2017

အချိန်ကုန်တာ မြန်လွန်းတော့ တစ်နှစ်တစ်နှစ်က ခဏလေးလိုပဲ။ မနှစ်က 2016 ဆိုပြီး ရေးခဲ့တာတောင် မနေ့တနေ့ကလိုပဲ ထင်ရတယ်။ ဒါပေမယ့် အချိန်ဆိုတာ သူ့ဘာသာ သူ့ပုံမှန်နှုန်းနဲ့ လည်ပတ်နေတာဆိုတော့ နှေးတယ်မြန်တယ်ဆိုတာလည်း ကာယကံရှင်ရဲ့ ဂရုပြုမှု မပြုမှု နဲ့ပဲ သက်ဆိုင်ပါတယ်။ ထားပါတော့။ နှစ်ကုန်ခါနီးတိုင်း တစ်နှစ်စာ ကိုယ့်ဘာသာ မှတ်တမ်းတစ်ခုလို ဒိုင်ယာရီတစ်ခုလို မှတ်ထားချင်တာရယ်၊ ဘာတွေတိုးတက်လာပြီး ဘာတွေဆုတ်ယုတ်သွားလည်း ပြန်ချိန်ထိုးချင်တာရယ်ကြောင့် ဒီနှစ်အတွက်လည်း ထပ်ရေးဖြစ်ပါတယ်။

မနှစ်က ရန်ကုန်အပြင်ဘက်တောင် မထွက်ဖြစ်ခဲ့ပေမယ့် ဒီနှစ်ကတော့ ဘဝမှာ ခရီးအသွားဖြစ်ဆုံးနှစ်လို့တောင် ပြောလို့ရခဲ့တယ်။ နှစ်ဆန်းပိုင်းမှာပဲ ငွေဆောင်ရောက်ဖြစ်တယ်။ နောက်ပြီး တစ်ပတ်မကြာဘူး ရုံးနဲ့ ကလော၊ အင်းလေး၊ တောင်ကြီး ထပ်သွားတယ်။ သီတင်းကျွတ်မှာ မထင်မှတ်ပဲ မန္တလေးကိုလည်း ထပ်သွားဖြစ်လိုက်သေးတယ်။ ရှေ့ခရီးတွေတုန်းက သူများစီစဉ်တာကို အခန့်သားလိုက်သွားရုံဆိုတော့ အတော်သက်သာတယ်။ မန္တလေးကိုကျတော့ ကိုယ့်ဘာသာ စီစဉ်ဖို့လည်းဖြစ်လာတယ် ပြီးတော့ တစ်ခါမှလည်း မစီစဉ်ဖူးတော့ အတော်လေး ကသီတယ်။ သွားခါနီး နှစ်ရက် သုံးရက်အလိုမှ ထစီစဉ်ရတာဆိုတော့ ကားလက်မှတ်ရဖို့တောင် မနည်းရှာယူရတယ်။ ပိတ်ရက်ရှည်ဆိုတော့ ခရီးသွားကျ နယ်ပြန်ကျနဲ့ ကားလက်မှတ် ဝယ်ရအတော်ခက်တယ်။ ဟိုတယ်အခန်းရဖို့ကို ဟိုမေးဒီမေးနဲ့ နောက်ဆုံးတော့လည်း TripAdvisor နဲ့ Agoda မှာ ရှာပြီး အဆင်ပြေသွားတယ်။ ဟိုကျတော့လည်း ရောက်တော့မှ သိကြတယ်ဆိုပေမယ့် တကယ်ကို စိတ်ရောကိုယ်ပါ ကူညီပေးကျခဲ့တဲ့ နယ်ခံ Bro တွေကြောင့် ထင်ထားတာထက် အများကြီးအဆင်ပြေခဲ့တယ်။ အဲဒီအတွက်လည်း ကျေးဇူးတင်ရပါတယ်။ နောက်နှစ်ကိုတော့ ဒီနှစ်လောက်မဟုတ်တောင် နှစ်နေရာလောက်တော့ သွားချင်တယ်။ အထူးသဖြင့် ပုဂံကို မရောက်ဖူးသေးတော့ ပိုသွားနေချင်တယ်။

