Bintan သို့
သွားဖူးခဲ့သမျှခရီးတွေထဲမှာ ဒီတစ်ခေါက်ကတော့ ဘာမှကြိုမစီစဉ်ပဲ သွားဖို့ ၃၊၄ရက်လောက်အလိုမှ သူများခေါ်လို့ ကျောပိုးအိတ်ထဲ ရှိတာတွေလုံးထွေးထည့်ပြိး ထလိုက်သွားဖြစ်တဲ့ခရီးပဲ။ စနေမနက်သွား တနင်္ဂနွေညနေပြန်၊ တစ်ညအိပ်ပဲမို့လည်း ပါပါတယ်။ ဒါတောင် ခေါ်တဲ့သူက လိုအပ်မယ့်ပစ္စည်းစာရင်းပြောလို့ မနက်ဖြန်သွားမယ်ဆို ဒီနေ့လိုညနေ ရုံးကပြန်မှ လိုတောတွေ ပြေးဝယ်လိုက်ရသေးတယ်။ ပုံမှန်ရုံးပိတ်ရက်ဆို အိမ်ထဲကုပ်နေတာ များပေမယ့် အခုတလော စိတ်ရှုပ်စရာတွေရှိနေေတာ့ စိတ်ပြေလက်ပျောက်အပြင်ထွက်ချင်နေတာနဲ့ အံကိုက်ဖြစ်သွားတယ်။ Bintan Nemo ကိုသွားကြမယ်လို့ပဲ အကြမ်းဖျင်းသိထားတော့ စစချင်းထင်တာက Singapore ထဲက တစ်နေရာရာလို့ထင်တာ။ ဒါနဲ့ ဘာမှန်းမသေချာတာနဲ့ Google ခေါက်ကြည့်တော့ Indonesia ဘက်က ကျွန်းတစ်ခုလို့သိရတယ်။ Map မှာ ထပ်ရှာကြည့်တော့ Batan ထက်တောင် ပိုဝေးသေးတာ တွေ့ရတယ်။ Youtube မှာ "Bintan island" ဆိုပြီး ထပ်ရှာကြည့်တော့ ချောင်းသာတို့ ငွေဆောင်တို့လို ကမ်းခြေပုံစံမျိုးတွေပဲ တွေ့တယ်။ အဲတော့စိတ်ထဲကောက်ချက်ချလိုက်တာက Indonesia ထဲက ကမ်းခြေကို သွားမှာပေါ့။ သွားမယ့်ဆယ့်တစ်ယောက်အဖွဲ့ထဲမှာလည်း မရောက်ဖူးတာဆိုလို့ ကိုယ်အပါအဝင်မှ နှစ်ယောက်လားပဲရှိတယ်။ ဒါပေမယ့် လိုအပ်မယ့် ပစ္စည်းစာရင်းထဲမှာ ကမ်းခြေမို့လို့ sunblock လိုတာမှန်ပေမယ့် မျက်နှာသုပ်ပဝါတို့ ရေချိုးဆပ်ပြာတို့ပါယူလာခိုင်းနေတော့ ဇဝေဇဝါတော့ ဖြစ်သား။ သာမန်တည်းခိုခန်းတွေမှာတောင်မှ ဒါမျိုးတွေက ပါပြီးသားကိုး။
ခရီးစဉ်ကTanah Merah ferry gate ကနေ တစ်နာရီလောက် ferry စီးပြီးတော့ Indonesia ဘက်ကို အရင်ကူးရတယ်။ ဟိုဘက်ရောက်တော့ ကားနဲ့တစ်ဆင့် ထပ်ပြီးတော့ တစ်နာရီလောက်ထပ်သွားရတယ်။ SetKyar က တစ်လမ်းလုံး ဘေးကနေထိုင်ပြီးတော့ သူသွားတုန်းက အကြောင်းတွေပြောလာတယ်။ ဟိုမှာ စားစရာဝယ်မရတဲ့ အကြောင်း၊ မီးမရှိတဲ့အကြောင်း စသဖြင့်ပေါ့။ ကိုယ်လည်း တစ်ခါမှ မရောက်ဖူးတော့ ယုံရခက်မယုံရခက်ပေါ့။ စိတ်ထဲတော့ နည်းနည်းခေါင်တဲ့ ကမ်းခြေမျိုးဖြစ်မယ်တွေးရင်းနဲ့ ဂေါ်ရင်ဂျီကျွန်းကို သွားမြင်မိတယ်။ သွားရင်းနဲ့ လမ်းမှာကားကို ခဏရပ်ခိုင်းပြီး မုန့်ဆင်းဝယ်ကြတော့ ကိုယ်လည်း ရောယောင်ပြီး ခေါက်ဆွဲခြောက်တွေ ဝင်ဝယ်လိုက်သေးတယ်။ ငတ်မှာတော့ ကြောက်တယ်လေ။ ဒီလိုနဲ့ ဆိပ်ကမ်းရောက်တော့ စက်လှေအသေးစားလေးတွေစီးပြီး ခရီးထပ်ဆက်ကြတယ်။ ၁၅ မိနစ်လောက် စီးပြီးတဲ့အခါကျတော့မှ လူမရှိဘူးလို့ယူဆရတဲ့ ကျွန်းအသေးစားလေးနဲ့ ခပ်လှမ်းလှမ်းရေလယ်ခေါင်မှာ သစ်သားအိမ်သုံးလေးငါးလုံးလောက် ခပ်ကြဲကြဲဆောက်ထားတာကို တွေ့ရတယ်။ အဲဒီထဲကမှ Nemo လို့ခေါ်တဲ့ အိမ်မှာ တည်းတာမို့လို့ Bintan Nemo ကို သွားကြမယ်ပြောတာဆိုပြီး ဇာတ်ရည်လည်သွားတယ်။ ပင်လယ်နဲ့ ကြားထဲမှာ ကျောက်ဆောင်တွေ ကျွန်းခပ်သေးသေးတွေခံနေပြီး ပင်လယ်ကွေ့လိုဖြစ်နေတာဆိုတော့ လှိုင်းကသိပ်မကြမ်းလှဘူး။
အိမ်ပုံစံကတော့ အင်းလေးဘက်က ခြေတံရှည် သစ်သားအိမ်မျိုးပါပဲ။ တစ်ခါတည်းရင် လူဆယ်ယောက်စွန်းစွန်းလောက်တော့ တည်းလို့ရတယ်။ မနက်စာ ညစာကို သူတို့ကိုယ်တိုင်ပဲ ချက်ကျွေးတယ်။ အဓိက ကောင်းတဲ့အချက်ကတော့ ပင်လယ်စာကို လတ်လတ်ဆတ်ဆတ် စားရတာပဲ။ ဟင်းတွေများလို့ ကုန်အောင်တောင် မနည်းစားယူကြရတယ်။ ဝယ်လာတဲ့ ခေါက်ဆွဲခြောက်ဗူးတွေတောင် စားချိန်မရခဲ့ပါဘူး။ ရှစ်ဗူးလောက်ဝယ်လာတာ တစ်ဗူး နှစ်ဗူးပဲစားဖြစ်ပြီး ပြန်လည်းမသယ်ချင်ကြတာနဲ့ အိမ်ရှင်ကိုပဲ ပေးခဲ့ရတယ်။ ညနေ နေနည်းနည်းစောင်းအောင်စောင့်ပြီး ရေထဲဆင်းကြတော့ ရေမကူးတတ်တဲ့ သူတွေရဲ့ထုံးစံအတိုင်း ရေထဲမဆင်းပဲ ဟိုယောင်ယောင် ဒီယောင်ယောင်လုပ်နေတုန်း ကိုယ့်အဖွဲ့ထဲမှာလည်း ကိုယ်လိုပဲ မကူးတတ်တဲ့သူတွေက ပိုများတယ် .. အသက်ကယ်အင်္ကျီပါတာပဲ.. အန္တရာယ်မရှိဘူး မကြောက်နဲ့ ဆင်းသာလာခဲ့ဆိုလို့ အားတင်းပြီး ရေထဲဆင်းလိုက်တာ ခဏလောက်ရေထဲမှာ ရုန်းကန်ပြီးတာနဲ့ ဒိုင်ဗင်စင်လိုဟာမျိုးပေါ်ကနေ ခုန်ချရဲထည့်အထိ မျောက်ရှုံးသွားတယ်။ အဆင်ပြေတဲ့အချက်က သူတို့ဆီမှာ scuba diving လုပ်ဖို့အတွက် ပစ္စည်းကရိယာ အစုံရှိတယ်။ ဧည့်သည်တွေကို လိုက်ပြပေးတဲ့ အကူတွေကလည်း