတ်ထားလို့ရသွားတယ်။ ဒီမှာ အိမ်ငှားခတွေကလည်း တောက်လျှောက်တက်နေတာဆိုတော့ တစ်နှစ်တစ်ခါပြောင်းဖို့ဆိုတာ လွယ်တာမဟုတ်ဘူး။

နှစ်ကုန်ခါနီးမှာ အဖွားဆုံးသွားတာကလည်း ဒီနှစ်အတွက် စိတ်မကောင်းစရာ အဖြစ်အပျက်တစ်ခုပဲ။ နောက်ဆုံးခရီးကို လိုက်မပို့နိုင်ခဲ့ပေမယ့် အနည်းငယ် ဖြေသာတာတစ်ခုက နှစ်ဝက်လောက်မှာ ရန်ကုန်ကို တစ်ခေါက်ပြန်ဖြစ်လိုက်လို့ အဖွားကို နောက်ဆုံးအနေနဲ့ တွေ့ခွင့်ရလိုက်တယ်။ ဒီတစ်ခါပြန်တော့ အဖွားက ကိုယ့်ကိုတွေ့တိုင်း အုန်းထမင်းစားပြီးပြီလားဆိုပြီး ထူးထူးဆန်းဆန်း ခဏခဏ မေးနေခဲ့တာကတော့ အမှတ်တရပါပဲ။ အဲဒီတုန်းကတော့ အဖွားက ငါ့ကို တွေ့တိုင်း ဘာလို့ ဒါပဲမေးနေတာလဲဆိုပြီး တွေးနေခဲ့သေးတယ်။ ဒါဟာ အဖွားကို နောက်ဆုံးတွေ့ခြင်းဖြစ်မယ်လို့ ဘယ်လိုလုပ်ထင်ခဲ့မိမှာလဲ။ လူတိုင်းဟာ အချိန်တန်ရင် ထွက်သွားရမှာ မှန်ပေမယ့်လည်း ကျန်ရစ်ခဲ့ရတဲ့သူတွေကတော့ စိတ်ထဲပူဆွေးကြရတာပေါ့လေ။ ကိုယ့်အလှည့်ကို မရောက်မချင်းပေါ့။

ဒီနှစ် ဒီဇင်ဘာလထဲမှာ ရန်ကုန်ကို နောက်တစ်ခေါက်ပြန်ဖို့ အောက်တိုဘာလ အစောပိုင်းထဲက လက်မှတ်ကြိုဖြတ်ထားခဲ့တာ။ BKK ကို သွားရင်ကောင်းမလား၊ ရန်ကုန်ကိုပဲ နောက်တစ်ခေါက်ပြန်ရင် ကောင်းမလားဆိုပြီး တွေးရင်းနဲ့ ရန်ကုန်ပဲပြန်မယ်ဆိုပြီး ရွေးခဲ့လိုက်တာ။ တွေ့ရမယ့်သူက ရန်ကုန်မှာရှိတာကိုး။ ဒါပေမယ့် အခြေအနေအကြောင်းကြောင်းတွေကြောင့် မပြန်ဖြစ်လိုက်တော့ဘူး။ အိမ်ကလည်း စိုးရိမ်လွန်းအားကြီးတတ်တော့ ကိုယ်ကပြန်ရောက်လာပြီး ဟိုသွားဒီသွားနဲ့ဆို ကိုယ့်ကြောင့် လူကြီးတွေ သွေးတက်ကုန်မှာလည်း ကြောက်ရသေးတယ်။ ဒီလိုနဲ့ပဲ ဒီနှစ်တော့ အိမ်မှာပဲ သောင်တင်သွားတော့တယ်။ ထုံးစံအတိုင်း ရုံးက ဒီဇင်ဘာနောက်ဆုံးအပတ်ဆို ပိတ်တာကိုး။ ရုံးကတော်တော်များများလည်း ကိုယ့်နိုင်ငံကိုယ် ပြန်ကြတာဆိုတော့ ဘယ်သူကိုမှ အဖော်စပ်လို့ မရလိုက်ဘူး။ တစ်ချို့ကတော့ တစ်ယောက်ထဲ ခရီးသွားကြည့်ဖို့ ပြောကြတယ်။ တစ်ယောက်ထဲ သွားဖို့ကျတော့ ပျင်းဖို့ကောင်းတယ်ဆိုပြီး မသွားဖြစ်ဘူး။ သွားတော့ သွားကြည့်ပါဦးမယ်။ တစ်ချိန်ချိန်ပေါ့။

နှစ်တစ်နှစ်ကတော့ သူ့ဟာနဲ့သူ အချိန်တန်လို့ ကုန်တော့မယ်။ ဒီနှစ်အတွက် ပြန်တွေးကြည့်ရင် တတ်နိုင်သမျှအဆင်ပြေအောင် နေခဲ့တယ်လို့တော့ ထင်တာပဲ။ အဆင်မပြေတာတွေလည်း အများကြီးရှိခဲ့တာပေါ့လေ။ ဒါပေမယ့် သတိထားမိသလောက်တော့ အရမ်းဆိုးဆိုးရွားရွားကြီး ဘာမှသိပ်မရှိခဲ့ဘူး။ အသက်ကြီးလာလို့လားတော့ မသိဘူး။ နှစ်သစ်မှာ ဘာလုပ်မယ်၊ ညာလုပ်မယ်၊ ဘာဖြစ်ချင်တယ်၊ ညာဖြစ်ချင်တယ်ဆိုတာထက် ရှေ့ဆက်ပြီး တတ်နိုင်သမျှ အဆင်ပြေအောင် ဘယ်လိုနေရမလဲပဲ တွေးမိပါတယ်။ လောကကြီးမှာ အဆင်မပြေမှုတွေက အတော်များသကိုး။