17. April 2018

ပုဂံသို့

အထက်တန်းကျောင်းထဲက ငယ်သူငယ်ချင်းတွေနဲ့ ခရီးသွားဖို့ စီစဉ်ခဲ့တာ တစ်နှစ်ကျော် နှစ်နှစ်နီးပါးလောက်ကြာနေပြီ။ ကိုယ်အားတော့ သူတို့ကမအား သူတို့အားတော့ ကိုယ်ကမအား အဲလိုအကြောင်းအကျိုးမတိုက်ဆိုင်တာနဲ့ပဲ တော်တော်အချိန်ကြာသွားတယ်။ အပတ်တိုင်းနီးပါးလောက် တွေ့ဖြစ်ကြပေမယ့် တစ်ခါမှ မယ်မယ်ရရ ခရီးမသွားဖြစ်ကြသေးဘူးဆိုတော့ ဒီတစ်ခေါက်မှာ မဖြစ်ဖြစ်အောင် စီစဉ်မယ်၊ မရရအောင်သွားကြမယ်ဆိုပြီး လုံးပမ်းလိုက်တာနဲ့ပဲ ပုဂံကိုရောက်ဖြစ်ပါတယ်။ စီစဉ်ပြန်တော့လည်း budget trip လိုမျိုး စရိတ်စက အနည်းဆုံးဖြစ်အောင်သွားမယ် ဆိုပြီး နှစ်ညအိပ်သုံးရက်ကို တစ်သိန်းပတ်ဝန်းကျင်နဲ့ တတ်နိုင်သမျှ အဲဒီထက်မကျော်အောင် စီစဉ်ဖြစ်တယ်။



ပထမဆုံး တည်းခိုဖို့ စဉ်းစားတော့ သွားမှာက ယောင်္ကျားလေး လေးယောက်ပဲဆိုတော့ နှစ်ယောက်ခန်း နှစ်ခန်းထက်စာရင် လေးယောက်တစ်ခန်းထဲနေလို့ရမယ့် မိသားစုအခန်းကို လိုချင်တယ်။ Google ကနေ တွေ့သမျှ Hotel တွေ လိုက်ဖုန်းဆက်ပြီး ဈေးမေးပေါ့။ ပုဂံမြို့သစ်ဖက်ထက်စာရင် ပုဂံမြို့ဟောင်းက ဘုရားအများစုနဲ့ ပိုနီးတယ်ဆိုတော့ ညောင်ဦးနဲ့ ပုဂံမြို့ဟောင်းကြားက ဟိုတယ်တွေကို ဦးစားပေးရှာဖြစ်တယ်။ အဲဒီမှာ နေရာအရကော ဈေးအရပါ အဆင်ပြေဆုံးဖြစ်တဲ့ အနော်ရထာလမ်းမကြီးပေါ်က “ယာခင်းသာ” ဟိုတယ်ကိုရွေးဖြစ်သွားတယ်။ (ရေကူးကန်ပါတာလည်း ပါတာပေါ့)။ အဲဒီမှာ တစ်ယောက်အိပ်ကုတင် လေးလုံးပါတဲ့ မိသားစုအခန်းကို တစ်ရက် ၆၀၀၀၀ကျပ် နဲ့ရတယ်။ တစ်ယောက်ကို တစ်ရက်စာ ၁၅၀၀၀ကျပ်ပဲ ကျတယ်။ Breakfast လည်းကျွေးတယ်။ ဟိုတယ်အနေအထားကလည်း သူ့ဈေးနဲ့သူတော့ မဆိုးလှဘူးလို့ပြောလို့ရတယ်။ ဝန်ထမ်းတွေကလည်း သဘောကောင်းကြပါတယ်။



