2022
2022 က ရှေ့နှစ်နှစ်နဲ့ ယှဥ်ရင်တော့ ပုံမှန်အခြေအနေဘက်ကို ပြန်ရောက်လာတဲ့နှစ်လို့ ပြောလို့ရတယ်။ 2020 ကတော့ ပြဿနာပေါင်းသောင်းခြောက်ထောင်နဲ့ ဘဝတစ်လျှောက်လုံးမှာ စိတ်ဓါတ်အကျခဲ့ရဆုံး အချိန်တွေပဲ။ Depression ဆိုတာ ဘယ်လိုမျိုးလည်းဆိုတာကို ကိုယ်တိုင် နဖူးတွေ့ ဒူးတွေ့ ကြုံခဲ့ရတယ်။ 2021 ရောက်တော့လည်း သိတဲ့အတိုင်းပဲ၊ Coup ကြောင့် အားလုံးကမောက်ကမတွေ ဖြစ်ကုန်တယ်။ အခုထိလည်း ဘာမှအပြောင်းအလဲ မရှိသေးဘူးဆိုပေမယ့် ဖြစ်ခါစ အချိန်တွေတုန်းကလောက်တော့ စိုးရိမ်ရတဲ့ အခြေအနေ မဟုတ်တော့ဘူးပေါ့။ 2022 မှာ Covid နဲ့ ပတ်သတ်တဲ့ restrictions တွေအားလုံးနီးပါးလည်း ဖြေလျော့လိုက်တော့ အရာရာဟာ ပုံမှန်ပြန်ပြီး လည်ပတ်လာခဲ့တယ်။
အလုပ်နဲ့ ပတ်သတ်ရင်တော့ နှစ်အစမှာ မမျှော်လင့်ပဲနဲ့ team lead ရာထူးတိုးသွားတယ်။ အရင်က ကိုယ့်အလုပ်ကိုယ်ပဲ ပြီးအောင် အာရုံစိုက်ဖို့လိုပေမယ့် အခု တခြားသူတွေရဲ့အလုပ်ပါ ဝင်ပြီးတော့ အာရုံစိုက်ပေးရတယ်။ အရင်ကထက် စကားတွေအများကြီး ပိုပြောရတယ်။ Meeting တွေပိုများလာတယ်။ ကိုယ့် team ရဲ့ Weekly/Monthly Report တွေလုပ်လာရတယ်။ code တစ်ကြောင်းမှ မရေးလိုက်ရပဲ meeting တွေ၊ call တွေနဲ့ပဲ ပြီးသွားတဲ့ ရက်တွေရှိလာတယ်။ လူတွေကို manage လုပ်ရတာ ထင်သလောက်မလွယ်ဘူးဆိုတာ ပိုပြီး သဘောပေါက်လာတယ်။ အထူးသဖြင့် အားနာတတ်တာနဲ့ စိတ်မရှည်တာကို အတော်လေး သတိထားပြီး ပြင်နေရတယ်။ အားနာတတ်တော့ ကိုယ့် team ထဲကလူတွေကို one-on-one meeting မှာ feedback ပေးရတာ အရမ်းကြီး ပြောမထွက်သေးဘူး။ တဖြည်းဖြည်းနဲ့တော့ ကြိုးစားပြီးပြင်နေပါတယ်။ စိတ်မရှည်တာကတော့ အရင်ကထက်စာရင် အခု အတော်လေးစိတ်ရှည်လာတယ် ထင်တယ်။ စိတ်မရှည်ဖြစ်နေလည်း ဘာမှအကျိုးမရှိ၊ အလုပ်မပြီးတော့ တတ်နိုင်သမျှ စိတ်လျှော့ပြီးလုပ်ရတာ များလာတဲ့အခါ သူ့ဟာသူ အသားကျလာတယ် ထင်ပါတယ်။ နောက်တစ်ခုက အလုပ်တစ်ခုကို ဘယ်လို delegate လုပ်ရမလဲ စဥ်းစားလာရတယ်။ တစ်ခုခုဆို ကိုယ့်ဟာကိုယ်ပဲ လုပ်လိုက်တာ ပိုမြန်တယ်ဆိုတဲ့ mindset ကို အတော်လေးကြိုးစားဖျောက်ရတယ်။ ကိုယ်တစ်ယောက်ထဲနဲ့ အကုန်သိမ်းကြုံးလုပ်တာက တကယ်တမ်း ရေရှည်မှာ အလုပ်မဖြစ်တာကို နားလည်လာတယ်။ ဘာပဲဖြစ်ဖြစ် ဒီနှစ်အတွက်တော့ position အသစ်မှာ အတွေ့အကြုံအသစ်တွေ၊ စိန်ခေါ်မှုအသစ်တွေနဲ့ ဖြတ်သန်းရတာ ကျေနပ်စရာကောင်းပါတယ်။
