01. December 2019

2019

အခုမှ 2019 ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလထဲ ဝင်ခါစဖြစ်ပေမယ့် ဒီတစ်နှစ်တာအကြောင်းကို ရေးချင်စိတ်ရှိနေတုန်း ချရေးထားလိုက်တယ်။ နှစ်တိုင်းလည်း ဒိုင်ယာရီသဘောမျိုးရေးနေကျဖြစ်နေတာ့ အစဉ်အလာမပျက် ရေးဖြစ်တဲ့သဘောပါ။ အခြားရေးချင်တဲ့အကြောင်းအရာတွေကို မှတ်စုတို မှာပဲ ရေးဖြစ်နေတော့ ကိုယ့်ဘလော့အတွက်က တစ်နှစ်နေမှ တစ်ပုဒ်ပဲ ရေးဖြစ်ပါတော့တယ်။ ဒါပေမယ့် ခုတလော စာတွေပြန်ရေးဖြစ်နေတော့ အရင်ကလောက် အားမစိုက်ရတော့တာတော့ သိသာတယ်။

2019 ရဲ့ အစောပိုင်းလတွေမှာက ဘာမှထူးခြားတာ သိပ်မရှိခဲ့ဘူး။ ပုံမှန်လည်ပတ်မှုတွေနဲ့ပဲ အချိန်ကုန်ခဲ့တယ်။ ရုံးကိစ္စနဲ့ singapore ကို တစ်လနီးပါးလောက် သွားဖြစ်လိုက်တာကလွဲရင် ရန်ကုန်ထဲကကို မထွက်ဖြစ်ခဲ့ဘူး။ သင်္ကြန်ဆိုလည်း ထုံးစံအတိုင်း အိမ်တွင်းပဲ အောင်းဖြစ်တယ်။ အလုပ်နဲ့ပတ်သတ်တာဆိုလည်း ပြီးခဲ့တဲ့နှစ်အလယ်လောက်ထဲက Android Development လုပ်နေတာကို လုံးဝရပ်လိုက်ပြီး (ရုံးမှာ ရှိပြီးသား Apps တွေကို maintain လုပ်ရတာတော့ ရှိသေးတာပေါ့) Backend နဲ့ပတ်သတ်တဲ့အပိုင်းကိုပဲ အာရုံစိုက်ဖြစ်တော့တယ်။ အဲဒီအချိန်တွေတုန်းကတော့ အရာရာက သူ့ဟာနဲ့သူ အဆင်ပြေနေခဲ့တယ်ပေါ့။



ဒီလိုနဲ့ နှစ်လယ်ပိုင်းလောက်မှာ singapore ရုံးဘက်ကိုရွှေ့ဖို့အကြောင်းပေါ်လာခဲ့တယ်။ မနှစ်ကလည်း ရွှေ့ဖို့ဖြစ်ခဲ့သေးပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်မလာခဲ့ဘူး။ ဒီနှစ်မှ အကြောင်းအကျိုးတိုက်ဆိုင်ပြီး အတည်ဖြစ်လာခဲ့တယ်။ ဒီကိစ္စကို အဘက်ဘက်ကနေ သေချာစဉ်းစားပြီးမှ ဆုံးဖြတ်ခဲ့တာဖြစ်ပေမယ့် ဒါဟာ ဘဝအတွက် ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာခဲ့မယ်တော့ ထင်မထားခဲ့မိဘူး။ အိမ်ထောင်မကျခင် ဘဝမှာ တစ်ယောက်ထဲ နေကြည့်ချင်သေးတာကလည်း သွားဖြစ်ခဲ့တဲ့ အကြောင်းအရင်းတွေထဲက တစ်ခုပဲ။ အစကတော့ အလွန်ဆုံး တစ်နှစ် တစ်နှစ်ခွဲလောက်ပဲ နေဖို့ စိတ်ကူးခဲ့တာပေါ့။ 2020 နှစ်ကုန်ပိုင်းမှာမှ အပြီးပြန်လာမလား ဆက်နေမလား ဆုံးဖြတ်မယ်ပေါ့။ မထင်မှတ်ထားတဲ့ အဖြစ်အပျက်တွေဖြစ် အပြီးမှာတော့ ပြန်လာဖို့စိတ်ကူးက မရှိသလောက်ဖြစ်သွားတယ်။



