ပြည်တော်ပြန်

ရန်ကုန်ကို ပြန်ဖို့ကို COVID ကဖြစ်လိုက်၊ နိုင်ငံရေးအခြေအနေက မကောင်းလိုက်နဲ့ဆိုတော့ အဆင်မပြေပါဘူးလေဆိုပြီး စောင့်လိုက်တာ သုံးနှစ်ခွဲလောက် ကြာသွားတယ်။ ဒီထက် ထပ်ပြီး စောင့်လည်း အခြေအနေတွေက ပိုကောင်းလာဖို့ဆိုတာ မသေချာတာနဲ့ ပြန်မယ်ကွာလို့ စိတ်ဆုံးဖြတ်ပြီး လွန်ခဲ့တဲ့နှစ်လလောက်ထဲက လေယာဥ်လက်မှတ်ဝယ်ထားလိုက်တယ်။ အစကတော့ ပြန်ရောက်ရင် ခရီးသွားချင်တယ်၊ လက်ဖက်ရည်ဆိုင်မှာ အေးဆေးထိုင်ပြီး လေပစ်ချင်တယ်၊ ညဘက်အပြင်သွားချင်တယ်၊ အဲ့လို လုပ်ချင်တာတွေကများနေတော့ ဘာမှလုပ်လို့မရရင် ပြန်လည်းဘာမှမထူးဘူးဆိုပြီး မပြန်ဖြစ်ခဲ့တာ။ ခုတော့ အဲလို လုပ်ချင်တာတွေကို ခဏမေ့ထားလိုက်တယ်။ အရင်ဆုံးပြန်ကြည့်လိုက်ပြီး လုပ်လို့ရတာတွေပဲ လုပ်တော့မယ်ဆိုမှပဲ တကယ်ပြန်ဖြစ်တော့တယ်။ မိသားစုတွေနဲ့ မတွေ့ရတာလည်း ကြာပြီလေ။

Facebook က သတင်းတွေနဲ့ ကိုယ်နဲ့ နီးစပ်တဲ့သူတွေဆီက ပြန်ကြားရတာတွေပဲ သိထားတော့ ပြန်သာပြန်ရတယ်၊ စိတ်ထဲတော့ ဇဝေဇဝါနဲ့ပဲ။ တကယ်တမ်းပြန်ရောက်တော့ ကိုယ်ထင်ထားတဲ့ ရန်ကုန်က လက်တွေ့နဲ့ သိပ်တော့မတူဘူးရယ်။ မြို့တော်ဖြစ်နေလို့လည်း ဖြစ်နိုင်သလို ကိုယ်သိထားတာတွေက အကုန်မမှန်တာလည်း ဖြစ်နိုင်ပါတယ်။ အရာရာက သူ့ဟာသူ ပုံမှန်လည်ပတ်နေတုန်းပဲ။ ထူးပြီး သတိထားမိတာကတော့ ဘီယာဆိုင်တွေ၊ Bar တွေ အတော်လေးများလာတာပဲ။ အဲလိုများလာပေမယ့် သူ့ဟာနဲ့သူတော့ လူတွေကလည်း ပြည့်နေတာပဲ။ ငွေဈေးထိုးကျလို့ ကုန်ဈေးနှုန်းတွေတက်၊ လုပ်ငန်းတွေမလည်ပတ်နိုင်ပဲ၊ စီးပွားရေးတွေမကောင်းဘူးလို့ အော်နေကြပေမယ့်လည်း Hotpot ဆိုင်တွေ၊ မာလာရှမ်းကောဆိုင်တွေ၊ ကော်ဖီဆိုင်တွေမှာလည်း လူတွေကတော့ ပြည့်နေတာပဲ။ ဈေးကတော့ တကယ််တက်ကုန်တာ အမှန်ပဲ။ တစ်သောင်းတန်တစ်ရွက်ဆိုတာ ဘာမှကို အသုံးမခံတဲ့ခေတ်ပဲ။ ဒီတစ်ခေါက် ကော်ဖီဆိုင်တော်တော်များများကို ရောက်ဖြစ်တော့ ကော်ဖီတစ်ခွက်က အနည်းဆုံး ၄၀၀၀ ကနေ ၇၀၀၀ ပတ်ဝန်းကျင်ရှိတယ်။ ဒါပေမယ့် ရောက်သမျှဆိုင်တိုင်းမှာ လူကအပြည့်ပဲ။ သုံးနိုင်စွဲနိုင်တဲ့ လူတန်းစားတွေက ရန်ကုန်မှာ ပိုများတယ်ပဲ မှတ်ရမယ်ထင်တယ်။