ကားကိုတော့ အဝေးပြေးကွင်းမှာ အထဲကိုတအားမဝင်ရတဲ့ JJ Express ကိုရွေးတယ်။ ရန်ကုန်-ပုဂံကို ၁၂၀၀၀ကျပ်ပေးရတယ်။ ဒါပေမယ့် ဆိုးတာက သွားတဲ့လမ်းမှာ ၁၁၅မိုင်မှာ မရပ်ပဲနဲ့ ၇၆မိုင်က food court မှာရပ်တယ်။ food court ဆိုတော့ လူတွေပြုံတိုးပြီး မှာရတာ သိပ်တော့အဆင်မပြေလှဘူး၊ ပြီးတော့ ကိုယ်တွေရောက်သွားမှ ထမင်းကုန်နေတယ်ဆိုလို့ မြန်မြန်ရမယ့် ရွှေတောင်ခါက်ဆွဲတို့ နန်းကြီးသုပ်တို့ပဲ စားခဲ့ရတယ်။ လက်ရာလည်း သိပ်မကောင်းလှဘူး။ ပြီးတော့ တောက်လျှောက်မောင်းတာ ကျောက်ပန်းတောင်းရောက်မှ ၁၅မိနစ်နားပြီး ပုဂံကိုတခါတည်းဆက် မောင်းတယ်။ ရန်ကုန်ကနေ ည ၁၀နာရီထွက်လာတာ ပုဂံကို မနက်၆နာရီခွဲ ၇နာရီလောက်ရောက်တယ်။ မသိခဲ့တာတစ်ခုက ပုဂံရောက်ရင် ဟိုတယ်သွားဖို့ ကားငှားရမယ်ထင်ခဲ့တာ၊ ဒါပေမယ့် ကားလိုင်းတွေက ကားဂိတ်နဲ့ ဟိုတယ်ကို အကြိုအပို့ ဖယ်ရီလုပ်ပေးတယ်။ မှတ်မှတ်ရရ ရန်ကုန်ကနေ တစ်စီးထဲစီးလာတဲ့ နိုင်ငံခြားသားနှစ်ယောက်က ဖယ်ရီပေါ်တက်ထိုင်တဲ့အခါ နိုင်ငံခြားသားစီးခွင့်မရှိဘူးပြောပြီး ဆင်းခိုင်းတော့ “Stupid rule” “So stupid” ဆိုပြီး stupid တွေထပ်ခါထပ်ခါရေရွတ်ရင်း မကျေမနပ်နဲ့ ဆင်းသွားတယ်။ ဘာလို့စီးခွင့်မရှိလည်းတော့ ကိုယ်တွေလည်းမသိဘူး။



ဟိုတယ်ရောက်တာနဲ့ အထုပ်ချပြီး ဟိုတယ်ကပဲ e-bike ငှားဖြစ်တယ်။ တစ်စီးကို ၈၀၀၀ကျပ်၊ နှစ်ယောက်စီးမယ်ဆို ၁၀၀၀၀ကျပ်။ မနက် ၈နာရီကနေ ညနေ ၆နာရီအထိ။ နည်းနည်းဈေးဆစ်လိုက်တော့ ညနေ ၆ခွဲလောက်ထိရတယ်။ ၇နာရီနောက်ပိုင်းဆိုရင်တော့ တစ်နာရီကို ၂၀၀၀ (သို့) ၃၀၀၀ကျပ် ပေးရတယ်ထင်တယ်။ သေချာမမှတ်မိတော့ဘူး။ e-bike က တစ်နေကုန်စီးတာတောင် အားကတဝက် မကုန်ချင်ဘူး။ တော်တော်အစီးခံတယ်။ သွားရတာကလည်း အဆင်ပြေတယ်။ နေပူ လေတိုက်တော့ ရှိတာပေါ့လေ။ ဒါပေမယ့် ဘုရားတွေကြားက ဖြတ်လမ်းတွေကနေသွားမယ်ဆိုရင် ကားထက် e-bike က ပိုအဆင်ပြေတယ်။ ဒါပေမယ့် တစ်ချို့လမ်းတွေက သဲတွေတအားဝပ်တော့ မှောက်နိုင်လို့ အတော်သတိထားရတယ်။ ပြီးတော့ ဆိုင်ကယ်စီးဦးထုပ်လည်း မပေးဘူးလေ။



