ပြည်သို့

နှစ်ကုန်ပိုင်း ခရီးသွားဖို့ အစောကြီးထဲက စီစဉ်ထားပေမယ့် ထုံးစံအတိုင်း အနားကပ်တော့မှ ဘယ်သွားမလဲ တိုင်ပင်ဖြစ်ကြတယ်။ စစချင်း ချောင်းသာ သွားကြမယ်ဆိုပြီး ဟိုတယ်တွေ လိုက်စုံစမ်းကြည့်တော့ ပြည့်ကုန်တာများတယ်။ သွားမယ့်ရက်ကလည်း New Year ရက်တွေဆိုတော့ Booking တွေပြည့်ကုန်တာ မဆန်းဘူး။ ဒါနဲ့ ကျိုက်ထီးရိုး တစ်ရက်သွားမယ် အပြန် သုဝဏ္ဏဘုမ္မိ မှာ သွားတည်းကြမယ်ဆိုပြန်တော့လည်း ထူးမခြားနားပါပဲ။ ကပ်မှ Booking လိုက်လုပ်တော့ လူသွားများတဲ့ နေရာတွေ တော်တော်များများက ပြည့်ကုန်ကြပီပေါ့။ ဒါနဲ့ပဲ လူသွားနည်းတဲ့ ပြည်ဘက်ကို သွားမယ်ဆိုပြီး ဟိုတယ် Booking လုပ်ကြည့်တော့ လျောလျောလျူလျူရတာနဲ့ အတည်ဖြစ်သွားတော့တယ်။ တခြားသူငယ်ချင်းတွေနဲ့ ရုံးကလူတွေကို ပြည်ကိုသွားမယ်ပြောပြတော့ ဘာမှလည်း မရှိပဲ ဘာသွားလုပ်မလို့လဲ မေးကြတယ်။ တကယ်တော့ သွားမယ့်လူလေးယောက်မှာ သူငယ်ချင်းတစ်ယောက်ရဲ့ အဖေကလည်း ပြည်က၊ အမေ့ဘက်က ကိုယ့်အဖိုးအရင်းခေါက်ခေါက်ကလည်း ပြည်ဘက်ကပဲ။ သူငယ်ချင်းကတော့ ရောက်ဖူးပေမယ့် ကိုယ်က တစ်ခါမှ မရောက်ဖူးသေးတဲ့အပြင် အကောက်တောင်ဘက်လည်း သွားချင်နေတာနဲ့ ပြည်ကိုရွေးလိုက်တာ အတော်အဆင်ပြေသွားတယ်။

ဒီတစ်ခေါက်က ခရီးသွားကားနဲ့ မဟုတ်ပဲ သူငယ်ချင်းအိမ်ကကားနဲ့ပဲ သွားဖြစ်တယ်။ ဒါပေမယ့် ပြဿနာက ကားမောင်းမယ့်သူက သူတစ်ယောက်ပဲပါတော့ ကိုယ်တွေက သူပင်ပန်းမှာစိုးရိမ်ပေမယ့် သူက ရတယ်၊ သွားနေကျလို့ပြောတော့၊ ဒါဆိုလည်း ပြီးတာပဲ၊ လမ်းရောက်မှ မောင်းလိုက်၊နားလိုက်လုပ်ပီး သွားကျတာပေါ့ဆိုပြီး မနက် ၃ခွဲလောက် စထွက်ဖြစ်ကြတယ်။ လမ်းရောက်မှ အခြေအနေကြည့်ပြီး မနက်စာစားကြမယ်လေ ဆိုပြီးသွားလိုက်တာ တိုက်ကြီးရောက်တော့ မနက်၅နာရီ ပတ်ဝန်းကျင်လောက်.. စောသေးတယ်၊ ရှေ့ကျမှ စားကြမယ်လုပ်လိုက်တာ လမ်းတစ်လျှောက် ဘာဆိုင်မှတွေ့တော့ဘူး။ ကြို့ပင်ကောက်ရောက်တော့မှ ခိုင်ခိုင်ကျော်ဆိုင်တွေ့တယ်၊ မနက်စာလည်းရတယ်ဆိုတော့ အဲ့မှာပဲစားဖြစ်ကြတယ်။ အချိန်က ၇နာရီ ပတ်ဝန်းကျင်လောက်ရှိမယ် ထင်တယ်။ ရာသီဥတုကတော့ ရန်ကုန်ကထက် သိသိသာသာကြီး ပိုအေးလာတာ တွေ့ရတယ်။ ပြည်ကိုရောက်တော့ ၉နာရီခွဲကျော်နေပြီ။ ဟိုတယ်မှာ အထုပ်ဝင်ထားပြီး အကောက်တောင်ဘက်သွားကြတယ်။ ပြည်ကနေ အကောက်တောင်ကို ၁နာရီခွဲ ဝန်းကျင်လောက် သွားရတယ်။ လမ်းကလည်း ကြမ်းတယ် ပြောလို့ရတယ်။


