2024

နှစ်ကုန်ခါနီးမှ ပြန်တွေးကြည့်ရင် လုပ်မယ်လို့ စိတ်ကူးထားခဲ့တာတွေရော၊ လုပ်ဖြစ်လိမ့်မယ်လို့ ထင်မထားခဲ့ဖူးတာတွေရော လုပ်ဖြစ်ခဲ့တဲ့ နှစ်တစ်နှစ်ပဲ။ တစ်ချို့လတွေမှာ အလုပ်တွေပိပြီး လုံးချာလည်လိုက် နေတတ်သလို တစ်ချို့လတွေကျတော့လည်း အပြင်ကိစ္စတွေနဲ့ အချိန်ကုန်မှန်းမသိ ကုန်သွားတတ်ပြန်ရော။ ဘာပဲဖြစ်ဖြစ် လုပ်ချင်တာလေးတွေ အချို့ကို လုပ်ဖြစ်လိုက်တဲ့အတွက်လည်း စိတ်ထဲမှာတော့ ကျေနပ်သလိုလို ရှိတယ်။ မှန်းထားပြီး မလုပ်ဖြစ်လိုက်တာထဲက ကြီးကြီးမားမားဆိုလို့ ရန်ကုန်ကို မပြန်ဖြစ်တာ တစ်ခုပဲ ရှိလိုက်ပါတယ်။

ဒီနှစ်ထဲ စပြီးလုပ်ဖြစ်ခဲ့တာ တစ်ခုကတော့ ဟင်းချက်တာပဲ။ မနှစ်က December ပိတ်ရက်မှာ အားနေတာနဲ့ လက်တည့်စမ်းကြည့်ရာက စတာပဲ။ စစချက်ခါစတုန်းကတော့ တော်တော်တိုင်ပတ်တာ။ ပျက်သွားတာတွေရော၊ အရသာမရှိတာတွေရော၊ အရသာလွန်ကဲသွားတာတွေရော အစုံပေါ့။ လုပ်လေ့လုပ်ထမရှိတော့ ဘာတွေကြိုလုပ်ထားရမယ်၊ ဘာပြီးရင် ဘာလုပ်ရမယ်ဆိုတာက အထာမကျဘူးဖြစ်နေတယ်။ ဆီသတ်ရင်း ကြက်သွန်ကတူးသွားလိုက်၊ တူးမှာကြောက်ပြီး ဟင်းချက်စရာကို စောထည့်ပြန်တော့လည်း ကြက်သွန်နံ့က မပျောက်လိုက်နဲ့။ ဒီလိုပဲ တဖြည်းဖြည်း ချက်ရင်းချက်ရင်းနဲ့မှ သဘောပေါက်စပြုလာတယ်။ ဟင်းချက်တယ်ဆိုတာကလည်း ချက်မယ့်ဟင်းမှာ ပါမယ့်ပစ္စည်းတွေကို လိုအပ်သလို ကြိုပြင်ထား၊ ဘယ်အချိန်ဘာလုပ်မယ်၊ ဘယ်ဟာထည့်မယ်ဆိုတာတွေကို ကြိုတွေးပြီး ထောင့်စေ့အောင်လုပ်ရတာမျိုး။ အမေတို့ဆို ဟင်းနှစ်အိုးလောက် တစ်ပြိုင်နက်တည်းချက်ပြီး အကုန်လျင်မှီအောင်လုပ်သွားတာ။ အခု နည်းနည်းကြာလာတော့ အဆင်ပြေစပြုလာပြီး ချက်ရတာလည်း သက်တောင့်သက်သာရှိလာတယ်။ အလုပ်မအားလိုက် အပျင်းတစ်လိုက်နဲ့ ခဏခဏ ချက်စားဖြစ်တာမဟုတ်ပေမယ့် စိတ်ကူးပေါက်တဲ့အချိန် စားချင်တာလေး ချက်စားနိုင်လာတယ်။ အရသာကတော့ ကောင်းတယ်ဆိုတဲ့ အခြေအနေမရောက်သေးပေမယ့် စားလို့ရတဲ့ အခြေအနေတော့ ဖြစ်လာပြီပေါ့။ အရင် အိမ်မှာနေတုန်းကတော့ အိမ်ကပြင်ပေးတဲ့ ထမင်းကို အခန့်သားစားခဲ့တာ အခုတော့ မိန်းမရရင် ချက်ကျွေးဖို့ လေ့ကျင့်နေတယ်လို့ အမေ့ကိုတောင် နောက်နေသေးတယ်။

