A Chronicle Of A Death Foretold
Gabriel Garcia Marquez ကို ဆရာသင့်လူ ဘာသာပြန်တဲ့ “ဝေးလွင့်ကင်းကွာ နှစ်တစ်ရာ” (One Hundred Year Of Solitude) နဲ့ စရင်းနှီးခဲ့တာပါ။ ဘူဝမ်းဒီယားမိသားစုရဲ့ အဘိုးကနေ မြစ်အထိ မျိုးဆက်သုံးလေးဆက်ကို ဇာတ်အိမ်ဖွဲ့ပြီး ရေးသားထားတာပါ။ အဲဒီစာအုပ်ကနေပဲ Marquez ရဲ့ ပရိတ်သတ် လုံးလုံးလျားလျားကို ဖြစ်သွားခဲ့တယ်။ သူ့စာရေးဟန်က ထူးခြားတယ်။ ထေ့လုံး သော့လုံး တွေပါတယ်။ ပဉ္စလက် သရုပ်မှန် (Magic Realism) လို့ခေါ်တဲ့ ဆန်းကြယ်သော စိတ်ကူးနှင့် အစစ်အမှန်တို့ကို တမင်အားထုတ်ခြင်း မရှိဘဲ သဘာဝကျကျ ပေါင်းစပ်ထားတဲ့ဟန် ကို အထူးပြုတယ်။ ဒီလိုနဲ့ပဲ သူ့စာအုပ်တွေ ဝယ်စုဖြစ်တယ်ပေါ့ ။ ဆရာသင့်လူ ဘာသာပြန်ထားတာတွေ များပါတယ်။
ဒီလိုနဲ့ တစ်ရက်ကျတော့ reddit မှာ 17 Brilliant Short Novels You Can Read in a Sitting ထဲမှာ Marquez ရဲ့ “Chronicle Of A Death Foretold“ ကို သွားတွေ့တယ်။ ဒါပေမယ့် နှစ်မျက်နှာ၊ သုံးမျက်နှာလောက်ဖတ်ကြည့်လိုက်တာ တော်တော်ကို လက်လန်သွားတယ်။ ကိုယ့်ရဲ့ English skill ကလည်း မကောင်းတာလည်း ပါတာပေါ့လေ။ ဒါပေမယ့် ဒီစာအုပ်မှာ သူ့ရေးဟန်က အတိတ်နဲ့ ပစ္စုပန်ကို လွန်းထိုးပြီးရေးထားတယ်။ ရေးတာမှ စာကြောင်းရှည်ကြီးတွေနဲ့ ခန့်ခန့်ထယ်ထယ်ကြီးကို ရေးတာ။ ဒီပုံဆို short novel ကို တော်တော်ကြီး အချိန်ယူပြီး ဖတ်ရမယ့် ပုံပဲဆိုပြီး အားတော့နည်းနည်း လျော့သွားတယ်။ အဲလို ဆက်ဖတ်ဖို့ လက်တွန့်နေတုန်းမှာ မထင်မှတ်ပဲ အဲဒီစာအုပ်ကိုပဲ ဆရာမြသန်းတင့် ဘာသာပြန်ထားတဲ့ “မရဏအိပ်မက်တစ်ခုရဲ့ မှတ်တမ်း” ကို တွေ့တော့ ဝယ်ဖြစ်လိုက်တယ်။ သေချာလည်း အချိန်ပေးပြီး ဖတ်ဖြစ်တယ်။
တကယ်တော့ မြန်မာလို ဖတ်တာတောင်မှ တော်တော်လေး အားစိုက်ပြီး ဖတ်ရတဲ့ စာအုပ်တစ်အုပ်ပါ။ စန်တီယာဂိုနာဆား ဆိုတဲ့ လူတစ်ယောက် အသတ်ခံရတဲ့ အဖြစ်အပျက်တစ်ခုကို သူနေတဲ့ မြို့က လူတွေ တစ်ယောက်စီက မတူညီတဲ့ အမြင်တွေနဲ့ ပြန်ပြောပြတာတွေကို ဇာတ်အိမ်ဖွဲ့ထားတာပါ။ တစ်ယောက်စီက တစ်လှည့်စီ တောက်လျှောက်ပြောပြတာမျိုး မဟုတ်ပဲ .. ဖြစ်ရပ်တွေကို အခြေခံပြီး အဲဒီဖြစ်ရပ်မှာ တကယ်ပါခဲ့တဲ့သူ တစ်ယောက်စီရဲ့ မတူညီတဲ့ အမြင်တွေနဲ့ စုစည်းပြီး သတင်းစာ အရေးအသားဆန်တဲ့ ပုံစံမျိုးနဲ့ ရေးထားတာပါ။ ဖတ်ပြီးသွားတဲ့ အခါမှာ တစ်ခါမှ မရင်းနှီးသေးတဲ့ အရသာအသစ်တစ်ခုကို မြည်းစမ်းလိုက်ရသလို ကျေနပ်မှုတစ်ခု ရလိုက်တယ်။ ဘာကြောင့် စာပေနိုဘယ်ဆုရခဲ့သလဲ ဆိုတာကိုလည်း နားလည်သွားတယ်။ ပြီးတော့ အနည်းဆုံး ၃ နှစ်လောက်နေမှ တစ်အုပ်ပြီးတယ် ဆိုတည်းက သူ့စာအုပ်တွေက ပြီးစလွယ်ရေးထားတာ မဟုတ်ဘူးဆိုတာ အသေအချာပဲလေ။ တကယ်တော့ Marquez က မူရင်း စပိန်လိုရေးထားတာကို တခြားစာရေးဆရာက English လို ဘာသာပြန်ထားတာကိုမှ ထပ်ဆင့် မြန်မာပြန်ကို ဖတ်ရတာပါ။ ဘာပဲဖြစ်ဖြစ် English version ကိုလည်း ကြိုးစားပြီး ပြန်ဖတ်ကြည့်ဦးမယ်။
အခုတော့ သူ့ရဲ့ “Love in the time of Cholera“ ကို ဆရာသင့်လူ ဘာသာပြန်တဲ့ “ကပ်တွင်းက ချစ်ခြင်း” ကိုဖတ်ဖို့ရှိတယ်။ ဒါပေမယ့် ဖတ်မယ်ဖတ်မယ်နဲ့ မဖတ်ဖြစ်သေးတဲ့ ဆရာသန့်မြင့်ဦး စာအုပ်ကို ဆရာမမြနှင်းဆီ ဘာသာပြန်ထားတဲ့ “ခြေရာပျောက်မြစ်” လည်း ဖတ်ချင်နေသေးတယ်။ အစကတော့ သင်္ကြန်တွင်းမှာ စာဖတ်မယ်လုပ်ထားပေမယ့် အခုက အလုပ်တွေလုပ်ဖို့ ရှိနေတော့ တစ်ထိုင်တည်း မချတမ်းဖတ်စရာမလိုတဲ့ “ခြေရာပျောက်မြစ်” ကိုပဲ ဖတ်ဖြစ်လိမ့်မယ်ထင်ပါတယ်။