သွားတဲ့ခရီးက နှစ်ညအိပ်သုံးရက်ဆိုတော့ သွားဖို့လာဖို့ သုံးရက်တိတိအချိန်ရတယ်။ သွားရမယ့် လမ်းကြောင်းကိုစဉ်းစားတော့ မြို့ဟောင်းကိုတစ်ရက် မြို့သစ်ကိုတစ်ရက် ညောင်ဦးဘက်ကို တစ်ရက်ပေါ့။ တန့်ကြည်တောင်နဲ့ တုရင်းတောင်ကိုတော့ သွားရမှာ ဝေးလို့ ဖယ်လိုက်ရတယ်။ တစ်ခုအဆင်ပြေသွားတာက Google Map အပြင် ပုဂံမြေပုံစာအုပ်ပါ သယ်လာတော့ သွားရလာရ လမ်းကြောင်းကြည့်ရတာ အဆင်ပြေတယ်။ နေ့ဖက်တွေတော့ ဘာမှမဖြစ်ပေမယ့် သတိထားမိတာက ညဘက်ဆို Ooredoo internet က H+ နဲ့ ရတစ်ချက် မရတစ်ချက်ပဲ။ Signal ပါပျောက်ချင် ပျောက်သွားတာ။



#Dhammayangyi #Temple - Largest of all the temples in #Bagan.

A post shared by Arkar Aung (@arkaraung1001) on


ပထမရက်က မြို့ဟောင်းဘက်ကိုအရင်သွားဖြစ်တယ်။ ထီးလိုမင်းလိုဘုရားကနေ အလိုတော်ပြည့်ဘုရားတို့ ကန်တော့ပုလ္လင်ဘုရားတို့ဖူးရင်း သရပါတံခါးကနေ ဘူးဘုရား အထိသွားတယ်။ ဘူးဘုရား ကနေ ဧရာဝတီတစ်ဖက်ကမ်းမှာရှိတဲ့ တန့်ကြည်တောင်ကို လှမ်းမြင်ရတယ်။ အပြန် အာနန္ဒာဘုရားကို ဝင်ဖူးပြီးတော့ နေ့လည်ထမင်းစားဖို့ မန်ကျည်းပင်အောက်က ခုံပုလေးတွေနဲ့ “သရပါလေး” ဆိုတဲ့ ဆိုင်ကိုလိုက်ရှာတယ်။ ရောက်ဖူးတဲ့သူက ကောင်းလည်းကောင်းတယ် တန်လည်းတန်တယ်။ ဒေါ်စုတောင် လာစား သွားသေးတယ် (ဘာမှတော့လည်း မဆိုင်သလိုပါပဲ)၊ သွားစားဖြစ်အောင် စားပါဆိုတော့ တကူးတကရှာပြီး စားဖြစ်တယ်။ ဆိုင်ကိုလှမ်းတော့တွေ့လိုက်တယ် ဆိုင်းဘုတ်ကိုမမြင်တော့ မဟုတ်လောက်ဘူးထင်ပြီး ကျော်သွားပြီးမှ လမ်းကလူက ညွှန်ပေးလိုက်လို့ ဆိုင်ကိုရောက်တယ်။ ဆိုင်းဘုတ်ပဲသေးတာလား မရှိတာလားတော့ မသိဘူး နှစ်ရက်လုံးသွားစားဖြစ်ပေမယ့် ဆိုင်းဘုတ်ကို ရှာမတွေ့ခဲ့ဘူး။ ဆိုင်ရဲ့ထူးခြားချက်က အရံဟင်းတွေ တော်တော်များများကို အလကားပေးတာပဲ။ တကယ်တော့ အသားဟင်းတောင် မှာစရာမလိုဘူး။ အရံဟင်းတွေနဲ့ပဲစားလို့ရတယ်။ (ထမင်းဖြူပဲ မှာပြီး အရံဟင်းနဲ့ချည်းပဲ စားဖို့ကြတော့လည်း မျက်နှာပြောင်တိုက်ရာ ကြတာပေါ့လေ။) ကုန်သွားရင်လည်း ထပ်ဖြည့်ပေးသေးတယ်။ အရသာလည်းကောင်းတယ်။ ဈေးလည်းတန်တယ်။ အသားဟင်း တစ်ပွဲစီနဲ့ လေးယောက် တဝတပြဲစားတာတောင် ၉၅၀၀ကျပ် ပတ်ဝန်းကျင်လာက်ပဲ ကျတယ်။ ဒါတောင်ထမင်းလိုက်ပွဲက ရှစ်ပွဲလောက်ရှိတယ်။ နောက်ပြီး ဒီဆိုင်ရဲ့ နံမည်ကြီးကြက်ကြော်ကလည်း တော်တော်ကောင်းတယ်။ တစ်တုံးတစ်ထောင်နဲ့ စားသလောက်ရှင်းပဲ။ လာစားတဲ့လူတွေ တော်တော်များတယ်။ စားပွဲလွတ်ရဖို့တောင် နည်းနည်းစောင့်ရတယ်။ ဒုတိယနေ့ကျ နေ့လည်နှစ်နာရီလောက်မှ ရောက်သွားတော့ ဘာဟင်းမှတောင် သိပ်မကျန်တော့ဘူး။ စားကောင်းပေမယ် လူတအားများတော့ ဆူညံပြီး အာရုံတော့ နည်းနည်းနောက်တာပေါ့လေ။