Bus အခြေအနေကတော့ တော်တော်လေးပြန်ဆိုးသွားတယ် ပြောရမယ်။ Aircon မဖွင့်တော့တဲ့ ကားတွေ အများကြီးတွေ့ရသလို ခြေနင်းခုံကနေ တွယ်ပြီး လိုက်ရတဲ့အထိ လူတွေကြပ်ပိတ်နေအောင်တင်နေတာတွေ တွေ့ရတယ်။ စပယ်ယာတွေ ပြန်လိုက်နေတာ တွေ့ရသလို အရင်လို မှတ်တိုင်တွေမှာ အချိန်မှတ်ပြီး ရှေ့ကားကို ဖုန်းဆက်ပြောပေးနေတဲ့ သူတွေကို ပြန်တွေ့ရတယ်။ ခါးပိုက်နှိုက်တွေ တအားသောင်းကျန်းလို့ ဖုန်းတွေလည်း ခဏခဏပါသွားတယ် ကြားရတယ်။ ကိုယ်ကတော့ ခါးပိုက်နှိုက် ရန်ကြောက်လို့ Bus မစီးရဲဘူး။ ဖုန်းပါသွားရင် အကုန်ပြန်လိုက်ပြီး လုပ်ရမှာတွေက အင်မတန်အလုပ်ရှုပ်တယ်။ ရန်ကုန်မှာ အရင်ကထက်စာရင်တော့ Grab က ပိုပြီး ငှားရတာ လွယ်လာတာလေးတစ်ခုကတော့ အတော်လေး အဆင်ပြေတယ်။ လက်တားထက် ၅၀၀၊ ၁၀၀၀ လောက်ပိုများပေမယ့်လည်း အဆင်ပြေမှုနဲ့ ပြန်တွက်ရင် တန်တယ်ပြောရမယ်။ လက်ဆောင်ပစ္စည်းတစ်ခု မေ့ကျန်ခဲ့ပြီး ကားပေါ်ပါသွားတာ ပြန်လာပို့ပေးတာမျိုးပေါ့။ လက်ဆောင်ပေးဖို့သွားတာ လက်ဆောင်က မပါဘူး။ ပြန်လာပို့ပေးတဲ့အထိ လက်ဆောင်ပေးရမယ့်သူကို စောင့်ခိုင်းထားရသေးတယ်။

ရာသီဥတုကတော့ အတော်လေးပူတယ်။ ဒါတောင် မိုးတွင်းမှာ ပြန်ပေလို့ပဲ။ ရန်ကုန်ပြန်ရောက်တည်းက အများဆုံးပြောဖြစ်တဲ့ စကားကတော့ ပူလိုက်တာဆိုတာပဲ။ နွေတုန်းက ဒီထက်နှစ်ဆပူတယ်လို့ အိမ်ကပြောတော့ ကိုယ်သာရှိရင် မီးမလာတာနဲ့ ဘယ်နားသွားနေရမှန်း သိမှာမဟုတ်ဘူး။ ကိုယ်လက်ရှိနေတဲ့ နိုင်ငံမှာလည်း ပူတယ်ဆိုပေမယ့် ရန်ကုန်လောက်တော့ မဟုတ်ဘူး။ အသက်ကြီးလာလို့ အပူဒဏ်မခံနိုင်တော့တာလား၊ ရန်ကုန်ကပဲ ပူကိုပူနေတာလားတော့ မပြောတတ်ဘူး။ မိုးကလည်း ရွာချင်တဲ့နေ့ဆို တစ်နေကုန်ရွာပြီး မရွာပြန်တော့လည်း လေတောင်မတိုက်ဘူး။