အကောက်တောင်ကိုရောက်တော့ ၁၂နာရီ ဝန်းကျင်လောက်ရှိပြီ။ လှေဆိပ်မှာ လှေကို စုစပ်ပြီး ငှားဖို့လိုက်မေးနေကြတာရှိတယ်။ လှေငှားပေးတဲ့သူတွေကို မေးကြည့်တော့ စုငှားတာက ပြန်မယ်ဆိုရင် လှေတစ်စင်းထဲစီးမယ့်သူတွေနဲ့ တောင်ပေါ်ကို အတူတူတက်..  အတူတူပြန်ဆင်းမှ အဆင်ပြေမယ်ဆိုတော့ အဆင်မပြေပါဘူးလေဆိုပြီး ကိုယ့်ဘာသာပဲ စင်းလုံးငှားလိုက်ကြတယ်။ အသွားအပြန်ကို ၁၅၀၀၀ကျပ် ပေးရတယ်။ လှေဆိပ်ကနေ တောင်ခြေရင်းအထိကို ၁၀မိနစ်လောက် စီးရတယ်။ ဧရာဝတီမြစ်ကြောတလျှောက်က တောင်နံရံ ၃နေရာမှာ ဆင်းတုတော်တွေကို လေှပေါ်ကနေ လှမ်းဖူးလို့ရတယ်။ ပြီးတော့ တောင်ပေါ်တက်တာ အလွန်ဆုံးကြာလှ ၅မိနစ် ၁၀မိနစ်ပေါ့။ တောင်ပေါ်မှာ စေတီတစ်ဆူရယ်၊ နဂါးတက်တယ်လို့ အိပ်မက်ရလို့ နဂါးတက်တယ်ဆိုတဲ့အပေါက် သုံးပေါက်နားမှာ တည်ထားတဲ့ နဂါးရုံဘုရားရယ်ရှိတယ်။ နောက်.. ဆရာတော်ကို ဝင်ကန်တော့၊ အလှူငွေထည့်ပြီး ဆရာတော်ကျွေးတဲ့ သတ်သတ်လွတ်ထမင်းဝင်စားတယ်။ ပြီးတော့ တောင်ပေါ်က ပြန်ဆင်းလာကြတယ်။ အကောက်တောင်ကို စိတ်ထဲမှာ မှန်းထားက ဒီထက်သွားစရာ လာစရာ ဖူးစရာ ကြည့်စရာတွေ များလိမ့်မယ်ထင်ထားခဲ့တာ။ ပြည်ကနေ အသွားအပြန် ၃နာရီကျော်ကျော်လောက် လမ်းကြမ်းကြမ်းကနေသွားပြီး ဒါလေးပဲရှိတယ်ဆိုတော့ အချိန်ကုန် လူပင်ပန်းရတာနဲ့ မတန်လှဘူးလို့ ထင်မိတယ်။ ဟိုတယ်ပြန် အေးဆေးနားနားနေနေ နေ၊ ညနေဘက် နေအေးတဲ့အထိစောင့် ညနေစာထွက်စားရင်း ပြည်ရွှေဆံတော်ဘုရားသွားဖူးဖြစ်တယ်။ တစ်နေကုန်သွားထားလာထားတာ အကုန်လုံးလည်း ပင်ပန်းနေကျပြီဆိုတော့ ပထမရက်ကို ဒီလောက်နဲ့ပဲ ကျေနပ်လိုက်ကြတယ်။