အရမ်းစိတ်ရှည်တယ်။ အားလုံးနဲ့ အလှည့်ကျ ရေထဲလိုက်ပြီး ငါးတွေနဲ့ ဓာတ်ပုံရိုက်ပေးတယ်။ တည်းတဲ့ အိမ်ကနေ ခပ်လှမ်းလှမ်းလောက်ကို ကူးသွားရင် nemo ငါးလေးတွေနေတဲ့ အိမ် သုံးခုလောက်ရှိတယ်။ အဲဒါကြောင့် Bintan Nemo လို့ခေါ်တာဖြစ်မယ်လို့ ထပ်ပြီး ဇာတ်ရည်လည်သွားတယ်။ အနီးအနား ပတ်ဝန်းကျင်ကိုလျှောက်ကြည့်ဖို့ ဖိုက်ဘာလှေ နှစ်စင်းလည်း ထားပေးထားတယ်။ အိမ်နဲ့ ခပ်လှမ်းလှမ်းက ကျွန်းပေါ်ကို လှေလှာ်ပြီး သွားကြည့်လို့ရတာပေါ့။
အဲဒီမှာသဘောအကျဆုံးကတော့ ညဘက်ပဲ။ အိမ်က ရေလယ်ခေါင်မှာဆိုတော့ မီးက မီးစက်မီး သို့မဟုတ် ဘက်ထရီမီးပဲရှိတယ်။ ညစာစားပြီးပြီဆိုရင် ဘက်ထရီမီး မှိန်မှိန်လေးပဲ ထွန်းပေးထားတယ်။ အိမ်ရဲ့အနောက်ဘက်မှာ ကွတ်ပျစ်လိုမျိုးကို စင်ထိုးထားတာ ရှိတယ်။ အဲဒီပေါ်မှာဆို လေတဖြူးဖြူးနဲ့ရယ်။ သီချင်းအေးအေးလေးတွေဖွင့်ထားပြီး ကောင်းကင်ပေါ်က ကြယ်တွေငေးရင်း အိပ်ရတာ အကောင်းဆုံးပဲ။ ပြီးတော့ sim card လည်း ဝယ်မလာ၊ roaming လည်း မဖွင့်ထားတော့ လောကကြီးကို ခဏအဆက်အသွယ်ဖြတ်ထားပြီး အေးအေးချမ်းချမ်း နေလို့ရတယ်။ နည်းနည်းအဆင်မပြေတာတော့ ရေချိုးဖို့၊ အိမ်သာတက်ဖို့ပဲ။ ရေချိုကိုလှောင်ထားရတာဆိုတော့ ရေကိုအရမ်းကြီး ဖောဖောသီသီသုံးလို့မရဘူးပေါ့လေ။ ဒါပေမယ့် နောက် တဖြည်းဖြည်းတိုးချဲ့လာနိုင်ရင်တော့ အဆင်ပြေသွားမယ်ထင်ပါတယ်။ အခုလည်း ကိုယ်တွေ မပြန်ခင်တောင် ဧည့်သည်တွေက တစ်သုတ်ပြီးတစ်သုတ်လာလိုက် ပြန်လိုက်ပဲ။ စီးပွားရေးတော့ ကောင်းပုံရပါတယ်။ တစ်ချို့တွေကြတော့ မနက်တစ်ပိုင်းလောက်ပဲ နေပြီးပြန်ကြတာလည်း ရှိတယ်။ တစ်ဖက်ကကြည့်ပြန်တော့လည်း ငါးတွေလည်း သူတို့ဘာသာသူတို့ အေးအေးချမ်းချမ်းတော့ မနေရတော့ဘူးပေါ့လေ။
ဇိမ်ခံချင်တာမျိုးမဟုတ်ပဲ သဘာဝနဲ့နီးနီးကပ်ကပ်နေပြီး စိတ်အပန်းဖြေချင်တာမျိုးဆိုရင်တော့ ဒီနေရာက ခဏလောက် အေးအေးချမ်းချမ်း သွားနေလို့ကောင်းတယ်။ လူတော့ပင်ပန်းတာပေါ့လေ။ ခရီးကဝေးတာကိုး။ ဒါပေမယ့် ပင်ပန်းရကျိုးတော့ နပ်ပါတယ်။ ရံဖန်ရံခါ စိတ်ပြေလက်ပျောက်သွားနားနေချင်တယ်ဆိုရင် ရွေးသင့်တဲ့ နေရာမျိုးပေါ့။