မနက်ခင်းအတွေးအပိုင်းအစများ

မနက်နိုးလာတော့ မိုးသံတွေကြားနေရတယ်။ ဒီရက်ပိုင်း မိုးက ခပ်စိပ်စပ်ရွာနေတာ ဆိုတော့ မထူးဆန်းပါဘူးလေ။ အိပ်ယာဘေးက ခုံပေါ်တင်ထားတဲ့ ဖုန်းကို ယူကြည့်လိုက်တော့ ၉ နာရီ ဝန်းကျင်ပဲ ရှိသေးတယ်။ ထုံးစံအတိုင်း ကို့ရို့ကားယားလုပ်ပြန်ပြီလို့ မကျေမနပ်နဲ့ပေ့ါ။ ဒီလိုမိုးအေးအေးနဲ့ ဒီလောက် အိပ်လို့ကောင်းတာကို။ ရုံးပိတ်ရက်မှာ အေးဆေးအိပ်လို့ရပြီဆိုရင် အဲလိုပဲ ခပ်စောစောနိုးနိုးနေတတ်တယ်။ (Work from home ဖြစ်သွားကတည်းက ၉ နာရီဆိုတာ ကိုယ့်အတွက်တော့ မနက်စောစောပဲ။) ရုံးဖွင့်ရက်ဆိုရင်တော့ ဒီလိုစောစော နိုးဖို့နေနေသာသာ မျက်လုံးကိုဖွင့်မရဘူး။ Slack က notification သံ ခပ်စိပ်စိပ်ကြားပီဆိုမှ လူးလဲပြီး ထရတယ်။ တခါတလေ ရုံးကဖုန်းဆက်တော့မှ လန့်နိုးတာက ရှိသေးတယ်။ အခုတော့ ကြိုးစားပြီး ပြန်အိပ်လည်း ရမှာမဟုတ်တော့ မျက်နှာသစ်ပြီး မနက်စာစားလိုက်တာပဲ ကောင်းပါတယ်ဆိုပြီး ထလိုက်တယ်။ ထူးထူးဆန်းဆန်း ခေါက်ဆွဲပြုတ်နဲ့ လိမ္မော်ရည် သောက်ချင်နေတယ်။

မနက်စာ စားရင်းနဲ့ ညက ဆရာသမားတွေနဲ့ video call ပြောဖြစ်တာကို အတွေးရောက်သွားတယ်။ ပြောပြီးမှ ပြန်ကြည့်မိတော့ ၅ နာရီကျော်ကျော်လောက် ပြောလိုက်ကြတာပဲ။ ဒါပေမယ့် ထုံးစံအတိုင်း ဆရာသက်ပိုင်ကို စောင့်ရတာနဲ့တင် တစ်နာရီကျော်လောက်ကြာတယ်။ ချိန်းလိုက်ရင် ဘယ်တုန်းကမှ အရင်ဆုံးရောက်တယ်ဆိုတာ မရှိတဲ့ ပုဂ္ဂိုလ်ထူးပေါ့။ နိုင်လင်းအောင်နဲ့က မကြာမကြာပြောဖြစ်ပေမယ့် အဲဒီပုဂ္ဂိုလ်ထူးက အခုတလော ဘာတွေလုပ်ပြီး ဘယ်ပျောက်လို့ ပျောက်နေမှန်းမသိဘူး။ အဲဒါနဲ့ ဒီနေ့တော့ ကိုယ်ထင်ပြပေးဖို့ မနည်းပင့်ဖိတ်ထားရတယ်။  လူစုံသွားရင် အဲလိုပဲ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် သုံးမျိုးစလုံးကို လွန်းထိုးပြီး ပြောကြတော့တာပဲ။ ထုံးစံအတိုင်း ပေါက်တတ်ကရတွေလည်း ပါတာပေါ့လေ။ အသက် မဆိုသလောက်လေး ရလာတဲ့အခါကြတော့လည်း ပင်စင်စား အဘိုးအိုကြီးတွေလို "ငါတို့ ငယ်ငယ်တုန်းကပေါ့ကွာ" လို့ အစချီပြီး ပြောစရာ ရှေးဟောင်းနှောင်းဖြစ်လေးတွေလည်း ရှိလာသလို မူလတန်းကလေးတွေလို "ကြီးလာရင် ဘာဖြစ်ချင်တယ် ညာဖြစ်ချင်တယ်" ဆိုတဲ့ စိတ်ကူးတွေကိုလည်း ဖြစ်နိုင်၊ မဖြစ်နိုင် အချင်းချင်း ပြောပြကြည့်ကြတာပေါ့။