ပြည်မြို့ရဲ့ ဧရာဝတီမြစ်ကမ်းဘေးကနေမြင်ရတဲ့ ညနေဆည်းဆာ

ဒုတိယရက်ကိုတော့ သရေခတ္တရာမြို့ဟောင်းဘက်ကို သွားကြတယ်။ မြို့ဟောင်းထဲမှာလည်း လမ်းကတော့ ဆိုးတာပါပဲ။ ရှေးဟောင်းပြတိုက်ကို အရင်ဝင်ပြီးတော့ တူးဖော်ထားတဲ့ မြို့ရိုးဟောင်းတွေဘက် သွားတယ်။ ဘောဘောကြီးဘုရားကို ဝင်ဖူးတယ်။ လမ်းတစ်လျှောက် ဘဲဘဲလေးဘုရား ကနေ ဗိဿနိုးဘုရင်မနဲ့ ဆွေတော်မျိုးတော်တွေရဲ့ ဂူသင်္ချိုင်းလို့ “ယူဆ” ရတဲ့ အရိုးပြာအိုးတွေထားတဲ့ နေရာကို သွားကြည့်တယ်။ ပုဂံခေတ်ဘုရားတွေရဲ့ ဗိသုကာလက်ရာအစလို့ ပြောကြတဲ့ ဘုရားကို ဝင်ဖူးကြတယ်။ အရင် မီးရထားဝန်ကြီးလက်ထက်က မြို့ဟောင်းကိုဖြတ်ပြီး ရထားလမ်းဖောက်လို့ ရှေးဟောင်နယ်မြေတွေပါကုန်တယ်လို့ မြို့ဟောင်းမြေပုံကို ပြရင်း သူငယ်ချင်းတစ် ယောက်ကပြောတယ်။ အဲ့လမ်းက အခုရထားပြေးနေတယ်လားလို့ မေးကြည့်တော့ သူက ရထားပြေးတယ်ပြောသံတော့ မကြားမိဘူးလို့ ဖြေတယ်။ မြို့ဟောင်းကနေ ပြန်ထွက်လာတော့ ဘုရားကြီးကို ဝင်ဖူးတယ်။ နေ့လယ်စာ ကြက်သောက်စမ်း ဝင်စားတယ်။ ဆိုင်နံမည်တော့ မမှတ်ထားမိလိုက်တော့ဘူး။ ဟင်းအရသာ အတော်ကောင်းပေမယ့် ထမင်းက အတော်ကြီးကြမ်းပြီး မာနေတယ်။ စားကောင်းပေမယ့် ကိုယ်က အစာမကြေဖြစ်တတ်တော့ သိပ်တော့မစားရဲဘူး။ ပြီးတော့ ဝါးကမ္ဘာဆိုတာကို ဆက်သွားတယ်။ ဘုန်းကြီးကျောင်းဝန်းထဲကနေ ဖြတ်ပြီး အထဲကို တော်တော်လေး ဝင်သွားရတယ်။ ဝါးကမ္ဘာဆိုတာ တကယ်တော့ မိသားစုတွေ ပျော်ပွဲစားထွက်ဖို့ အားလုံးကို ဝါးတွေနဲ့ ဆောက်ထားတဲ့ ပန်းခြံလိုမျိူးနေရာပါ။ စားသောက်ဆိုင်တွေရှိတယ်။ ကလေးတွေဆော့ဖို့ ဒန်းတွေ လျှောတွေ ရှိတယ်။ ဝက်ဝံ၊ မျောက်၊ ယုန်၊ လိပ် စတဲ့ အကောင်ဘလောင်လေးနည်းနည်းရှိတယ်။ ဒီလောက်ပါပဲ။ အပြန် ဆယ်ထပ်ကြီးဘုရားကို ဝင်ဖူးတယ်။ ဆယ်ထပ်ကြီးဘုရားက အလွန်သပ္ပာယ်သော ထိုင်တော်မူ ဆင်းထုတော်ကြီး တစ်ဆူပါ။ အရွယ်အစားက အတော်လေးကြီးမားတယ် ပြောရမယ်။ အထူးသဖြင့် ညဘက် ရွှေဆံတော်ဘုရားပေါ်ကနေ လှမ်းဖူးရင် ပိုပြီးကြည်ညိုစရာကောင်းပါတယ်။