Piano ကို ဝါသနာတစ်ခုအနေနဲ့ သင်နေပေမယ့် စင်ပေါ်တက်ပြီး လူတွေရှေ့မှာ တီးဖြစ်လိမ့်မယ်လို့တော့ တွေးမထားမိဘူး။ ဒါပေမယ့် သင်တန်းက Piano Recital မှာ တီးဖို့ဖြစ်လာတော့ ငြင်းလို့လည်းမရတာနဲ့ စင်ပေါ်ကို တစ်ခေါက်တော့ တက်တီးဖြစ်လိုက်တယ်။ Recital ဆိုတော့ အောက်မှာ လူတွေအများကြီးမဟုတ်ပေမယ့် တီးမယ့်သူတွေနဲ့ လာအားပေးကြတဲ့ သူတို့ရဲ့ မိသားစုတွေတော့ ရှိတယ်ပေါ့။ ကိုယ့်ရှေ့က တခြားသူတွေတီးသွားကြတာကြည့်ရင်း သူတို့က ကောင်းလေလေ၊ ကိုယ်က ပို ချွေးပြန်လေလေပဲ။ ကိုယ့်အလှည့်ရောက်တော့ စင်ပေါ်တက်ပြီး မတီးခင် ပရိတ်သတ်ကို Bow လုပ်ပြီး Piano ဘက်ကို လှည့်လိုက်တာ Slip ဖြစ်ပြီး ကံကောင်းလို့ချော်မလဲတယ်။ တကယ်တီးတော့လည်း လက်တွေက အေးစက်ပြီး လက်ချောင်းတွေ တောင့်နေလို့ တော်တော်တီးယူရတယ်။ အရင်တည်းက ဆရာမက Notes ကြည့်ပြီး တီးဖို့ ခဏခဏပြောတယ်။ ကိုယ်ကလည်း မရဘူး၊ Notes ကို အလွတ်ကျက်ပြီးတီးတာဆိုတော့ အဲလိုတီးရင် Memory Slip ဖြစ်ပြီး တစ်နေရာမှာ ထောက်သွားရင် ရှေ့ဆက်ဖို့ ခက်တတ်လို့။ ပြောတဲ့အတိုင်းပဲ ဖြစ်တာပဲ။ တော်သေးတာက အစက ပြန်မတီးရပဲ ခဏပဲထောက်သွားပြီး ရှေ့ကိုဆက်တီးနိုင်လိုက်လို့။ လေ့ကျင့်နေတုန်းကတော့ ဘယ်နေရာမှာ ဘယ်လို Expression ထည့်မယ်၊ ဘယ်လိုတီးလိုက်မယ်ပေါ့။ စင်ပေါ်လည်းရောက်ရော Expression တွေ ဘာတွေ မသိတော့ဘူး။ အရှက်မကွဲပဲ မြန်မြန်ပြီးအောင် တီးဖို့က အဓိကဖြစ်သွားတယ်။ ဘာပဲဖြစ်ဖြစ် အတွေ့အကြုံတစ်ခုတော့ ရသွားပါတယ်။ နောက်တစ်ခေါက်ဆိုရင်တော့ ဒီထက် အဆင်ပြေပြေနဲ့ သက်တောင့်သက်သာဖြစ်ဖြစ် တီးနိုင်အောင် ကြိုးစားရမှာပဲ။

