2025

အရင်နှစ်တွေတုန်းကတော့ နှစ်ကုန်တိုင်း ဘာမှသိပ်ပြီး ထူးထူးခြားခြားမရှိဘူးလို့ ပြောလေ့ရှိပေမယ့် 2025 မှာတော့ အတိုင်းအတာတစ်ခုအထိ လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့တယ် ပြောရမယ်။ လုပ်လေ့လုပ်ထမရှိတာတွေ လျှောက်လုပ်ကြည့်ဖြစ်တာရယ်၊ ဆုံးဖြတ်ချက်အမှားတွေရယ်၊ ဝေခွဲရခက်တဲ့ ခံစားချက်တွေရယ်၊ နောင်တတွေရယ်၊ မျှော်လင့်ချက်တွေရယ် အစုံပဲပေါ့။ အသက်ကြီးလာလေလေ၊ ဖြတ်သန်းရတာတွေ များလာလေလေ၊ စိတ်ပေါ့ပါးမှု မရှိတော့လေလေပဲ။ လူတိုင်းဟာ ကိုယ့်ဒုက္ခနဲ့ကိုယ်၊ ကိုယ့်အပူနဲ့ကိုယ်၊ ဘယ်သူ့ဘယ်သူမှ အေးချမ်းနေတယ်လို့လည်း မရှိပါဘူး။ ဒီလိုပဲ နေပျော်အောင် ကြံဖန်ပြီး နေနေကြရတာပေါ့။

တက္ကသိုလ်ထဲက ပေါင်းခဲ့တဲ့လေးယောက် မဆုံဖြစ်တာ အတော်လေးကြာခဲ့ပြီ။ လေးယောက်လုံး လူစုံတက်စုံမတွေ့ဖြစ်ပေမယ့် သုံးယောက်တော့ ခဏခဏ စုံပါတယ်။ တစ်ယောက်မဟုတ် တစ်ယောက်ကတော့ အမြဲလွတ်တယ်။ အဲဒါနဲ့ပဲ တကူးတကကို လူစုံအောင်လုပ်ပြီး BKK မှာ တွေ့ဖြစ်တယ်။ ရောက်ရောက်ချင်းနေ့ရဲ့ ညဖက်မှာပဲ ဒုက္ခပေးလိုက်တယ်။ Hotel ကို အပြန် Grab ပေါ်မှာ လစ်ပြီး အန်လို့ လျော်ရ၊တောင်းပန်ရ၊ အန်ဖတ်တွေ သုတ်ရနဲ့ ဆရာသမားတွေ တော်တော်လေးအီဆိမ့်သွားတယ်။ ကားတစ်စီးလုံးလည်း ရစရာမရှိ၊ ရှေ့မှာထိုင်တဲ့သူရော ကားသမားရော မနေရဘူး။ သူတို့ပေါ်ပါ အန်ပစ်တာ။ ကိုယ်တိုင်လည်း တော်တော်လေး လန့်သွားတယ်။ ကျန်တဲ့ရက်တွေကတော့ ပုံမှန်ပါပဲ။ သွားလိုက်လာလိုက်၊ စားလိုက်သောက်လိုက်၊ အသိတွေနဲ့ ပတ်တွေ့လိုက်ပေါ့။ 2020 တုန်းက COVID ကြောင့် ပွဲပျက်ခဲ့တဲ့ Green Day ပွဲကိုလည်း တစ်လက်စတည်း ကြည့်ဖြစ်လိုက်တယ်။ Billie Joe က အသက်ငါးဆယ်ကျော် ဖြစ်နေပေမယ့် အရင်အတိုင်း ဂေါ်နေတုန်းပဲ။ BKK ကိုတော့ ထပ်ရောက်ဖြစ်တော့မယ် မထင်ဘူး။ အဓိကက ကိုယ့်လူတွေရှိလို့သာ သွားဖြစ်တာ။ ဘာမှသိပ်ပြီး မယ်မယ်ရရ သွားစရာမရှိဘူးရယ်။ အခု ကိုယ့်လူတွေလည်းမရှိတော့ဘူးဆိုတော့ တကယ်လို့ သွားဖြစ်ရင်တောင် ချင်းမိုင်ဘက်ပဲ ဖြစ်လောက်မယ်။