တစ်နှစ်လုံးမှာ ခရီးနှစ်ခါသွားဖြစ်တယ်။ နှစ်အလယ်မှာ Penang ကို အစီအစဥ်မရှိပဲ သွားဖြစ်သွားတာဖြစ်ပြီးတော့ နှစ်အကုန်မှာတော့ Bangkok ကို သွားမယ်လို့ ကြိုစီစဥ်ထားခဲ့တာ။ Covid ကြောင့် နှစ်နှစ်လောက် ဘယ်မှမသွားရပဲ ပိတ်မိနေရာကနေ အခုလို ခရီးပြန်သွားရတာ အတော်လေးတော့ စိတ်ပြေလက်ပျောက်ဖြစ်တယ်။ တစ်ခုက နယ်မြို့လိုမျိုးဖြစ်နေတော့ အေးအေးချမ်းချမ်းရှိသလို နောက်တစ်ခုက မြို့တော်ဆိုတော့ စည်စည်ကားကားနဲ့ ပျားပန်းခက်နေတာမျိုးပေါ့။ သူ့ဟာနဲ့ သူတော့ တစ်မျိုးစီပါပဲ။ မတွေ့ရတာကြာတဲ့ မိတ်ဆွေအပေါင်းအသင်းတွေနဲ့လည်း ပြန်တွေ့ရတာပေါ့လေ။ တကယ်တော့ နှစ်အကုန်မှာ ဖြစ်နိုင်ရင် ရန်ကုန်ပြန်ချင်တာ။ ဒါပေမယ့် အခြေအနေတွေကမပေးသေးတော့ အိမ်မပြန်ရမယ့်အတူတူဆိုပြီး အသိတွေအများကြီးရောက်နေတဲ့ Bangkok ကို သွားမယ်ဆိုပြီး ဖြစ်သွားတာ။ ရန်ကုန်ကို ပြန်မရောက်ဖြစ်တာလည်း သုံးနှစ်ကျော်ပြီဆိုတော့ ပြန်ချင်ပေမယ့် နောက်နှစ်လည်း အခြေအနေကြည့်ရဦးမှာပဲ။ မဟုတ်ရင်တော့ ဒီနှစ်လိုပဲ တခြားနေရာတွေပဲ ရောက်ဖြစ်မယ်ထင်တယ်။
သြဂုတ်လကုန်ခါနီးမှာတော့ Covid ဖြစ်လိုက်သေးတယ်။ အိမ်ထဲက အိမ်ပြင်သိပ်မထွက်ဖြစ်လို့ မဖြစ်ပါဘူးလို့ ကြွေးကြော်နေပေမယ့် နှစ်ရက်လောက်ဆက်တိုက် အပြင်ထွက်လိုက်တာနဲ့ တန်းဖြစ်တော့တာပဲ။ လူငယ်လည်းဖြစ်၊ booster အထိလည်း ထိုးထားတယ်ဆိုတော့ အရမ်းကြီးတော့ မစိုးရိမ်ပါဘူး။ တကယ်လည်း ဘာမှသည်းသည်းသန်သန် မဖြစ်လိုက်ပေမယ့် အရသာပျောက်ပြီး ဆယ်ရက်လောက် အစာကောင်းကောင်းမစားနိုင်တော့ နဂိုထဲက အရိုးပေါ်အရေတင်ပဲရှိတဲ့ ခန္ဓာကိုယ်က အရိုးပဲကျန်တော့တယ်။ ဘာမှစားမရလို့ အရသာပြင်းတဲ့ ဒန်ပေါက်လိုမျိုးကို ရွေးစားတာတောင်မှ ဘာမှအရသာမရှိဘူး။ အစာမဝင်ရင် ပိုခံရမှာသိလို့ ကြိုးစားပြီးစားပေမယ့် ဘယ်လိုမှကို ဝင်အောင်စားမရတာ။ Negative ပြန်ဖြစ်သွားပြီး ပုံမှန်ပြန်ဖြစ်အောင် လနဲ့ချီပြီး စောင့်လိုက်ရတယ်။ အများနည်းတူတော့ ခေတ်မှီသွားတာပေါ့။
ဒီနှစ်ထဲ ပစ္စည်းတော်တော်များများကို ဝယ်မယ်ဝယ်မယ်ပြောပြီး တကယ်တမ်းတော့ ဘာမှ သိပ်မဝယ်ဖြစ်လိုက်ဘူး။ ဝယ်ဖို့ youtube မှာ product review video တွေတော့ အတော်လေးကြည့်ဖြစ်တယ်။ Laptop ကတော့ M2 pro နဲ့ ထွက်မယ့် macbook pro 14" က နောက်နှစ်ကို ရွှေ့သွားလို့ စောင့်လိုက်ရတာ။ တကယ်တော့ laptop တော်တော်များများရဲ့ review တွေကို ကြည့်ဖြစ်တယ်။ Design ကြိုက်ပြီး