အစ
ဘယ်အရာမဆို “အစ” က အရေးကြီးသည်။ “အစကောင်းမှ အနှောင်းသေချာ” တဲ့။ “အစကတည်း ယဉ်သကို” ဖြစ်နေလို့ကတော့ အဆုံးက လှမည်မထင်။ ထို့ကြောင့် မစခင်တည်းက သေချာပြင်ဆင်ဖို့ လိုပေလိမ့်မည်။ ဖြစ်သလိုနဲ့ပဲ စခဲ့ပြီး တကယ်တမ်း မဖြစ်တော့မှ တို့လို့တန်းလန်းတွေနဲ့ မဆုံးခဲ့တာတွေလည်း ဒုနဲ့ဒေး။ ဖြစ်သလိုပဲ အဆုံးသတ် ခဲ့ရတာတွေကလည်း မနည်းမနော။ အဆုံးသတ်ဖို့အရေး အစကို ပြန်ရှာမရ တော့တာတွေကလည်း တပုံတပင်။ သေချာတာကတော့ အဲဒါ အစမကောင်းခဲ့လို့ .. ။
ဘယ်အရာမဆို “အစ” က ခက်ခဲသည်။ ပင်လည်းပင်ပန်းသည်။ ပါးစပ်ကနေ ပြောတော့သာ လွယ်တာ တကယ်တမ်း လက်တွေ့ကျ ထင်သလောက်မလွယ်။ စလုံးရေ “စ” နေတဲ့ အဆင့်ကနေ တက်မရသေးတဲ့ သူတွေလည်း အများကြီးရယ်။ အဓိကက တော့ ဇွဲရှိဖို့ လိုသည်။ တချို့ကျတော့လည်း ဇွဲရှိပေမယ့် ဘယ်ကဘယ်လို စရမှန်းမသိပဲ လမ်းစပျောက်ပြီး ဝေ့လည်လည် ဖြစ်နေတတ်သည်။ ဘယ်သူမဆို အစဆို ဒီလိုပဲလို့ ပြောကြပေမယ့် အစမှာတင် လက်မြှောက်အရှုံးပေး သွားကြသူတွေလည်း ရှိသည်။ တစ်ခါတစ်လေကျတော့ ဘယ်လိုပဲဖြစ်ဖြစ် စကိုစမှရတော့မယ်ဆိုပြီးတော့ စစချင်း ဆောက်နဲ့ ထွင်းချလိုက် သူများလည်း ရှိသေးသည်။ အဓိက ကတော့ စဖြစ်သွားဖို့ ပဲလေ .. ။
ဘယ်အရာမဆို အစမလုပ်တာ ကောင်းသည်။ “အစရှိ အနောင်နောင်” တဲ့။ အစရှိလို့ကတော့ နောက်တစ်ကြိမ်ဆိုသည်မှာ ငှက်ပျော်သီး အခွံနွှာသည်လောက်ပင် မခက်ခဲ။ အစတုန်းက ခက်ခဲလှပါဘိလို့ ဖြစ်ခဲ့ရတာကိုတောင် ရှက်သလိုလို .. ရယ်ချင်သလိုလို .. ။ အဲလို လွယ်ကူသွားတော့လည်း ကောင်းသည်၊ ဆိုးသည် အပထား၊ ဘာရယ်မဟုတ် တစစနဲ့ ထပ်ခါခါလုပ်မိရာက အကျင့်ဖြစ်ပြီး တသက်လုံး ဖျောက်မရတော့။ တစ်ချိန်အမြင်မှန်ရလို့ ပြင်မယ်ကြံတော့ “အရင်တည်းက အစမလုပ်မိရင် ကောင်းသား ..” ဆိုပြီးညည်းလေ့ရှိတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အကျင့်ကြီးဖြစ်မှ ဖျောက်ဖို့ဆိုတာ စလုံးရေ “စ” ရတာထက် အများကြီး ပိုခက်နေပြီကိုးဗျ။
ဘာပဲဖြစ်ဖြစ် ပြဿနာက အဲဒီ “အစ” ဆိုတာပဲ .. ။