ခရီးကပြန်လာပြီး Gym ဖက်ကို အာရုံရောက်သွားတယ်။ နှစ်လ၊ သုံးလလောက်တော့ အိပ်တာ၊ စားတာ၊ Gym သွားတာကို သေချာလေးလုပ်ဖြစ်တယ်။ သုံးလလောက်မှာ result ကို နည်းနည်းလေး စမြင်လာရတယ်။ ဒါပေမယ့် တော်တော်လေးတော့ စိတ်ရော၊ လူရောပင်ပန်းတယ်။ ကိုယ်က အစတည်းက ပိန်တဲ့သူဆိုတော့ ဝိတ်တက်ဖို့ တော်တော်လုပ်ယူရတယ်။ ဗိုက်မဆာရင် မစားတတ်တဲ့သူက ဆာဆာ၊ မဆာဆာ Calorie ပြည့်အောင် စားနေရတာကလည်း အလုပ်တစ်ခုပဲ။ ပြီးတော့ အာဟာရရှိတဲ့ အစားအစာတွေက ကိုယ်မကြိုက်တာတွေ ဖြစ်နေတော့ ပိုဆိုးတယ်။ အိပ်တာလည်း ထိုနည်းလည်းကောင်းပဲ။ အချိန်မှန် အိပ်ပျော်ဖို့ တော်တော်လေး အကျင့်လုပ်လိုက်ရတယ်။ ဒီလိုနဲ့ အရှိန်ရလာပြီး ပုံမှန်လို ဖြစ်လာပေမယ့် အကြောင်းကြောင်းကြောင့် ဆက်မလုပ်ဖြစ်တော့ပဲ ခဏရပ်လိုက်ရတယ်။ ရပ်လိုက်တာ ကြာသွားတော့ ရှိနေတဲ့ Progress တွေလည်း သုံးပုံတစ်ပုံလောက်တောင် မကျန်ချင်တော့ဘူး။ အဲဒီကနေ အခုအထိ Motivation က ပြန်မရဘူး ဖြစ်နေလို့ Gym ဖက်ကို မရောက်ဖြစ်ဘူး ဖြစ်နေတယ်။ Motivation မရှိပဲနဲ့ အဲလိုမျိုး အချိန်မှန်အိပ်၊ အချိန်မှန်စား ဆိုတာကို ဘယ်လိုမှ လိုက်မလုပ်နိုင်ဘူး။ နောက်နှစ်ထဲမှာတော့ ပြန်ကြိုးစားကြည့်ပါဦးမယ်။

7 လပိုင်း အကုန်၊ 8 လပိုင်း အစလောက်မှာ သူငယ်ချင်းတွေ လာလည်လို့ သွားကြ၊လာကြ၊ စားကြ၊ သောက်ကြပေါ့။ ကိုယ့်ဟာကိုယ်ဆို အပြင် သိပ်သွားလေ့မရှိတော့ ဒီကနေရာစုံတောင် မရောက်ဖူးဘူး။ ဧည့်သည်တွေလာမှပဲ သူတို့ကိုလိုက်ပို့ရင်း ရောက်ဖြစ်တယ်။ တစ်ချို့နေရာတွေကျတော့ တစ်ယောက်တည်းသွားလည်း ပျင်းဖို့ကောင်းတယ်လေ။ အလုပ်ကလည်း ခုထိ WFH  ပဲဆိုတော့ အချိန်တိုင်း အခန်းထဲမှာပဲ နေဖြစ်တာ များတယ်။ လူသက်သာတယ်ဆိုပေမယ့် ကြာတော့လည်း ငြီးငွေ့ဖို့ကောင်းပါတယ်။ ခုလိုအပြင်သွားဖြစ်တော့ တော်တော်လေး စိတ်ပြေလက်ပျောက်ဖြစ်တယ်။ ဒါတောင် တစ်လ တစ်ခါလောက်တော့ ရုံးသွားပါသေးတယ်။ အခုတော့ အပြင်ထွက်ဖို့ ဧည့်သည်မျှော်တဲ့ အခြေအနေကို ရောက်နေပြီ။