ရန်ကုန်မပြန်ခင် သံရုံးမှာ သက်တမ်းတိုးခဲ့ရတော့ Passport က PJ ဖြစ်သွားတယ်။ PJ ဆိုတော့ ထုံးစံအတိုင်း OWIC သွားလုပ်ရတာပေါ့။ တော်သေးတာက အရင်လို နေပြည်တော်ကို ပို့စရာမလိုတော့ဘူး။ ရှစ်မိုင်အကျော်က အလုပ်သမားရုံးမှာ သွားလုပ်ရတယ်။ ကိုယ်အလုပ်လုပ်တဲ့ နိုင်ငံအလိုက် ရုံးလည်း မတူဘူးထင်တယ်။ မြောက်ဒဂုံမှာလည်း ရှိသေးတယ်ထင်တယ်။ ဘယ်နိုင်ငံအတွက်လည်းတော့ သေချာမသိဘူး။ ရုံးနဲ့ မျက်စောင်းထိုးက မိတ္ထူဆိုင်မှာ ဖောင်ဝယ်ရင်းနဲ့ လိုတာအတွေအကုန် သူတို့ပဲ ထပ်လုပ်ပေးတယ်။ ဥပမာ - Pass validity check ကို screenshot ရိုက်ပြီး print ပြန်ထုတ်ထားတာပါ ထည့်ပေးရတာမျိုးပေါ့။ အားလုံးပေါင်း ၄၀၀၀ ပေးရတယ်။ ပြီးတာနဲ့ ရုံးထဲဝင်၊ လေဘာကတ်လုပ်ပြီး ဖောင်တင်၊ ၆၀၀၀ လားမသိဘူး ပေးရတယ်။ လိုတဲ့စာရွက်စာတမ်းတွေထဲမှာ ကိုယ့်အလုပ်ရဲ့ Leave approval letter လိုတယ်။ ရုံးရဲ့ HR ကလည်း နမော်နမဲ့၊ ကိုယ်ကလည်း သေချာမစစ်လိုက်တာနဲ့၊ ရေးထားတဲ့ ခွင့်ရက်က ပြောင်းပြန်ကြီး ဖြစ်နေတယ်။ စစ်တဲ့ အရာရှိက သဘောကောင်းပြီး သူ့ဟာသူ လက်ရေးနဲ့ ပြန်ပြင်ပေးလိုက်လို့ တော်သေးတယ်။ အရင်လို နေပြည်တော်ကို တင်ရတာမျိုးဆို Reject ထိပြီးပြန်ကျမှာလို့လည်း ပြောလိုက်သေးတယ်။ ပြီးတာနဲ့ ဓါတ်ပုံရိုက်၊ လက်ဗွေနှိပ်၊ မျက်စိ scan ဖတ်ပြီး ကတ်ထုတ်ဖို့စောင့်ရတယ်။ ကတ်ထုတ်ရင် မီးစက်အလှူငွေဆိုပြီး စေတနာရှိသလောက်ထပ်တောင်းတယ်။ ဒါကတော့ ကိုယ်ပေးချင်သလောက်ပေးပေါ့။ တစ်နာရီခွဲလောက်အတွင်းမှာ အားလုံးပြီးတယ်။

ဒီတစ်ခါပြန်ရင် ငတ်နေတာတွေ ရှယ်စားပစ်မယ်ဆိုပြီး အားခဲသွားတာ။ အမေနဲ့လည်းတွေ့ရော ငြင်းပါငြင်းယူရတဲ့ အဆင့်ပါရောက်တယ်။ သူ့သားလေး မစားရရှာဘူးဆိုပြီး ကြိုက်တတ်တာတွေ ချက်ပြီး တစ်ခုပြီး တစ်ခုကျွေးတာ ကြာတော့ ဗိုက်ကမခံနိုင်တော့ဘူး။ အစပိုင်းတော့ အိမ်ထမင်းဟင်းက မစားရတာ  ကြာတာရော၊ အမေက ပင်ပင်ပန်းပန်းချက်ကျွေးတာရော ဆိုတော့ ဆာလည်း အားရပါးရစား၊ မဆာလည်း အားရပါးရစားပေါ့။ နည်းနည်းကြာလာတော့ ဗိုက်ကဆာရတဲ့ အဆင့်ကို မရောက်တော့ဘူး။ ဆက်တိုက်တွေ တစ်ခုပြီး တစ်ခုစားပြီး ဗိုက်ကြီးက အမြဲတင်းနေလို့ မစားနိုင်တော့ဘူးဆိုပြီး ငြင်းယူရတော့တယ်။ ဗိုက်မဆာရင် ဘာမှ မစားတတ်တဲ့သူဆိုတော့ ခဏခဏစားနေရတာ အဆင်မပြေဘူး။ တကယ်လည်း ရန်ကုန်နေတဲ့ တစ်လမှာ အမေနဲ့ အမရဲ့ ကျေးဇူးကြောင့် လေးငါးပေါင်လောက် တက်သွားတယ်။ တစ်ခါမှ အချိန်တိုအတွင်း အဲလောက်ပေါင်ချိန်များများ မတက်ဖူးဘူး။ နေမကောင်းဖြစ်ပြီး အစာမစားနိုင်လို့ ပေါင်ချိန်ထိုးကျသွားတာပဲ ရှိဖူးတယ်။