မနှစ်က နှစ်ကုန်ခါနီးလောက်မှာ ရုံးက ဖူဆယ်ကန်ကြမယ်ဆိုပြီး ဆေးထိုးတယ်။ ဖူဆယ်ကန်တဲ့ ဖိနပ်က ဝယ်ရမှာဆိုတော့ သေချာအောင် တကယ်ရော ပုံမှန် ကန်မှာလားမေးတော့ ကန်မယ်တဲ့။ နှစ်ခါလောက်ကန်ပြီးတော့ မလှုပ်ကြတော့ဘူး။ ထင်တဲ့အတိုင်း ဖိနပ်ပဲ အဖတ်တင်သွားတယ်။ ဒါပေမယ့် ဖူဆယ်ကန်လိုက်တော့မှ ကိုယ့်အခြေအနေမှန်ကို ကိုယ့်ဟာကိုယ်သဘောပေါက်သွားတယ်။ ကန်တာဖြင့် ဆယ်မိနစ်မပြည့်သေးဘူး ကွင်းဘေးထွက်ထိုင်လိုက်ရတဲ့အထိ မောတာ။ ကိုယ့်ဟာကိုယ်တောင် တော်တော် အံ့သြသွားတယ်။  အရင်က ဘောလုံးကန်ရင် ကိုယ်တွေက နောက်ဆုံးမှ နားတဲ့သူ။ အားကစားမလုပ်တာလည်းကြာ၊ Work From Home လုပ်နေတာလည်းကြာ၊ အသက်ကြီးလာတာလည်း ပါမှာပေါ့လေ။ အဲဒါနဲ့ ဒီအတိုင်းတော့ မဖြစ်ဘူး၊ အားကစားတစ်ခုခုတော့ လုပ်မှပဲဆိုပြီး အဆင်သင့်ချင်တော့ အိမ်နားမှာလည်း ပြေးစရာဘောလုံးကွင်းကရှိနေတာနဲ့  စ ပြေးဖြစ်တယ်။ ပြေးခါစကတော့ ပြေးနိုင်သလောက်ထက် နည်းနည်းလေးပိုပြေးလိုက်၊ ဒူးနာသွားလိုက်၊ သုံးလေးရက်လောက်နားလိုက်။ သက်သာတော့ ပြန်ပြေးလိုက်၊ နောက်ဒူးတစ်ဖက် ထပ်နာသွားလို့ ထပ်နားလိုက်။ အဲဒါနဲ့ပဲ လုံးလည်ချာလည်လိုက်နေတာ။ ကွင်းထဲမှာ သူများတွေပြေးတာကြည့်ပြီး ကိုယ့်ဟာကိုယ် စိတ်တောင်ပျက်တယ်။ နှစ်လသုံးလလောက်နေတော့မှ အရှိန်လေးနည်းနည်းရလာပြီး အဆင်ပြေလာတယ်။ ပုံမှန်လေးလုပ်သွားတဲ့အခါ သူ့ဟာနဲ့သူ တိုးတက်မှုလေးတွေကို မြင်လာရတယ်။ အဲတော့မှပဲ စိတ်အဆင်ပြေတော့တယ်။ ဒီလိုနဲ့ပဲ ကြုံကြိုက်တာနဲ့ ဒီနှစ် နိုဝင်ဘာမှာ POSB ရဲ့ 10km ပွဲကို ဝင်ပြေးဖြစ်တယ်။ ဖြစ်ချင်တော့ Euro ဘောလုံးပွဲတွေကို အိပ်ရေးပျက်ခံကြည့်ထားတာရယ်၊ ခရီးသွားပြီးပြန်လာတော့ နေမကောင်းဖြစ်သွားတာရယ်နဲ့ တစ်လခွဲလောက် ပြေးတာနားထားတာ။ နှစ်ပတ်လောက်အလိုမှ 10km ပြေးဖို့ဖြစ်လာတော့ ChatGPT ကို 14 ရက်စာ Training Plan ဆွဲခိုင်းပြီး Train ကြည့်တာ အဆင်ပြေသွားတယ်။ ကိုယ့်ဟာကိုယ် ပုံမှန်ပြေးတာက 5 km လောက်ပဲရှိတာကိုး။ တကယ်တမ်းက 10km ဆိုတာ ဘာမှမဟုတ်ပေမယ့် 10 မိနစ်ပြည့်အောင် ဖူဆယ်မကန်နိုင်တာကနေ အခုလောက်ထိ ပြန်ပြေးနိုင်လာတာကတော့ မဆိုးဘူးပြောရမှာပဲ။ နောက်နှစ်တော့ 21km ပြေးဖို့ ကြိုးစားကြည့်ဦးမယ်။