#Shwezigon #pagoda - A prototype of #Burmese #stupas in #Bagan

A post shared by Arkar Aung (@arkaraung1001) on


ညနေဘက် ရွှေစည်းဂုံဘုရားကအပြန် နေဝင်ချိန်ကြည့်ဖို့သွားရင်း လမ်းမှာမေးကြည့်တော့ ဘုရားတွေအကုန်ပိတ်ထားတယ်၊ ပေးမတက်တော့ဘူး၊ နေကြည့်ဖို့ တောင်ကုန်းတွေ သပ်သပ်လုပ်ပေးထားတယ်ဆိုလို့ ဘူးလယ်သီးဘုရားနားက တောင်ကုန်းမှာ သွားကြည့်ဖြစ်တယ်။ အဲဒီမှာ အရင်က သူများတွေခရီးသွားဖို့ခေါ်ရင် ကိုယ်ပြန်ဖြေနေကျတဲ့စကားကို သွားသတိရမိတယ်။ ခရီးဆိုတာ ဘယ်အချိန်သွားသွား မသေမချင်း အချိန်မရွေး သွားလို့ရတယ် ဆိုပြီး ပြန်ပြန်ပြောတတ်တယ်။ တကယ်တော့ အဲဒါတော်တော်လွဲခဲ့တာပဲ။ ပုဂံမှာ ဟိုးအရင် (wiki အရ) တစ်သောင်းကျော်ရှိတဲ့ ဘုရားတွေကနေ အခု နှစ်ထောင်ကျော်ကျော်လေးပဲ ကျန်တော့တယ်။ အပေါ်လည်းပေးမတက်တော့ဘူး။ နောက် ငလျင်ခပ်ကြီးကြီးများ ထပ်လှုပ်ခဲ့ရင် ထပ်ပြီးနည်းသွားဦးတော့မှာ။ အဲတော့ ခရီးဆိုတာက ဘယ်အချိန်သွားသွား ကိုယ်သွားချင်တဲ့အချိန်မှ ထသွားလို့မရဘူးဆိုတာ သဘောပေါက်မိတယ်။ တောင်ကုန်းပေါ်မှာတော့ နေဝင်တာ လာကြည့်ကျတဲ့ လူတွေတော်တော်လေးများတယ်။ အပြည့်နီးပါးပါပဲ။ ရှုခင်းကလည်း တော်တော်လေးလှတယ်။ ကိုယ်တွေကတော့ နေလုံးဝ ဝင်သွားတဲ့အထိ မစောင့်ပဲ ပြန်လိုက်ရတယ်။ နေကြည့်တောင်ကုန်းကို လာတဲ့လမ်းက သဲများတော့ မှောင်သွားရင် မမြင်ရပဲ သဲလူးပြီးမှောက်မှာစိုးလို့ စောစောပြန်လာခဲ့ ရတယ်။



Before #sunset in #Bagan.

