18. January 2016

အရွယ်

အချိန်တွေ တရွေ့ရွေ့နဲ့ကုန်လာတာနဲ့အမျှ အသက်တွေလည်း တစစကြီးလာတယ်။ အသက်တွေကြီးလာတာနဲ့ အမျှ အတွေးအခေါ် အယူအဆတွေကလည်း လိုက်ပြီးပြောင်းလဲ လာတယ်။ အဲလိုပြောင်းလဲမှုတွေက အမှတ်တမဲ့ဆို မသိသာပေမယ် သေချာလေး ဂရုတစိုက်ကြည့်မယ်ဆိုရင် တော်တော်လေးကို စိတ်ဝင်စားစရာကောင်းပါတယ်။ ဒီအရွယ်ဆို ဒီလိုတွေး ဟိုအရွယ်ဆို ဟိုလိုတွေးလို့ ပုံသေပြဌာန်းထားတာမရှိပေမယ့် အချိန်တန်တော့ သူ့အလိုလျောက်ကို ဖြစ်သွားတာပါပဲ။



အလုပ်အနေနဲ့ဆိုလည်း အရင်က အသစ်တစ်ခုထွက်တယ်ကြားတာနဲ့ အနည်းဆုံး Todo app အသေးလေးလောက်တော့ စမ်းလုပ်ကြည့်လိုက်ရမှ နေသာထိုင်သာရှိတယ်။ မဟုတ်ရင် ကိုယ်ကပဲ ခေတ်နောက်ကျကျန်ခဲ့တော့ မလိုလို။ ကိုယ်လုပ်နေတဲ့ အရာတစ်ခုပဲသိထားရင် programmer အရာ မဝင်တော့ သလိုလိုပေါ့။ အဲတော့ သိတော့သိတယ်။ ထဲထဲဝင်ဝင်တော့လည်း မဟုတ်ဘူး။ ဟိုစပ်စပ် ဒီစပ်စပ်ပေါ့။ ဒါပေမယ့် code ရေးတာနည်းနည်းကြာလာတော့ တစ်ခုကိုပဲ အာရုံစိုက်ချင်လာတော့တယ်။ အဲဒီ တစ်ခုကိုပဲ နှံ့နှံ့စပ်စပ် သိချင်လာတယ်။ ကိုယ်သုံးနေတဲ့ language ကမဟုတ်ရင် အသစ်ထွက်တိုင်းလည်း သိပ်မကလိချင်တော့ဘူး။ ဗန်းစကားနဲ့ပြောရရင် ရင်မခုန်တော့ဘူး၊ စပ်စလူးမထတော့ဘူးပေါ့။ ထွက်တာသိတယ်။ သူနဲ့ ပတ်သတ်တဲ့ article/blog post လေး တစ်ခုနှစ်ခုလောက် ဖတ်ကြည့်တယ်။ သူက ဘယ်နေရာတွေမှာ သုံးလို့ရလဲ၊ ဘယ်လို အားသာချက်/အားနည်းချက်တွေရှိလဲ၊ အကြမ်းဖျင်းလောက်ပဲ ဖတ်ကြည့်ဖြစ်တော့တယ်။ အဲဒီအစား ကိုယ်အာရုံစိုက်ထားတဲ့ language ကိုပဲ ပိုလေ့လာဖြစ်တယ်။ အားလုံးကို မသိတာရှက်စရာမဟုတ်ဘူး .. ကိုယ်ဇောက်ချလုပ်နေတဲ့ အရာကို ထဲထဲဝင်ဝင်မသိတာကမှ ရှက်စရာဆိုတာကို နားလည်လာတယ်။ ဟိုးအရင် code ရေးစက ဒီလိုပြောရင် လက်မခံချင်ဘူး။ အားလုံးသိတော့ ပိုမကောင်းဘူးလားလို့ စောဒက ပြန်တက်ချင်တယ်။ အစပိုင်းမှာတော့ အားလုံးက ဒီလိုပဲ အားကြိုးမာန်တက်နဲ့ ဘာလာလာ “ဒေါင်း” ချင်နေကြတာချည်းပါပဲ။ ကိုယ့်တုန်းကလည်း code က ဘဝ၊ ဘယ်မှလည်း မသွား၊ တကုပ်ကုပ်နဲ့ tutorial တွေဖတ်လိုက်၊ framework အသစ်တွေစမ်းလိုက်၊ screencast တွေကြည့်လိုက်ပေါ့။ အဲဒါတွေကြောင့်ပဲ အခု အတန်အသင့်ရေးနိုင်တဲ့ အချိန်ရောက်တော့ အတိတ်ကို ပြန်စဉ်းစားကြည့်တယ်။ မနှစ်က နိုင်ငံခြားသား မိတ်ဆွေတစ်ယောက်ကလည်း ကိုယ့်အကြောင်းကိုပြောပြပါဦးဆိုတော့ ပြောစရာဘာမှ မယ်မယ်ရရ မရှိဘူး။ တကုပ်ကုပ်နဲ့ Computer ရှေ့မှာ အချိန်ကုန်ခဲ့တာပဲရှိတာဆိုတော့ မင်းဘဝက ငြီးငွေ့စရာကြီးလို့တောင် မှတ်ချက်ပြုသွားသေးတယ်။ ခရီးလည်း မထွက်ဖြစ်ဘူး။ ရသ/သုတ စာအုပ်တွေလည်း မဖတ်ဖြစ်ဘူး။ ဘဝအတွက် အခြားသင်ယူစရာတွေလည်း မသင်ယူဖြစ်ခဲ့ဘူး။ မိသားစုကိုလည်း သေချာလေး အချိန်မပေးဖြစ်ခဲ့ဘူး။ အခုတော့ မလိုအပ်တာတွေ အနည်းငယ်လျော့ပြီး မလုပ်ဖြစ်ခဲ့တာတွေကို အချိန်ပေးပြီး ပြန်လုပ်ဖို့ စဉ်းစားထားတယ်။



