24. September 2016

စကား

မြန်မာစကားတော့ မြန်မာတိုင်းနားလည်ကြတာပါပဲ။ ဒါပေမယ့် ပြောချင်သလိုပြော နားလည်ချင်သလို နားလည်ကြတာ။ ပြောတဲ့သူကလည်း တစ်ဖက်သူ နားလည်အောင် စီကာပတ်ကုံးပြောတတ်ဦးမှ။ နားထောင်တဲ့သူကလည်း ပြောတဲ့သူ ဘာကိုဆိုလိုချင်နေတာလဲ ဆိုတာကို အဓိပ္ပာယ်ကောက်တတ်ဦးမှ။ အဲလို နှစ်ဦးနှစ်ဖက် အဆင်ပြေမှ ခရီးရောက်တာ။ မဟုတ်လို့ကတော့ အလကားပဲ။ လေကုန် နားညည်းတာပဲ အဖတ်တင်တာ။ အဲလို လေကုန် နားညည်းရုံတင်ဆို တော်သေးတယ်။ အခန့်မသင့်ရင် ရန်ပါထဖြစ်နိုင်တဲ့ အခြေအနေအထိရှိတယ်။



တကယ်တမ်း စကားကို ကျွမ်းကျွမ်းကျင်ကျင် ပါးပါးနပ်နပ် ပြောတတ်ဖို့ဆိုတာ လွယ်တဲ့ကိစ္စတော့ မဟုတ်ဘူး။ တစ်ဖက်သူရဲ့ နားလည်နိုင်စွမ်းကို ခန့်မှန်းတတ်ရတယ်။ ကကြီးကနေ အ အထိ ရှင်းပြရမှာလား .. အရိပ်အမြွက်လောက်ပဲ ပြောရမှာလား .. ပေါ့။ ကိုယ်ပြောနေတာက တစ်ယောက်စ .. နှစ်ယောက်စ .. နဲ့ဆို တော်သေးတယ်။ လူရှေ့သူရှေ့ စင်ပေါ်တက်ပြောရတာဆို ပြီးရောပဲ။ လူအများနားလည်အောင် ကြားချပြီး ပြောရတာက ပိုပြီး မလွယ်ဘူး။ ခက်တာက အဲလိုပြောတတ်တဲ့သူတွေထဲမှာ ကိုယ်မပါတာပဲ။ အကြောင်းအရာတစ်ခုကို စီကာပတ်ကုံးကို မပြောတတ်တာ။ တအား ရယ်ရတဲ့ ဟာသတစ်ပုဒ်ကိုတောင် ကိုယ်ပြန်ပြောပြလိုက်ရင် ပျက်ရောပဲ။ နောက်တစ်ခုက တစ်ဖက်သူရဲ့ နားလည်နိုင်စွမ်းကို ကိုယ်နဲ့ တန်းတူ သဘောထားမိတာ။ ကိုယ်နားလည်သလိုပဲ ပြောချလိုက်မိတာ။ အဲဒီအကျင့်ကို ခုထိကြိုးစားပြင်နေရတုန်းပဲ။



အဲတော့ များသောအားဖြင့် ကြုံရတာကတော့ ကိုယ်ပြောလိုက်ရင် တဖက်သူက တမျိုးနားလည်သွားတတ်တာပဲ။ ကိုယ်ပြောချင်တာက ရိုးရိုးလေးရယ်။ သူတို့အတွေးထဲကျ အဆန်းတကြယ်။ တစ်ခါတလေကျ ကိုယ်က စေတနာနဲ့ပြောပေမယ့် သူတို့စိတ်ထဲကျ မကောင်းပြောတယ် ထင်တယ်။ ကိုယ်က ဘာရယ်မဟုတ် ပေါ့ပေါ့ပါးပါးလေး တွေးပြီးပြောလိုက်တဲ့ အခါကျတော့လည်း သူတို့က အလေးအနက်ကြီး ခံစားနေကြပြန်ရော။ အဲလိုမျိုးက အားလုံးလားဆိုတော့လည်း မဟုတ်ဘူး။ ကိုယ်ဘာပဲပြောပြော .. ဘယ်လောက်ပဲ အကွက်ကျော်ပြီးပြောပြော .. နားလည်တဲ့သူတွေကလည်း သတ်သတ်ရှိတယ်။ အဲလိုကောင်တွေရှိလို့လည်း ဒီလို အူကြောင်ကြား ဖြစ်နေတာလည်း ပါတယ်။



ပွင့်ပွင့်လင်းလင်းပြောရရင် ခုချိန်ထိ စကားကောင်းကောင်း မပြောတတ်သေးဘူး ဆိုရမယ် ။ မလိုအပ်ရင် တတ်နိုင်သမျှ မပြောပဲနေတာက အန္တရာယ်ကင်းတယ် ဆိုပေမယ့် အမြဲမပြောပဲနေလို့ရတာမှ မဟုတ်ပဲ။ ဒီတော့ စကားပြောကောင်းတာ မကောင်းတာ အပထား။ ကိုယ့်ဆိုလိုရင်းကို တဖက်သူနားလည်တယ်ဆိုရင်ပဲ အတော်ဟုတ်ပြီ ဆိုရမယ်။



ဘာပဲဖြစ်ဖြစ် အဲလောက်ပြောတတ်အောင်တော့ ကျင့်ဦးမှပါပဲ။

#me #thought