A post shared by Arkar Aung (@arkaraung1001) on


ညဆိုတော်တော်နဲ့ မအိပ်ဖြစ်ကြတော့ မနက်စောစော နေထွက်ချိန်အမှီမနိုးလို့ သွားမကြည့်နိုင်ခဲ့ကြဘူး။ မနက် ၈နာရီလောက်နိုးတော့ ကောင်းကင်မှာ မိုးပျံဖူပေါင်းတွေ တွေ့မိလိုက်သေးတယ်။ ဒုတိယရက်မှာ ပုဂံမြို့သစ် ဟိုးဘက်အစွန်မှာရှိတဲ့ လောကနန္ဒာဘုရား ကနေစပြီး ဖူးဖြစ်တယ်။ အဲဒီကနေ မြင်းကမ္ဘာဘက်ကို ပြန်လာရင်း လမ်းကဘုရားတွေကို ဝင်ဖူးတယ်။ မနူဟာဘုရားတို့ ဂူပြောက်ကြီးတို့ ရွှေဆံတော်တို့ ဓမ္မရံကြီးတို့ စူဠာမဏိတို့ ပြဿဒ်ကြီးတို့ .. နံမည်ကြီး ဘုရား တော်တော်များများကို ရောက်ဖြစ်တယ်။ ပုဂံမှာ ထူးခြားတာက ဘုရားသမိုင်းရှင်းပြတဲ့ ကလေးလေးတွေပဲ။ သူတို့က တော်တော်လေး ဖော်ရွေတယ်။ ပြီးတော့ အတင်းအဓမ္မကြီး စိတ်အနှောက်အယှက်ဖြစ်အောင် မလုပ်ဘူး။ အေးအေးဆေးဆေးပဲ။ “ရှင်းပြပေးရမလား” မေးတယ်။ ရတယ် မလိုဘူးကလေး လို့ပြောလိုက်ရင် “ဟုတ်ကဲ့” ဆိုပြီး ပြန်သွားတယ်။ ဘုရားတွေမှာ လှူဖို့ဆိုပြီး နှစ်ရာတန်အသစ်တွေ လဲလာတော့ သူတို့ကိုတွေ့ရင် မုန့်ဖိုးပေးဖြစ်တယ်။ မနူဟာဘုရားက ရှပ်အဖြူ ယောလုံချည်အညိုလေးနဲ့ ကလေးဆိုရင် မရှင်းပြပါနဲ့ ရတယ် နှစ်ရာမုန့်ဖိုး ယူလို့ပေးတော့ ဒီဘက်မှာ လိုက်ကြည့်ပါဆိုပြီး လျောင်းတော်မူဘုရားကို ခေါ်သွားပေးတယ်။ မျက်နှာတော်ရဲ့ ထူးခြားချက်က ဘက်ဘက်ကကြည့်ရင် မဲ့နေပြီး ညာဘက်ကကြည့်ရင် ပြုံးနေတာပဲ။ သူရှင်းပြမှပဲ သေချာသတိထားမိတယ်။