9 လပိုင်းမှာ Tioman island ဖက်ကိုသွားဖြစ်တယ်။ အဓိကကတော့ ရေငုပ်တဲ့သူတွေသွားကြတာ များပါတယ်။ အဲဒီမှာပဲ Training ယူပြီး Certificate ယူလို့ရတယ်။ Certificate ရှိမှ ပင်လယ်ထဲ ရေငုပ်လို့ ရတာကိုး။ ကိုယ်တွေကတော့ ရေငုပ်ဖို့ နေနေသာသာ ရေလည်းမကူးတတ်တော့ ဒီတိုင်းပဲ မရောက်ဖူးလို့ လိုက်သွားတဲ့သဘောပါပဲ။ ရေငုပ်ဖို့ ရေကူးတတ်ဖို့ မလိုဘူးဆိုပေမယ့် ကိုယ်တိုင်က အဲလောက် စိတ်မဝင်စားတာလဲပါတယ်။ အဲတော့ Training ယူဖို့လည်း မလုပ်ဖြစ်ပါဘူး။ Snorkeling လောက်ပဲ လုပ်ဖြစ်တယ်။ ကျွန်းက နည်းနည်းတော့ ခေါင်တယ်။ Johor ကနေ တစ်နာရီခွဲ နှစ်နာရီလောက် မောင်းရတယ်။ ပြီးရင် Ferry ထပ်စီးရသေးတယ်။ ရေငုပ်ဖို့ကလွဲရင် ကျန်တာတော့ ဘာ activities မှ လုပ်စရာမရှိဘူး။

အဲဒီကျွန်းက ပြန်လာပြီးနောက်ပိုင်းကတော့ အတော်လေး စိတ်ရှုပ်ထွေးခဲ့ရတဲ့ အချိန်တွေပဲ။ ဘဝမှာ တစ်ခါမှ တစ်ခြားသူတွေကို အဲလောက် စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲဖြစ်အောင် မလုပ်ခဲ့မိဖူးဘူး။ တစ်ချိန်တည်းမှာပဲ ကိုယ့်ရဲ့မပြတ်သားမှု၊ စိတ်ပျော့မှုကိုလည်း အထင်းသားမြင်ခဲ့ရတယ်။ ကိုယ့်ကိုယ်ကိုယ်တော့ ရာနှုန်းပြည့် နားလည်တယ်လို့ ထင်ခဲ့မိပေမယ့် တကယ်တမ်းတော့ ကိုယ် ဘာဖြစ်ချင်မှန်း၊ ဘာလိုချင်မှန်း၊ ကိုယ့်ဟာကိုယ် သေချာမသိဘူး။ ဒါတွေကြောင့်ပဲ ဒီလိုပြဿနာတွေ ဖြစ်ခဲ့ရတယ်ဆိုလည်း မမှားဘူး။ ပြီးတော့ ထုံးစံအတိုင်း ကိုယ့်ဘေးက လူတွေလည်း မနေရပါဘူး။ နားညည်းအောင် နားပူနားဆာတွေ လုပ်ခဲ့တာပေါ့။ ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ့်ရဲ့အမှားကြောင့် ဆုံးရှုံးလိုက်ရတာတွေကိုတော့ အတော်လေး နောင်တရသလို၊ နှမျောလည်း နှမျောမိတယ်။ အဆိုးဆုံးကတော့ ဒေါသကြောင့် နောက်ဆုံးအခြေအနေကို မလိုအပ်ပဲ ပြီးစလွယ် အဆုံးသတ်လိုက်မိတာပဲ။ အဲဒီအတွက်လည်း အတော်လေး အားနာမိတယ်။ စိတ်တွေပုံမှန် ပြန်ဖြစ်ဖို့ကို အချိန်တော်တော်ယူလိုက်ရတယ်။ ကိုယ့်အပြစ်နဲ့ကိုယ်ဆိုတော့လည်း ထိုက်တန်တယ်ပဲ ဆိုရမှာပဲ။ သူငယ်ချင်းတစ်ယောက်က  ပြောတယ် - "မင်းက နှစ်ဆယ်ကျော်မှာ ဖြစ်ရမယ့် ပြဿနာတွေ သုံးဆယ်ကျော်မှလာဖြစ်နေတယ်" တဲ့။ သူပြောတာလည်း မှန်တာပဲ။