တကယ်တမ်း singapore ရောက်တဲ့အခါကျတော့ အရင်က ရုံးကိစ္စနဲ့ သုံးခေါက်လောက် ရောက်ဖူးထားတဲ့အကျိုးနဲ့ အတော်လေး အသားကျမြန်တယ် ပြောရမယ်။ နေဖို့ကျတော့လည်း သူစိမ်းနဲ့ကလည်းမနေချင် Khay အိမ်မှာလည်း တစ်ယောက်လိုနေတာနဲ့ အံကိုက်ဖြစ်သွားတယ်။ အိမ်က ရုံးနဲ့ အတော်လေးလှမ်းတယ် ဆိုပေမယ့် Bus က တစ်ဆင့်ထဲနဲ့ရောက်တော့ အဆင်ပြေတယ်။ 45 မိနစ်လောက် ကားပေါ်မှာ စာဖတ်ချိန်ရတယ်။ ဟန်အကျဆုံးကတော့ အိမ်နားမှာ မြန်မာဆိုင်ရှိတာပဲ။ CityHall ကို တကူးတက သွားစားဖို့မလိုတော့ဘူးပေါ့။ အလုပ်မှာကျတော့လည်း ရန်ကုန်ရုံးမှာကတည်းက ဒီလူတွေနဲ့ပဲ တွဲလုပ်ခဲ့ရတာဆိုတော့ ဒီဘက်ရုံးရောက်လာတော့လည်း ဘာမှအထူးတလည် အခက်အခဲမရှိဘူး။ ဒါပေမယ့် ပြဿနာက ဒီဘက်ရုံးက အလုပ်ချိန်ပဲ။ ရန်ကုန်မှာတုန်းက 6 နာရီခွဲဆိုတာ မိုင်ကုန်ဆိုပေမယ့် ဒီဘက်မှာက 7 နာရီ 8 နာရီတင်မဟုတ်ဘူး မပြီးရင် မပြီးသလို မိုးလင်းချင် လင်းတဲ့နေ့တွေလည်း ရှိသေးတယ်။ အဲလို မပြီးဘူးဆိုတာကလည်း code ချမရေးခင် solutioning ကစလို့ deployment ပြီးလို့ testing လုပ်တဲ့ အထိ ဒီလူတွေပဲလုပ်ရတာဆိုတော့ National Day Heartlands Celebration 2019 လိုမျိုး deadline အရမ်းကပ်တဲ့ feature တွေ deploy လုပ်တဲ့နေ့ဆို အိမ်ပြန်ဖို့ကို မစဉ်းစားနဲ့တော့။ အဲလို လုံးလည်ချာလည်လိုက်ရင်းနဲ့ပဲ 6 လက ကုန်မှန်းမသိကုန်သွားတယ်။



SetKyar တို့နဲ့တွေရင်း စကားစပ်မိလို့ သိလိုက်ရတာက ရန်ကုန်က Dev တွေတော်တော်များများ ဒီရောက်နေကြတာပဲ။ ရန်ကုန်မှာ လူက ကျန်ရောကျန်သေးရဲ့လားလို့ တောင် နောက်ဖြစ်ကြသေးတယ်။ တစ်ပတ်တစ်ခါ နှစ်ပတ်တစ်ခါလောက် သူနဲ့ ဆုံပြီး စကားသွားပြောဖြစ်တယ်။ MgPyone တို့ အိမ်မှာလည်း ကြုံရင်ကြုံသလို ထမင်းသွားသွားစားဖြစ်တယ်။ ကျောင်းတုန်းက စကားနဲ့ဆို ဂုံးသွားဆင်းတာပေါ့။ မဟုတ်ရင် အခန်းတွင်းပဲ အောင်းနေဖြစ်တော့ နေထိ လေထိ အောင်လည်းပါတာပေါ့။ သူတို့နဲ့ပဲ Bintan ကိုလည်း ရောက်ဖြစ်လိုက်သေးတယ်။ ဖြစ်ချင်တော့ အဲဒီအချိန်မှာ အလုပ်ကြောင့်ကော personal ကြောင့်ရော အတော်လေး stress တွေများ စိတ်တွေညစ်နေခဲ့တာဆိုတော့ အဲဒီခရီးလေးသွားဖြစ်လိုက်တာ အတော်လေး စိတ်ပြေလက်ပျောက်ဖြစ်သွားတယ်။