နောက်ဆုံးနေ့က နေ့လယ် ၁၂နာရီမှာ အခန်းပြန်အပ်ရမှာဆိုတော့ မနက်၁၀နာရီ လောက်ထဲက အခန်းကိုအပ်လိုက်တယ်။ အထုပ်အပိုးတွေကို ဟိုတယ်မှာပဲ အပ်ခဲ့ပြီးတော့ ညောင်ဦးဘက်ခြမ်း မင်းနန်သူရွာနားက ဘုရားတွေဆီကို သွားဖြစ်တယ်။ အဲဒီဘက်က သီးသန့်လိုဖြစ်နေတော့ လူသိပ်မလာသလို ဖြစ်နေတယ်။ သမ္ဘူလဘုရားတို့ လေးမျက်နှာဘုရားတို့ပေါ့။ နောက်ပြီး ဓမ္မရာဇိက ဘုရားက အပြန် တဝဂူဘုရားလိုက်ရှာတာနဲ့ပဲ အချိန်တော်တော်ကုန်သွားတယ်။ သမန်းဘုရားနားမှာ ရှိတယ်လို့ ကြားဖူးတယ်။ သမန်းဘုရားကို ရောက်တယ်။ တစ်ဝဂူဘုရားကို ရှာမတွေ့။ အရင်က ကြားဖူးတာက ဘုရင့်သမီးတော်နဲ့ စောင်းအိုလုလင်တို့ ချစ်ကြိုက်ကြတာကို ဘုရင်ကသိတော့ သူတို့ ဘုရားထဲမှာချိန်းတွေ့နေတုန်း အပြင်ကနေ အုတ်နဲ့ အသေပိတ်ပြီး သတ်လိုက်တယ်။ လပြည့်ညဆို စောင်းသံကြားရတယ် ဘာညာပေါ့။ ကိုယ်တွေ လိုက်ရှာတာမတွေ့ နယ်ခံတွေမေးတော့လည်း ရေရေရာရာမသိကြ။ တစ်ဝဂူ ဆိုတာက အများကြီးရှိတယ်ပဲ ပြောကြတယ်။ Google မှာ ရှာကြည့်တော့ စေတီပုံတွေ့တယ်။ အဲဒါနဲ့ နေ့လည်စာဝင်စားရင် ဆိုင်ကဦးလေးကြီးကို စေတီပုံပြရင်း မေးကြည့်တော့ သူလည်းမသိ၊ သူကပဲ တစ်ဖက်ဝိုင်းက နိုင်ငံခြားသားတစ်ယောက်နဲ့အတူ ပါလာတဲ့ ဘုရားသမိုင်းရှင်းပြပေးတဲ့ အစ်ကိုကိုမေးကြည့်ပေးတယ်။ အဲဒီ အစ်ကိုက သူလည်းတိတိကျကျ မသိဘူးတဲ့။ သူလည်း အဲဒီစေတီပုံပြပြီး မေးခံရ နှစ်ခါသုံးခါရှိပြီပေါ့။ အဲဒီစေတီပုံမျိုးကတော့ ဒီတစ်ဝိုက်မှာမရှိဘူးပြောတယ်။ (ဘယ်ရှိမလဲ၊ နောက်မှသိတာ အဲဒါက မန္တလေးက တစ်ဝဂူစေတီပုံကြီး) သူရှင်းပြတာကတော့ တစ်ဝဂူဆိုတာ တရားအားထုတ်ဖို့အတွက် အသံတွေ အလင်းတွေ အနှောက်အယှက်တွေ နည်းအောင်လို့ ဝင်ပေါက်တစ်ပေါက်ထားရှိတဲ့ ဂူဘုရားကိုခေါ်တာပေါ့။ ပုံမှန်ဂူဘုရားတွေက ဝင်ပေါက်လေးပေါက်ရှိတယ်ပေါ့။ အဲဒီအချိန်ထိ လက်မလျော့သေးပဲ ဆက်ရှာကြည့်ကြသေးတယ်။ ရှာရင်းနဲ့ Google က link တွေ အကုန်လျှောက်ဖတ်ကြည့်တော့မှ သွားတွေ့တယ်။ အဲဒီ စောင်းအိုလုလင် ဇာတ်လမ်းက သတင်းစာဆရာကြီးကြေးမုံဦးသောင်းရဲ့ ဝတ္တုကြီး။ ပြီးတော့ ဂီတစာဆိုဦးကျော့မှူးရေးပြီး ဒေါ်တင်တင်မြ ဆိုတဲ့ “ပုဂံမြို့ဟောင်းတစ်နေရာ, စောင်းအိုလုလင်ဇာတ်ကြောင်းပြန်” လို့ အမည်ရတဲ့ သီချင်းလည်းရှိတယ်။ အဲ့နှစ်ခုကို ရောပြီး ပြောရင်းကနေ အချိန်ကြာလာတော့ စကားတွေကားပြီး သို့လောသို့လောနဲ့ တကယ့်ဖြစ်ရပ်မှန်လိုလို ဖြစ်ကုန်တာ။ သေချာမလေ့လာပဲ ကြားဖူးနားဝနဲ့လျှောက်လုပ်တော့ အချိန်ကုန်လူပန်းဖြစ်ကုန်ရော။ ညနေကလည်းစောင်း ဖယ်ရီကလည်း ဟိုတယ်ကို ည ၇နာရီ ကားဂိတ်ဆင်းဖို့ လာခေါ်မှာဆိုတော့ မမှီမှာစိုးတာနဲ့ ဘယ်မှဆက်မသွားတော့ပဲ ပြန်လာလိုက်တယ်။ အပြန်က JJ မရတော့ Famous ဖြစ်သွားတယ်။ တစ်ယောက်ကို ၁၁၅၀၀ကျပ်။ သူလည်း ၁၁၅မိုင်မှာ မရပ်ဘူး။ မိတ္ထီလာအကျော်က သူတို့ ကုမ္ပဏီကပိုင်တဲ့ Famous စားသောက်ဆိုင်မှာပဲရပ်တယ်။ လက်ရာတော့ အရမ်းကြီးမကောင်းဘူး။ ပုဂံကနေ ည၈နာရီထွက်လာတာ ရန်ကုန်ကို မနက် ၄နာရီကျော်ကျော်လောက်ရောက်တယ်။ Famous က ရန်ကုန်မှာပါ ဖယ်ရီရှိတယ်။ ဖယ်ရီစီးမယ်ဆိုရင် အောင်မင်္ဂလာအဝေးပြေးအထိ မလိုက်ပဲနဲ့ ပုလဲက သူတို့ဖယ်ရီဂိတ်မှာ ဆင်းရတယ်။ မြောက်ဥက္ကလာ - ကမ္ဘာအေး - ရွှေဂုံတိုင်ကနေ ဆူးလေအထိရောက်တယ်။