သူငယ်ချင်းတွေဆုံပြီး စကားပြောဖြစ်ရင် မပါမဖြစ်က မိန်းကလေးအကြောင်းပဲ။ ဘယ်လောက်ကြီးတဲ့ အကြောင်းအရာနဲ့စစ နောက်တော့ ဘယ်လိုကနေ ဘယ်လိုရောက်သွားမှန်းကိုမသိဘူး။ ဒီဘူတာပဲပြန်စိုက်တာပါပဲ။ အရင်က ဆယ်ကျော်သက် နှစ်ဆယ်ပတ်ဝန်းကျင်တုန်းကတော့ ကိုယ့်ရည်းစားကိုယ် စိတ်ကူးတွေယဉ်၊ အိမ်မက်တွေမက်ပေါ့။ ငါကြိုက်တဲ့သူကတော့ ဘယ်လိုဘယ်ပုံပေါ့။ အချစ်ဒဿနတွေဖွင့်ပြီး အာပေါင်အာရင်းသန်သန်တွေပြောခဲ့ကြတာ။ အချောအလှတွေကို စိတ်ကူးတွေယဉ် ခဲ့ကျတာပေါ့။ အချောအလှဆိုတာကလည်း ကိုယ်ကြိုက်ရင် ချောတာပဲပေါ့။ သူက ပပဝတီ ထင်နေပင်မယ့် ကိုယ့်မျက်စိထဲမှာတော့ သာမန်လောက်ပါပဲ။ သို့သော်လည်း ကိုယ့်သူငယ်ချင်း စိတ်ချမ်းသာအောင် ချောတယ်ပဲ ထောက်ခံပေးရတာပဲပေါ့။ (ဟိုက ပပဝတီ ဆိုလည်း သူက မင်းကုသပေါ့) ဒါပေမယ့် အခုကျတော့ ရည်ရွယ်တာတွေက ပြောင်းကုန်ကျပြီ။ ရည်းစားထက် ဘဝလက်တွဲဖော်ဆိုတာ ဖြစ်သွားကြပြီ။ အရင်က အချောအလှတွေ အီစီကလီတွေ မက်မောခဲ့ကြပေမယ့် အခုတော့ ကိုယ့်အတွက် အဆင်ပြေဆုံးဖြစ်မယ့် သူဆိုတဲ့ ပေတံလေးတကိုင်ကိုင် ဖြစ်နေကြပြီ။ အားလုံးလိုလိုကတော့ ကိုယ့်အပေါ် သစ္စာရှိရှိ ကောင်းတူဆိုးဖက် ချစ်မယ့်သူ ၊ ကိုယ့်ကိုယ် နားလည်ပေးနိုင်တဲ့သူ၊ စာရိတ္တ ကောင်းတဲ့သူကို လိုချင်တဲ့အရွယ်ဖြစ်လာပြီ။ တကယ်တော့ အဲလောက်ဆို တော်တော်ကြီးကို ပြီးပြည့်စုံလွန်းနေပါပြီ။ တွေ့နိုင်ဖို့တောင်မလွယ်ပါဘူး။ လိုချင်ကြတာကတော့ အကောင်းချည်းပဲပေါ့။ ဒါပေမယ့် ဆိုလိုချင်တာက အရင်ကထက်တော့ လက်တွေ့ပိုဆန်လာပြီ ဘယ်အရာက ဘဝအတွက်ပိုအရေးပါလဲဆိုတာ သဘောပေါက်စပြုလာပြီပေါ့။ နောက်လေးငါးနှစ်ကြာရင် ဒီအတွေးတွေက ဒီထက်ပိုပြီး ရင့်ကျက်သွားဦးမှာပဲ။ ပြောမယ့်သာ ပြောပါတယ် ဒီတစ်ခါနောက်ဆုံးပဲ၊ နောက်တစ်ခါမရဘူးဆိုပြီးတော့ နောက်ဆုံးပေါင်းများစွာနဲ့ မုန့်လုံးစက္ကူကပ်နေသူတွေလည်း ရှိနေတာပါပဲ။ တကယ်တော့ ပေတံတွေ ဘယ်လောက်ပဲ ကိုင်ထားကိုင်ထား တကယ်တမ်း ကြိုက်သွားတော့လည်း အချစ်နဲ့ အရာရာကို အကောင်းအတိုင်း ဖြစ်စေအံ့ တွေလည်းရှိတာပါပဲ။



အခုအရွယ်က ဆယ်ကျော်သက်လည်းမဟုတ်တော့တဲ့အတွက် ပျာယာတော့ ခတ်မနေတော့ပေမယ့် လူလတ်လည်းမမယ်သေးတော့ တည်ငြိမ်မှုလည်း မရှိသေးတာ အမှန်ပဲ။ စကောစကအရွယ်ဆိုတော့ အတွေးတွေကလည်း စကောစကပဲရှိသေးတယ်။ ဘဝအတွက် တစ်ခုခုစလုပ်သင့်နေပြီဆိုတာသိပေမယ့် ဘာလုပ်ရမှန်းမသိပဲ ယောင်ဝါးဝါး ဖြစ်နေတုန်းပဲ။ ဘဝအတွက် ကိုယ်ချထားခဲ့တဲ့ ရေရှည် Plan တစ်ခု ပျက်သွားတာလည်း ပါတာပေါ့လေ။

#me #life-lesson