Personal နဲ့ပတ်သတ်လို့ကတော့ ဘဝအတွက် ဆယ်စုနှစ်တစ်ခုစာနီးပါးလောက် ကြိုးစားပမ်းစား တည်ဆောက်လာတဲ့ အရာတစ်ခုက အကြောင်းကြောင်းကြောင့် ပြိုပျက်သွားတယ်။ ကိုယ်ဘာမှမတတ်နိုင်တော့လို့ လက်ပိုက်ကြည့်နေလိုက်ရတယ် ဆိုပါတော့။ အဲဒီအတွက် ဘယ်သူ့ ဘယ်သူကိုမှ အပြစ်မတင်ချင်ပေမယ့် ကိုယ်အပါအဝင် အားလုံးဟာ ပြောင်းလဲတတ်တဲ့ လူထဲက လူတွေပဲဆိုတာကို သတိလက်လွတ်ဖြစ်သွားခဲ့တဲ့ မိမိကိုယ်ကိုယ်ကိုပဲ အပြစ်ဖို့ရပါတယ်။ ဘယ်သူ့ဘယ်သူကိုမှ ယုံကြည်မှုမလွန်ကဲဖို့လည်း သတိချပ်ရပါတယ်။ အကောင်းဆုံးကြိုးစားခဲ့လျက်နဲ့ မျှော်လင့်မထားတဲ့ ဒီလို ရလာဒ်မျိုးဖြစ်သွားတာကို လက်မခံနိုင်ခြင်းက စိတ်ပိုင်းဆိုင်ရာမှာ တော်တော်ဆိုးဆိုးရွားရွားထိခိုက်သွားတယ်။ တစ်ချိန်ထဲမှာ သတိထားမိလိုက်တာက ကိုယ်ရည်ရွယ်ထားတဲ့အတိုင်းဖြစ်မလာတဲ့အခါ အတော်လေး တုန်လှုပ်ခြောက်ခြားနေတဲ့ ကိုယ့်ကိုယ်ကိုပဲ။ စိတ်ပျော့တဲ့ အထဲမှာပါတယ်ဆိုတာ သိပေမယ့် ဒီလောက်ထိပျော့လိမ့်မယ်တော့ ထင်မထားမိဘူး။ ပြိုလဲသွားတဲ့ ကိုယ့်ကိုယ်ကို ပြန်တည်ဆောက်ဖို့ အတော်လေးကြိုးစားရဉီးမယ်။ အရင်က ရည်ရွယ်ထားတာတွေက သဲထဲရေသွန်သလိုဖြစ်သွားတော့ ဘာဆက်လုပ်ရမလဲဆိုတာမသိတော့ပဲ စမ်းတဝါးဝါးဖြစ်နေတယ်။



November နောက်ဆုံးအပတ်မှာ ခွင့်ရလို့ တစ်ပတ်လောက် ရန်ကုန်ပြန်ဖြစ်သေးတယ်။ ဘာမှသိပ်ပြီးမပြောင်းလဲပေမယ့် လွန်ခဲ့တဲ့ 6 လ ကထက် ဈေးတွေတက်သွားတာကတော့ သိသာတယ်။ မီတာခ တက်သွားလို့ပါ လို့တော့ပြောတာပါပဲ။ ပြန်သာပြန်ဖြစ်တယ် ကိုယ့်ဝေဒနာနဲ့ကိုယ်ဆိုတော့ စိတ်နဲ့လူနဲ့ သိပ်ကပ်လှတယ်တော့ မဟုတ်ဘူးပေါ့။ မပြန်ခင်က ဘယ်သွားမယ် ဘာလုပ်မယ် အစီအစဉ်ဆွဲထားပေမယ့် တကယ်တမ်းတော်တော်များများ မလုပ်ဖြစ်ခဲ့ပါဘူး။ မိတ်ဆွေပေါင်းအသင်းတွေကို ပတ်တွေ့ပြီး နားညီးအောင်ပဲ နပူနဆာတွေပဲပြောဖြစ်ခဲ့တယ်။ သူတို့လည်း မအားတဲ့ကြားက ကိုယ့်ကိုအချိန်ပေးပြီး နားဒုက္ခခံပေးကြရှာပါတယ်။ ကိုယ့်ထက်ကြီးတဲ့သူတွေကလည်း အကြီးလိုတစ်မျိုး ရွယ်တူတွေကလည်း ရွယ်တူလိုတစ်ဖုံ ချော့လိုက်ခြောက်လိုက်နဲ့ အားပေးကြ ဖျောင်းဖြကြပေါ့။ ဒီမှာ တစ်ခုထပ်သတိထားမိတာက ကိုယ်စိတ်ဒုက္ခရောက်နေတဲ့အချိန်မှာ ကိုယ်နဲ့အတော်လေးရင်နှီးတဲ့သူ တော်တော်များများက ဝိုင်းဝန်းဖေးမပေးကြပေမယ့် ဖွင့်မပြောသော်လည်း ကျိတ်ဝမ်းသာနေပုံရတဲ့ သူတွေကိုလည်း မြင်ခဲ့ရတယ်။ စိတ်ဓာတ်လေးတွေတော့ သိရတာပေါ့လေ။ ဒီလိုနဲ့ ခွင့်ကို တစ်ပတ်ထပ်တိုးလို့ရကြောင်း ရုံးကလှမ်းပြောပေမယ့် ကိုယ့်ဘေးကလူကို ထပ်ပြီး ဒုက္ခမပေးလိုတော့တာ တစ်ကြောင်း၊ ကိုယ်တိုင်ကလည်း ရန်ကုန်မှာနေရင် သွားရင်းလာရင်း ဟိုနေရာရောက် ဒီနေရာရောက်နဲ့ ရောဂါတိုးပြီး ပိုဆိုးတော့မှာ ကိုယ့်ကိုယ်သိတဲ့အတွက် ခွင့်ကို ထပ်မတိုးတော့ပဲ ပြန်လာခဲ့ဖြစ်တယ်။

#me #reflection