ပြောပြောရင်းနဲ့ စကားလမ်းကြောင်းက ထုံးစံအတိုင်း ကျောင်းကိုပြန်ရောက်သွားတယ်။ ဘာလိုလိုနဲ့ ဘွဲ့ရခဲ့တာဆိုရင် ဆယ်နှစ်နီးပါးရှိနေပြီ။ အခုနေ ကျောင်းကို လွမ်းသေးလားမေးရင် ဘာပြောကောင်းမလဲ၊ လွမ်းတာပေါ့လို့ ဖြေရမှာပဲ။ အရမ်းပျော်ဖို့ ကောင်းခဲ့တာကိုး။ ဒါတောင် ကိုယ်တွေတုန်းက ကျောင်းတွေ မြို့ပြင်ပို့ခံထားရတဲ့အပြင်မှာ ပါချုပ်ကလည်း အာဏာရှင်ဆန်ဆန်တွေ လုပ်ခဲ့တဲ့ အချိန်ပေါ့။ ဒါပေမယ့် ကျောင်းသားပီပီ ဒီကပိတ်ရင် ဟိုဘက်ကပတ်ထွက်ကြတာပဲ။ အဖွဲ့လိုက် ဗရုတ်ခသုတ်ခတွေလုပ်၊ အတန်းလစ်၊ အော်ကြီးဟစ်ကျယ်တွေ လျှောက်ပြော၊ လျှောက်ပြန်သံပေးတွေလုပ်၊ ကျောင်းကခိုးထွက်ပြီး ဂိမ်းသွားဆော့။ ပြီးတော့ အဲတုန်းကဆို တအားမွဲခဲ့ကြတာ။ မြေအိုးမြီးရှည်တစ်ပွဲမှာပြီး လေးယောက်လုစားခဲ့ရတဲ့ ဘဝ။ အကြောင်းကြောင်းကြောင့် ထမင်းချိုင့်မပါတဲ့နေ့ဆို တစ်ပွဲ ငါးရာတန် "ဘားမားဥတင်" နဲ့ ညားတာပဲ။ ထမင်းကို ပဲပြုတ်တစ်လုံးစ နှစ်လုံးစနဲ့ လှိမ့်ထားတာကို ကြက်ဥကြော်တင်ပေးလိုက်တာ။ ရတဲ့မုန့်ဖိုးနဲ့ ချိန်ပြီး ဗိုက်ပြည့်တဲ့ဟာ စားရတာပဲ။ ဒါပေမယ့် အဲဒီတုန်းက ပူပန်မှုဆိုတာ အခုနဲ့ယှဥ်လိုက်ရင် အပရိကလောက်ပဲ ရှိတယ်။ d-bar မထိဖို့၊ စာမေးပွဲအောင်ဖို့၊ ကိုယ်ပိုးပန်းနေတဲ့သူနဲ့ အခြေအနေကောင်းဖို့ အစရှိသဖြင့်ပေါ့။

ခုလက်ရှိအနေအထားကို လွန်ခဲ့တဲ့ ငါးနှစ်နဲ့ ပြန်နှိုင်းယှဥ်ကြည့်မယ်ဆိုရင် ထင်မှတ်ထားတာတွေရော၊ မထင်မှတ်ထားတာတွေကော အများကြီးဖြစ်ပျက်သွားတယ်။ နောက်ငါးနှစ်ကြရင်ကော ဆိုပြီးတော့လည်း ပြောဖြစ်တယ်။ ဘာကိုမှသေချာပေါက် ပြောလို့မရသေးပေမယ့် ဖြစ်နိုင်ချေရှိတာလေးတွေကိုတော့ စိတ်ထဲမြင်သယောင်ယောင်ရှိကြတယ်။ ဘာကိုမှ ပုံသေပြောလို့မရတာကိုက ဘဝ လို့ခေါ်တာ မဟုတ်လား။ သူ့ဟာနဲ့သူတော့ အားလုံးအဆင်ပြေကြမယ်လို့ မျှော်လင့်ပါတယ်။

တွေးချင်တာ တွေးရင်းနဲ့ စားချင်တဲ့ မနက်စာ စားလို့ပြီးတော့ စာရေးချင်စိတ်ပေါက်တာနဲ့ပဲ ကော်ဖီတစ်ခွက် ဖျော်ပြီး ဒီစာကို ရေးဖြစ်တယ်။ ပြီးရင် နေ့လည်စာ ဆင်းဝယ်ရဦးမယ်။ မနေ့ကစပြီး ဆိုင်မှာ ပြန်ထိုင်စားလို့ရပြီဆိုတော့ food court မှာ လူကအပြည့်ပဲ။ အားလုံးကလည်း ဒါကို စောင့်နေတာဆိုတော့ ဘာပြောကောင်းမလဲ။ ဒီပုံအတိုင်းပဲ ဆက်သွားမယ်ဆိုရင်တော့ နောက်တစ်လ နှစ်လလောက်ဆို အားလုံးနီးပါးလောက် ပုံမှန်ပြန်ဖြစ်မလားတော့ မျှော်လင့်ရတာပါပဲ။ စောင့်တော့ကြည့်ရဦးမှာပေါ့။