တကယ်တော့ ပုဂံက သုံးရက်ထဲနဲ့ ဘယ်လိုမှနှံ့အောင်သွားလို့ မရပါဘူး။ အခုက ကြားလည်း ကြားဖူးတယ် နံမည်လည်း အတော်ကြီးတဲ့ ဘုရားတွေလောက်ပဲရောက်ခဲ့တာပါ။ ပြီးတော့ အေးဆေးနေပြီး စိတ်ကြိုက်ဓာတ်ပုံရိုက်ဖို့လည်း အချိန်မရခဲ့ဘူး။ ရောက်တာနဲ့ ဘုရားကန်တော့၊ ဘုရားကို တစ်ပတ်ပတ်၊ ပြီးတာနဲ့ နောက်တစ်ဆူ ဆက်သွား။ မဟုတ်ရင်လည်း သုံးရက်ထဲနဲ့ ဒီလောက်တောင် ရောက်ခဲ့မှာမဟုတ်ဘူး။ တစ်ပတ်လောက်အချိန်ပေးပြီး နေမယ်ဆိုရင်တော့ လုံးဝနှံ့နှံ့စပ်စပ်ကြီး မဟုတ်တောင် အေးအေးလူလူနဲ့ အတိုင်းအတာတစ်ခုထိ စုံစုံလင်လင်ဖူးခွင့်ရမယ်ထင်ပါတယ်။ နောက်ပိုင်း အချိန်ပေးပြီး တစ်ခေါက်လောက်တော့ အေးအေးဆေးဆေး ထပ်သွားချင်ပါသေးတယ်။

#me #travel