spec/performance မကြိုက်တာနဲ့၊ spec/performance ကြိုက်ပြီး design မကြိုက်တာနဲ့ တွေချည်းပဲများနေတယ်။ နှစ်ခုလုံး အဆင်ပြေတာမျိုးကြတော့ ဈေးကမတရားကြီးလွန်းတယ်။ အဲဒါနဲ့ပဲ နောက်ဆုံးတော့ ဈေးကြီးပေးရမယ့်အတူတူတော့ macbook pro ပဲဝယ်လိုက်တော့မယ် ဆိုပြီးဖြစ်သွားတယ်။ ကျန်တာတွေကတော့ ထုံးစံအတိုင်းချည်တုံချတုံနဲ့ အကောင်အထည် မဖော်ဖြစ်ပါဘူး။ အသိအကိုတစ်ယောက်ကတောင် ဝယ်မယ်ပြောပြီး ဘာမှမဝယ်လို့ မိန်းမယူဖို့ ပိုက်ဆံစုနေတာလားလို့တောင် နောက်နေသေးတယ် (မိန်းမယူဖို့မဟုတ်လည်း ပိုက်ဆံကတော့ စုရတာပေါ့)။ ဖုန်းလဲဖို့ Pixel 7 ကို အတော်လေး သဘောကျပေမယ့် လက်ရှိဖုန်းက ဘာဆိုဘာမှ မဖြစ်သေးတော့ အရမ်းကြီးစိတ်ကမပါဘူး ဖြစ်နေတယ်။ ဒီကြားထဲမှာ @JerryRigEverything ရဲ့ quote လေးတစ်ခုကိုသွားတွေ့တော့ ပိုဆိုးသွားတယ်။
If it is not broken, you don't need to fix it.
ဖုန်းဆိုလို့ Oneplus ကိုတော့ အတော်လေးနှမျောမိတယ်။ အရင်က android phone ဆို Pixel နဲ့ Oneplus ကိုပဲ မျက်လုံးထဲမြင်တယ်။ Flagship killer ဘာညာခဏထား၊ သူ့ရဲ့ OxygenOS နဲ့တင် သုံးရတာအတော်လေး အဆင်ပြေတယ်လို့ ခံစားရတယ်။ လက်ရှိလည်း Oneplus ပဲကိုင်နေတာပဲ။ ဒါပေမယ့်အခု Android 12 အတွက်ထုတ်တဲ့ OxygenOS က Oppo ရဲ့ ColorOS ပေါ်အခြေခံတာဖြစ်သွားပြီ။ Update လုပ်လိုက်မိတဲ့ ကိုယ့်ကိုယ်ကိုတောင် နောင်တရတယ်။ ဒါ့အပြင် ဒီနှစ်ထွက်တဲ့ Oneplus 10 series က ဟုတ်တိပတ်တိ ပြောရလောက်တဲ့ ပြောင်းလဲမှု ဘာမှပါမလာဘူး။ အဲတော့ ကိုယ့်အတွက် Android ဖုန်းဆိုရင် Pixel ပဲကျန်တော့တယ်။
ကိုယ့်အတွက်ကတော့ 2022 ဟာ stable ဖြစ်တဲ့ နှစ်တစ်နှစ်လို့ ပြောလို့ရတယ်။ အရာရာက သူ့ဟာနဲ့သူ ပုံမှန်လေး လည်ပတ်နေတယ်။ ဘာမှ ထူးထူးခြားခြား အပြောင်းအလဲမရှိသလို ဆိုးဆိုးရွားရွား ကျဆင်းမှုလည်း မရှိဘူး။ ရှေ့နှစ်တွေကသာ မဆိုးရွားခဲ့ဘူးဆိုရင် ဒီနှစ်က ပျင်းစရာကောင်းတဲ့ နှစ်လို့တောင် ပြောလို့ရမယ်။ ဒါပေမယ့် အဆိုးဘက်ကနေ အကောင်းဘက်ကိုရွေ့လာတဲ့ အရွေ့လေးကို မြင်ရလို့သာ မဆိုးပါဘူးလို့ထင်ရတယ်။ လာမယ့်နှစ်မှာတော့ ဘယ်လိုတွေဖြစ်မလဲ ပြောရခက်ပါတယ်။ Tech industry ကလည်း အကျဘက်ကို ရောက်လာသလို recession ဖြစ်မယ်လည်း ပြောနေကြတော့ စောင့်ကြည့်ရမှာပေါ့။ အကြမ်းဖျင်းတော့ ခက်ခဲမယ့်နှစ်လို့ ပြောလို့ရပေမယ့် ကိုယ်တစ်ယောက်ထဲမှ မဟုတ်တာပဲလေ။