ဆယ်ထပ်ကြီးဘုရား

တတိယနေ့မှာ မနက် ၁၀နာရီလောက်ကတည်းက checkout လုပ်ပြီး အပြန်လမ်းတလျှောက်ဘုရားတွေ ဝင်ဖူးဖြစ်တယ်။ မုနိလေးဆူထဲက တစ်ဆူဖြစ်တဲ့ ရွှေဘုံသာမုနိဘုရားကို သွားဖူးတယ်။ ရွှေမျက်မှန်ဘုရားကို ဆက်ဖူးတယ်။ ရွှေတောင်ကို ရောက်တော့ အချိန်အနေအထားအရ ကျွန်းကဗျာဆိုတဲ့နေရာရယ်၊ ရွှေနတ်တောင်ရယ် နှစ်နေရာထဲက တစ်နေရာကို ရွေးရတယ်။ ကျွန်းကဗျာက ဓာတ်ပုံရိုက်လို့ကောင်းတယ်ဆိုပေမယ့် ဘာရှိမှန်းသေချာမသိတာနဲ့ ဘုရားရှိတာသေချာတဲ့ ရွှေနတ်တောင်ကိုပဲ သွားဖြစ်တယ်။ ကံကောင်းထောက်မစွာနဲ့ပဲ ရွှေနတ်တောင်ရဲ့ဘေးမှာ မုနိလေးဆူထဲက နောက်ထပ်တစ်ဆူဖြစ်တဲ့ ရှင်တော်မုနိကို ဖူးခွင့်ရခဲ့လိုက်တယ်။ ရန်ကုန်-ပြည်လမ်းပေါ်   အလာတုန်းက မနက်စောစောထွက်လာခဲ့တော့ လမ်းရှင်းသလောက် ညနေပိုင်းအပြန်မှာ ဆိုင်ကယ်တွေ အတော်ရှုပ်ယှက်ပြီး ပြားပန်းခတ်နေတယ်။ ညနေအမှောင်လာလေလေ အတော်လေးဂရုစိုက်ပြီး မောင်းရလေလေပါပဲ။ ကားမောင်းတဲ့သူအတွေအပြင် ဘေးကထိုင်တဲ့သူရော နောက်ကထိုင်တဲ့သူတွေပါ အကုန်ဝိုင်းကြည့်ပေးမှ တော်ရုံရှိတယ်။ ဆိုင်ကယ်မောင်းတဲ့သူတွေက ဆိုင်ကယ်စီးဦးထုပ်လည်း မဆောင်း၊ မီးမထွန်း ရောင်ပြန်မတပ်ပဲနဲ့ မှောင်မှောင်မဲမဲထဲမှာ မကြောက်မရွံ့ ဖြတ်ဖြတ်ကွေ့နေကြတာ အသက်အပိုပါတဲ့အတိုင်းပါပဲ။ ဖြည်းဖြည်းချင်း ထိန်းမောင်းလာခဲ့တာ ရန်ကုန်ကို ဝင်တော့ ညနေ ၈ နာရီကျော်ကျော်လောက် ရှိနေပါပြီ။

ပြည်မြို့က အရမ်းကြီးမကျယ်ပေမယ့် တကယ်တမ်း သွားစရာနေရာတွေတော့ ရှိပါတယ်။ အထူးသဖြင့် ဘုရားဖူးထွက်လို့ ပိုကောင်းတဲ့နေရာပါ။ ပြီးတော့ ဧရာဝတီမြစ်ကမ်းဘေး(အခုမှ ပြန်ပြင်ထားပုံရ) သောင်ပြင်ကနေ ညနေဆည်းဆာကို အေးအေးဆေးဆေး ခံစားလို့ရပါတယ်။ ပြည်ရောက်ရင် စားမယ်လို့ အားခဲထားတဲ့ စိန်ပန်းသုတ်ကတော့ ဆိုင်ရှာမတွေ့လို့ မစားဖြစ်ခဲ့ပါဘူး။ ဈေးထဲမဝင်ဖြစ်ခဲ့လို့ မတွေ့တာဖြစ်ပါလိမ့်မယ်။ ပြည်ထမင်းသုတ်နဲ့ ပြည်ပလာတာကတော့ ဟိုတယ်ကကျွေးလို့ စားဖြစ်ခဲ့လိုက်ရသေးတယ်။