12 လပိုင်းမှာတော့ India team ရဲ့ Bangalore မှာလုပ်တဲ့ Retreat ကို သွားဖြစ်တယ်။ မသွားခင် ရာသီဥတု အခြေအနေကို မေးတော့ အရမ်းကြီးတော့ မအေးပါဘူး၊ 14 degree လောက်ပါပဲတဲ့။ အဲဒါနဲ့ပဲ သိပ်မအေးလောက်ပါဘူးလေ ဆိုပြီးနေတာ၊ လိုရမယ်ရ Hoodie တစ်ထည်နဲ့  လက်ရှည်လေးတွေတော့ ထည့်သွားတာပေါ့လေ။ 14 degree ဆိုတာလည်း တစ်ခါမှတော့ မရောက်ဖူးဘူး။ ပြီးတော့ ဆုံးဖြတ်ချက်မှားတာ တစ်ခုက Carry-on lagguage ပဲ သယ်သွားမိတာပဲ။ အဲတော့ ဘာမှ သိပ်သယ်လို့မရဘူး။ Moisturizer ဝယ်ထားပေမယ့် သယ်လို့ မရဘူးလေဆိုပြီး ထားခဲ့လိုက်တယ်။ ဟိုရောက်တော့ အေးလိုက်တာဆိုတာ။ နှစ်ရက်မြောက်လည်းရောက်ရော လက်သည်းက Cuticle လို့ခေါ်တဲ့ လက်သည်းနဲ့ အသား ထိတဲ့နေရာကို ဖုံးပေးထားတဲ့အကြည်လေးတွေ အကုန် ကွာကျသွားပါလေရော။ လက်တွေလည်း ထိလိုက်တာနဲ့ နာ၊ ဘယ်ဘက်လက်ညိုးဆို သွေးတွေပါထွက်တယ်။ Moisturizer လေး၊ Hand cream လေးသာပါခဲ့ရင် အဲလိုမဖြစ်ဘူး။ ညဖက် အခန်းရှေ့မှာ စားကြ၊သောက်ကြတော့ ကိုယ်တစ်ယောက်ထဲ အထပ်ထပ်ဝတ်ထားရက်နဲ့ ချမ်းနေလို့ သူတို့အခန်းထဲက စောင်ကြီးထုတ်ပြီး ကိုယ့်ကို ပတ်ပေးထားရတယ်။ ကိုယ်တွေတည်းတဲ့ Resort ကပဲ အစားအသောက်တာဝန်ယူတာဆိုတော့ သူတို့ကျွေးတဲ့ အချိန်ဇယားအတိုင်းစားရတယ်။ တစ်နေ့ကို ငါးခါလောက်စားရတယ်။ Tea ကလည်း အတော်သောက်ကြတာ။ ကိုယ်တွေက Tea မကြိုက်တော့ Coffee တစ်လှည့်၊ Juice တစ်လှည့်ပဲ။ ဘာပဲဖြစ်ဖြစ် ဒန်ပေါက်ကို လေးရက်ဆက် စားခဲ့တဲ့ စံချိန်တော့ တင်ခဲ့တယ်။ နောက်ဘယ်တော့မှ အဲ့စံချိန်ကို ပြန်ချိုးနိုင်မလဲတော့ မသိဘူး။

2025 မှာ အလုပ်ကိစ္စကလွဲရင် ကျန်တာတွေက တော်တော်လေး အရောင်စုံတယ်ပြောရမယ်။ တစ်ချို့သောကိစ္စတွေမှာ ကိုယ့်ကိုယ်ကိုတောင် ကိုယ်နဲ့မတူတော့ဘူးလို့ ခံစားမိလာတယ်။ ကောင်းတာလား၊ မကောင်းတာလား မသိပေမယ့် ပြောင်းလဲလာတာတော့ အမှန်ပဲ။ ဒီအသက်အရွယ်မှာ  ဘဝကို တည်တည်ငြိမ်ငြိမ်နဲ့ အေးဆေးလေး ဖြတ်သန်းချင်ပေမယ့် အဲလိုအခွင့်အရေးက အခုထိတော့ ရောက်မလာသေးဘူး။ ဆုံးဖြတ်ရမှာတွေ ရှိသေးတယ်။ ဆုံးဖြတ်ရတာလည်း အတော်ခက်တယ်။ နောက်နှစ်တော့ အလုပ်နဲ့ ပတ်သက်ပြီးရော၊ ကိုယ့်ဟာကိုယ်ရော ခရီး ပိုပြီး သွားဖြစ်မယ်ထင်တယ်။ အခုထဲက သွားဖို့ ပြောထားတာတွေ ရှိနေပြီ။ ဖြစ်နိုင်ရင် ရန်ကုန်လည်း ပြန်ချင်သေးတယ်။ ဖြစ်နိုင်ချေကတော့ နည်းပါတယ်။ ဘာပဲဖြစ်ဖြစ် နောက်တစ်နှစ် ရောက်တော့မယ်ဆိုတော့ အသက်တစ်နှစ် ထပ်ကြီးဦးမှာပေါ့။ နောက်ထပ်တစ်နှစ် နေပျော်အောင် ကြိုးစားရဦးမှာပေါ့။