အစက စီစဥ်ထားတာက ရန်ကုန်မှာ နှစ်ပတ်နေမယ်။ တစ်ပတ်ကို ခွင့်ယူပြီး တစ်ပတ်ကို ရန်ကုန်ကပဲ အလုပ်လုပ်မယ်ပေါ့။ ဒါပေမယ့် အိမ်က အကြာကြီးနေမှ တစ်ခေါက်ပြန်တာ နေလို့ရသေးရင် ဆက်နေပါဦး ပြောကြပေမယ့် အစကတော့ မတိုးပဲနေဦးမလို့ပဲ။ ကိုယ်ပြန်လာတုန်း အိမ်ကလူတွေက တကူးတကလုပ်ပေးရတာတွေ များတော့ သူတို့ကိုလည်း အားနာရတယ်။ ပိုလည်း ပင်ပန်းကြတာပေါ့။ ကိုယ်ကအဲလိုတွေးပေမယ့် ပြန်ဖို့ကပ်လာတဲ့အချိန်ကျတော့ စိတ်မကောင်းဖြစ်နေကြတာနဲ့ပဲ လေယာဥ်လက်မှတ်ကို နောက်နှစ်ပတ်ရွှေ့ဖြစ်လိုက်တယ်။ ဒီလိုနဲ့ ရန်ကုန်ကနေ သုံးပတ်လောက် အလုပ်လုပ်ဖြစ်လိုက်တယ်။ မီးက အချိန်နဲ့လာတာဆိုတော့ router အတွက် Power bank လိုဟာမျိုး ကြားခံတပ် ထားလိုက်တာနဲ့ အဆင်ပြေတယ်။ Meeting လုပ်နေတုန်း အနောက်မှာ အိမ်ရှေ့က ဖြတ်သွားတဲ့ လက်ကိုင်စပီကာနဲ့ ဈေးသည်အသံရယ်၊ အလှူခံအသံတွေရယ် ပါတတ်တာကလွဲလို့ ကျန်တာတော့ အဆင်ပြေပါတယ်။

ကြားရက်တွေမှာ Work from home လုပ်နေတာဆိုတော့ အပြင်ကတော့ အရမ်းကြီး မသွားဖြစ်ဘူး။ Weekends လောက်ပဲ ထွက်ဖြစ်ပေမယ့် တွေ့ဖို့ လုပ်ထားတဲ့သူ တော်တော်များများနဲ့တော့ တွေ့ဖြစ်လိုက်ပါတယ်။ တွေ့ချင်နေတဲ့သူနဲ့လည်း သေချာလေး တွေ့လိုက်ရတယ်။ ညဘက်တွေတော့ အပြင်မထွက်ဖြစ်ဘူး။ ထိုင်နေကျ လက်ဖက်ရည်ဆိုင်ကလည်း ညနေ ၆နာရီဆို ပိတ်တာဆိုတော့ ဆိုင်ပိတ်တာနဲ့ အိမ်ပြန်တာဆိုတော့ ၇နာရီလောက်ဆို ပြန်ရောက်ပြီ။ သောက်ရင်းစားရင်း စကားကောင်းနေတာနဲ့ အချိန်ကို သတိမထားမိပဲ ညကိုးနာရီထိုးသွားတဲ့ တစ်ရက်ပဲရှိတယ်။ ဒါတောင် အိမ်ကစိတ်ပူပြီး ဖုန်းဆက်မှ သိတယ်။ ဆိုတော့ ဒီတစ်ခေါက်က အပြင်သွားတာထက်စာရင် အိမ်မှာ မိသားစုနဲ့ နေဖြစ်တာပိုများတယ် ပြောလို့ရတယ်။

တစ်လဆိုတာလည်း တကယ်တော့ ဟိုလှည့်ဒီလှည့်နဲ့ ကုန်သွားတာပါပဲ။ အချိန်တန်တော့လည်း ကိုယ်နဲ့ဆိုင်တဲ့ နေရာပြန်ရတာပဲ။ ရန်ကုန်က ပြန်ရင် ခံစားချက်က တစ်ခါနဲ့ တစ်ခါမတူဘူး။ တစ်ခေါက်ကို တစ်မျိုးဖြစ်တယ်။ ဒီတစ်ခေါက်တော့ လေဆိပ်ကိုသွားတဲ့ မနက်မှာ မိုးကလည်း သည်းသည်းမည်းမည်းရွာနေတော့ စိတ်ထဲမှာ လွမ်းလွမ်းဆွေးဆွေးတော့ ဖြစ်မိသား။ လွမ်းရလောက်အောင် သံယောဇဥ်တွေကျန်ခဲ့တာ ဆိုတော့လဲ။ ဘယ်တော့ နောက်တစ်ခေါက်ပြန်ဖြစ်မယ်လည်း မသိသေးဘူးလေ။