စာအုပ်ကတော့ မနှစ်ကထက် ပိုဖတ်ဖြစ်တယ် ပြောလို့ရတယ်။ စာအုပ်အကြောင်းပြောဖို့ ကြုံလာရင် အမြဲတမ်းတွေးမိတာက “ကျွန်တော်က ဘယ်စာအုပ်တွေ ဖတ်ပြီးပြီ” လို့ပြောရင် တမျိုးဖြစ်မလားပေါ့။ ကြွားသလို ဖြစ်သွားမလားပေါ့။ ဘာလို့အဲလိုတွေးမိလည်း ပြန်စဉ်းစားကြည့်ရင် ကိုယ်လည်းတစ်ချိန်က တစ်ယောက်ယောက်က အဲလိုပြောလာရင် ကြွားနေတယ်လို့ ထင်ခဲ့မိတာကိုး။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ သိလာတာက အဲဒါက ကြွားတာမဟုတ်ဘူး။ Motivation ပေးတာ။ အရင်ကကိုယ်ဖတ်ဖြစ်ခဲ့တဲ့စာအုပ်စာရင်းကို တစ်ချိန်ပြန်ဖတ်မိရင်တောင်မှ အနည်းဆုံးတော့ ကိုယ့်ဘာသာ motivation ရတာပေါ့။ နောက်ပြီး လူတိုင်းမှာ Peer Pressure ရှိတယ်။ ကိုယ်နဲ့ သက်တူရွယ်တူတွေ ဘာတွေလုပ်နေတယ် ဘာတွေလုပ်ပြီးသွားပြီဆိုတဲ့အသိနဲ့ ကိုယ်ကတော့ ပြတ်ကျန်နေခဲ့တော့မှာပဲဆိုတဲ့ တွန်းအားက အတော်လေးသက်ရောက်မှုရှိတယ်။ ကိုယ်တိုင်ကလည်း သူများတွေ ဘာစာအုပ်တွေဖတ်နေလဲ ဘယ်စာအုပ်ကို recommend ပေးလဲ စိတ်ဝင်စားတယ်။ ဒီနှစ်ဖတ်မိသမျှထဲမှာ အကြိုက်ဆုံးစာအုပ်ကိုပြောပါဆိုရင် “The Power of Habit: Why We Do What We Do in Life and Business by Charles Duhigg“ ကိုပဲပြောရပါမယ်။ အကျင့်တစ်ခုဟာ ဘဝမှာ ဘယ်လောက်ထိ သက်ရောက်မှု ရှိသလဲဆိုတာကို တော်တော်ရှင်းရှင်းရေးပြထားသလို တကယ်ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်တွေနဲ့ ယှဉ်ပြီးရေးပြထားလို့ တော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ်။ ပြီးတော့ ဒုတိယတစ်ခုကတော့ “Lean In: Women, Work, and the Will to Lead by Sheryl Sandberg“ ပါ။ ကျားမ တန်းတူအခွင့်အရေးဆိုတာကို တဖက်ပိတ်ငြင်းတာမျိုးမဟုတ်ပဲ အကျိုးသင့်အကြောင်းသင့် ရှင်းပြထားတာပါ။ လောလောဆယ် ဖတ်ချင်နေတဲ့ စာအုပ်တွေကတော့ အများကြီးပါပဲ။ ဒါပေမယ့် ဖတ်နိုင်သလောက်ပဲ အေးဆေးဖတ်တာကောင်းပါတယ်။ ကတိုက်ကရိုက်နဲ့ဖတ်ပြီး မေ့ပစ်လိုက်တာထက်စာရင် သေချာအေးဆေးဖတ်ပြီး တစ်ခုခုကျန်ခဲ့အောင်ဖတ်တာက ပိုကောင်းမယ်ထင်တယ်။

အလုပ်နဲ့ပတ်သတ်ရင် ဒီနှစ်က အလုပ်များတဲ့နှစ်တစ်ခုပါပဲ။ လောဘကြီးပြီး အလုပ်တွေ ဆက်တိုက်လုပ်လိုက်တာ နေ့ရောညရောဆိုတော့ နှစ်ကုန်ခါနီးမှာ ဘာအလုပ်မှ မလုပ်ချင်လောက်အောင် ခြေကုန်လက်ပန်းကျသွားတယ်။ ကံကောင်းချင်တော့ ဒီဇင်ဘာမှာ ပိတ်ရက်တွေဆက်သွားလို့ နားချိန်လေးရလိုက်တယ်။ ဒီနှစ်မှာ ထူးခြားတာက Laravel ပြန်လုပ်ဖြစ်တာပဲ။ Laracasts ကြည့်ရင်း JeffreyWay အသံကြားတော့ ဟိုးအရင်က Code စရေးခါက အချိန်ကို ပြန်သတိရမိတယ်။ အဲဒီတုန်းက Codeigniter screencast ဖြစ်လိမ့်မယ်ထင်တယ်။ အခုချိန်ထိ သူ့ရဲ့ screencast တွေက နားလည်ရလွယ်နေတုန်းပဲ။ Laravel ကို နောက်ဆုံးရေးခဲ့တုန်းက 4.3၊ ခု 5.5။ ဒီအတောအတွင်းမှာ artisan က တအား strong ဖြစ်သွားပြီ။ စိတ်ထဲမှာတော့ ပိုလွယ်သွားသယောင် ထင်ရတာပဲ။ အခုမှ လေ့လာသူတွေအတွက်ကျတော့ အပြင်ပန်းမှာ တအားလွယ်လွန်းတော့ နောက်ကွယ်မှာ ဘယ်လိုအလုပ်လုပ်သွားမှန်း မသိဖြစ်သွားမှာတော့ ဆိုးရတယ်။ Android ဘက်မှာကျတော့ Android Development with Kotlin by Marcin Moskala, Igor Wojda ကို ဖတ်ဖြစ်တယ်။ 2018 ထဲမှာတော့ Project အသစ်တွေကို Kotlin နဲ့ရေးဖို့ကြိုးစားနေတယ်။ နောက်ပိုင်း Android Weekly က Post တွေကိုကြည့်ရင် Kotlin ကိုပြောင်းသင့်ပြီဆိုတာ သက်သေပြနေတယ်။