ဒီနှစ်ထဲမှာတော့ ခရီးတစ်ခေါက်ပဲ သွားဖြစ်လိုက်တယ်။ July အကုန်လောက်တုန်းက။ အဲဒါလည်း သွားဖို့ကြိုစီစဥ်ထားတာမျိုး မဟုတ်ပဲ ကြုံကြိုက်လို့ သွားဖြစ်လိုက်တာမျိုး။ ကိုယ့်ဟာကိုယ်ဆိုရင်တော့ India ကို သွားဖြစ်လောက်မယ် မထင်ဘူး။ တကယ်ရောက်သွားတော့လည်း စိတ်ထဲထင်ထားတာနဲ့တော့ သိပ်တူမနေဘူး။ ဒါလည်း အတွေ့အကြုံတစ်ခုပေါ့။ ရန်ကုန်ပြန်ဖို့ကို တစ်နှစ်လုံးကြံစည်နေပေမယ့် တကယ်တမ်းတော့ မဖြစ်လိုက်ဘူး။ သူငယ်ချင်းရဲ့ ကျေးဇူးနဲ့ လေယာဥ်လက်မှတ်ကို လေးခါလောက် တစ်နှစ်ပြည့်တဲ့ အထိ ရွှေ့ခဲ့ပေမယ့် နောက်ဆုံးတော့ လက်လျှော့လိုက်ပါတယ်။ လေကြောင်းလိုင်းကလည်း ပေးမရွှေ့တော့ဘူးဆိုတော့ လက်မလျှော့လို့လည်း မရတော့ဘူးလေ။ အဓိကကတော့ လူကြီးတွေကို စိတ်ဒုက္ခမပေးချင်တာပါ။ တကယ်လည်း အန္တရာယ်က ကင်းနေတာမဟုတ်တော့ အတိုက်အခံလုပ်ပြီး ဇွတ်ပြန်ရင်လည်း ကိုယ့်ထိုက်နဲ့ကိုယ့်ကံကိုး။ ရန်ကုန်များပြန်ဖြစ်မလားဆိုတဲ့ မျှော်လင့်ချက်ကြောင့် နှစ်ကုန်ပိုင်းလည်း ခရီးမသွားဖြစ်လိုက်တော့ဘူး။ နိုင်ငံအပြင်ကို သိပ်မရောက်ဖြစ်ပေမယ့် လာလည်တဲ့ သူငယ်ချင်းတွေကို လိုက်ပို့ရင်းနဲ့ နိုင်ငံထဲက မရောက်ဖူးသေးတဲ့ နေရာတွေ သွားဖြစ်တာတော့ ရှိတယ်။ ကိုယ့်ဟာကိုယ်ဆိုရင် တစ်ယောက်ထဲ ပျင်းပြီး ဘယ်မှသိပ် မသွားဖြစ်တာများတယ်။

အလုပ်အကိုင်နဲ့ ပတ်သတ်လို့လည်း ဘာမှထွေထွေထူးထူးတော့ မရှိပါဘူး။ ပုံမှန်အတိုင်း လည်ပတ်နေတာမျိုးပါပဲ။ ဒီနှစ်ကုန်ရင်တော့ ကိုယ့် Team ထဲက အားကိုးရတဲ့ တစ်ယောက်ထွက်ဖို့ ရှိတော့ ကိုယ်ကပိုပင်ပန်းဖို့တော့ရှိမယ်။ ဒါပေမယ့် သူ အလုပ်စဝင်ကတည်းကနေ အခုထွက်တဲ့အထိ သူ့ရဲ့ Growth ကို မြင်ရတာတော့ ကျေနပ်စရာပဲ။ ဒီတစ်ခါတော့ ကိုယ် လူရွေးမှန်ခဲ့တယ်လို့ ပြောလို့ရတယ်ပေါ့။ Team အတွက် Contribute လုပ်ပေးသွားတာတွေလည်း တော်တော်များပါတယ်။ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်ကောင်းတစ်ယောက် ဆုံးရှုံးသွားတာဖြစ်ပေမယ့် ပိုကောင်းတဲ့နေရာကို ရောက်သွားတာဆိုတော့လည်း သူ့အတွက်တော့ ဝမ်းသာရပါတယ်။

နောက်ပိုင်းတော့ New Year Resolution ရယ်လို့ ဘာမှတော့မရှိပါဘူး။ လုပ်ချင်၊ဖြစ်ချင်တာလေးတွေတော့ ရှိတယ်။ ဖြစ်ကိုဖြစ်ရမယ်ဆိုတာထက် တတ်နိုင်သလောက် ကြိုးစားကြည့်မယ်။ ဖြစ်မလာတော့လည်း ဖြစ်မလာတဲ့အလျောက်ပေါ့။ ဘာဖြစ်လာမယ်လို့ ကြိုတွက်ရခက်တဲ့ခေတ်ကြီးထဲမှာ ဘာပဲဖြစ်လာဖြစ်လာ အရာရာကို အတတ်နိုင်ဆုံး ကြိုးစားပြီး အဆင်ပြေအောင် နေနိုင်ဖို့ပဲ လုပ်ရမှာပဲ။